Healthy Life Ad
Men

ရှင်းပြပါဆရာ . . . (၈) ဆိုးသွမ်းလူငယ် အပိုင်း(၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

လက်ဖက်ရည်သောက်ဖို့ အနားယူချိန်ပြီးဆုံးတော့ ကျောင်းဆရာ၊ ဆရာမတွေအတွက် စိတ်ကျန်းမာရေး ပညာပေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပပါတယ်။

“အပြုအမူ ဆိုးသွမ်းဝေဒနာ (Conduct Disorder)ရှိတဲ့ ကျောင်းသားကို ကျောင်းဆရာ၊ ဆရာမက ဘယ်လိုကူညီနိုင်ပါသလဲ”လို့ ကျောင်းဆရာမ ဒေါ်အေက စတင်မေးမြန်းပါတယ်။

စာရေးသူက မေးခွန်းကို တိုက်ရိုက်မဖြေကြားသေးဘဲ ဆေးပညာအမြင်တစ်ခုကို ပြောပြပါတယ်။

“ဆေးပညာမှာ ရောဂါကိုကာကွယ်တာက ရောဂါကိုကုသတာထက် ပိုမိုအကျိုးရှိတယ်လို့ ပြောထုံး၊ ဆိုထုံးရှိတယ်။ ဒါကြောင့် ကျောင်းသားလူငယ်တွေမှာ အပြုအမူဆိုးသွမ်းဝေဒနာ ဖြစ်ပွားမှုလျော့နည်းအောင် ဘယ်လို ကာကွယ်နိုင်သလဲဆိုတာကို စတင်ဆွေးနွေးသင့်ပါတယ်”

ကျောင်းဆရာ ဦးဘီက လက်ထောင်ပြပြီး ဆင်ခြေတက်ပါတယ်။

“အပြုအမူဆိုးသွမ်းဝေဒနာ ဖြစ်ပေါ်ရတဲ့အကြောင်းရင်းကိုသိမှ ဘယ်လိုကာကွယ်ရမယ်ဆိုတာကို စဉ်းစားလို့ရမယ် ထင်ပါတယ်။ အပြုအမူဆိုးသွမ်းဝေဒနာ ဖြစ်ပွားနိုင်တဲ့ အကြောင်းရင်းတွေကို လေ့လာထားတာ ရှိပါသလား”

ကျောင်းဆရာ ဦးဘီရဲ့ မေးခွန်းကို စာရေးသူက အသိအမှတ်ပြုပြီး ရှင်းပြပါတယ်။

“အသက် ၁၀ နှစ်အောက်အရွယ်က စတင်ဖြစ်ပွားတဲ့ အပြုအမူဆိုးသွမ်းဝေဒနာဟာ မျိုးရိုးဗီဇနဲ့ ပိုမိုသက်ဆိုင်ပါတယ်။ ဥပဒေချိုးဖောက်ကိုယ်ရည်ကိုယ်သွေး ဒါမှမဟုတ် လူဆိုးလူမိုက် ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းခြင်းရှိတဲ့ မိဘနဲ့ကြီးပြင်းလာရတဲ့ ကလေးတွေထဲမှာ အပြုအမူဆိုးသွမ်းဝေဒနာ ဖြစ်ပွားနှုန်းများပြားကြောင်း တွေ့ရှိရတယ်”

“အတုမြင်လို့ အတတ်သင်တာ မဖြစ်နိုင်ဘူးလား ဆရာ”လို့ ကျောင်းဆရာမ ဒေါ်အေက ချေပပြောသလို မေးခွန်းထုတ်ပါတယ်။

မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်လို့ ရေရေလည်လည် ရှင်းပြဖို့လိုပါတယ်။

“ဆရာမဒေါ်အေပြောတာ မှန်ပါတယ်။ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်လွှမ်းမိုးမှု နှစ်မျိုးစလုံး အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။ သစ်စေ့က မျိုးကောင်းပေမယ့် မြေဆီလွှာညံ့ဖျင်းပြီး ရေလုံလုံလောက်လောက်မရရှိရင် အဲဒီသစ်စေ့က သစ်ပင်မျိုးကောင်းဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ ရေမြေသဘာဝကောင်းမွန်တဲ့ နေရာဒေသမှာ အမျိုးညံ့တဲ့သစ်စေ့ကို စိုက်ပျိုးရင်လည်း သစ်ပင်မျိုးကောင်း မရှိနိုင်ပါဘူး။ အဲဒီသဘောပါပဲ” စာရေးသူ စကားဆုံးတော့ ကျောင်းဆရာမဒေါ်စီက လက်ထောင်ပြပြီး မေးမြန်းပါတယ်။

“အပြုအမူဆိုးသွမ်းဝေဒနာ ဖြစ်ပွားစေတဲ့ ပတ်ဝန်းကျင်အကြောင်းရင်းတွေကို ပြောပြပါ”

စာရေးသူက ဆက်လက်ဆွေးနွေးပါတယ်။

“အပြုအမူဆိုးရွားဝေဒနာဖြစ်ပွားစေတဲ့ ပတ်ဝန်းကျင်အကြောင်းရင်းကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်းနဲ့ လူမှုပတ်ဝန်းကျင်အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းထဲမှာ သန္ဓေသားဘဝနဲ့ ကလေးငယ်စဉ်ဘဝမှာ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ အတွေ့အကြုံတွေက အရေးကြီးပါတယ်။ ဥပမာ-ကိုယ်ဝန်ဆောင်မိခင် အရက်စွဲရောဂါရရှိတာ၊ ကလေးငယ်စဉ်ဘဝမှာ အကြောင်းတစ်ခုခုကြောင့် ဦးနှောက်ဒဏ်ရာရရှိတာတို့ ဖြစ်ပါတယ်”

ဆရာမဒေါ်အေက ကြားဖြတ်မေးပါတယ်။ “အဲဒီလိုကလေးတွေမှာ ဦးနှောက်ပျက်လို့ ဉာဏ်ထိုင်းလာနိုင်တယ်မဟုတ်ဘူးလား ဆရာ”

“ဦးနှောက်ဒဏ်ရာရလို့ ဉာဏ်ထိုင်းလာတာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဦးနှောက်ဒဏ်ရာရလို့ “ဉာဏ်မထိုင်း” ဘဲ “စိတ်ခံစားမှုရိုင်း”လာတာလည်း ရှိပါတယ်။ အသိဉာဏ်က စိတ်ခံစားမှုကိုထိန်းချုပ်တဲ့ ဦးနှောက်ပိုင်း၊ ကိုယ်ချင်းစာစိတ်ဖြစ်ပေါ်စေတဲ့ ဦးနှောက်ပိုင်း၊ တခြားသူရဲ့ စိတ်ခံစားမှုကို “မျက်နှာကဲခတ်”ရာမှာ ပါဝင်ပတ်သက်တဲ့ ဦးနှောက်ပိုင်းတွေရှိပါတယ်။ အဲဒီဦးနှောက်ပိုင်းတွေဒဏ်ထိပြီး ဖွံ့ဖြိုးတိုးတက်မှုအားနည်းလာရင် အပြုအမူဆိုးသွမ်းဝေဒနာဖြစ်ပွားနိုင်ပါတယ်”

မိဘဒါမှမဟုတ် အတူနေမိသားစုဝင်ထဲမှာ စိတ်ရောဂါရှိတာ၊ အရက်စွဲဆေးစွဲရောဂါရှိတာ၊ အကြမ်းဖက်တဲ့ အပြုအမူရှိတာ၊ မိဘအချင်းချင်း မကြာခဏ ခိုက်ရန်ဖြစ်ပွားတာ စတဲ့မိသားစုပတ်ဝန်းကျင်ကြောင့် သားသမီးမှာ ဆိုးသွမ်းတဲ့အပြုအမူတွေပေါ် ပေါက်လာနိုင်ပါတယ်။ ငယ်စဉ်က ရိုက်နှက်ညှင်းပန်းနှိပ်စက်တာခံရတဲ့ ကလေးအရွယ်ရောက်လာရင် လူဆိုးလူမိုက်ဖြစ်လာတတ်တယ် . . .

“မိသားစုပတ်ဝန်းကျင်ကြောင့် အပြုအမူဆိုးသွမ်းဝေဒနာ ဖြစ်ပွားနိုင်တဲ့အကြောင်းရင်းတွေ ရှိပါတယ်။ မိဘ ဒါမှမဟုတ် အတူနေမိသားစုဝင်ထဲမှာ စိတ်ရောဂါရှိတာ၊ အရက်စွဲဆေးစွဲရောဂါရှိတာ၊ အကြမ်းဖက်တဲ့အပြုအမူရှိတာ၊ မိဘအချင်းချင်း မကြာခဏ ခိုက်ရန်ဖြစ်ပွားတာ စတဲ့ မိသားစုပတ်ဝန်းကျင်ကြောင့် သားသမီးမှာဆိုးသွမ်းတဲ့ အပြုအမူတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ငယ်စဉ်က ရိုက်နှက်ညှင်းပန်း နှိပ်စက်တာခံရတဲ့ကလေး အရွယ်ရောက်လာရင် လူဆိုးလူမိုက် ဖြစ်လာတတ်တယ်။ မိဘကိုယ်တိုင်က စည်းမျဉ်းဥပဒေကို ချိုးဖောက်ရင်၊ မိဘက သားသမီးကို စည်းကမ်းထိန်းမပေးရင် ဒါမှမဟုတ် မိဘရဲ့ စိတ်ခံစားမှုအခြေအနေပေါ်မူတည်ပြီး စည်းကမ်းပြောင်းလဲလွယ်တာရှိရင် သားသမီးက စည်းပျက်ကမ်းပျက် ဖြစ်လာနိုင်ပါတယ်။

ကလေးသူငယ်နေထိုင်တဲ့ ရက်ကွက်ပတ်ဝန်းကျင်ကိုလည်း ထည့်တွက်ရမယ်။ ဆိုးသွမ်းလူငယ်များပြားတဲ့ ရပ်ကွက်မှာနေထိုင်ရရင် အပေါင်းအသင်းမှားတတ်ပါတယ်။ တခြားဆိုးသွမ်းလူငယ်တွေ (PEER Group) ရဲ့ လွှမ်းမိုးမှုကိုခံရမယ်”

စာရေးသူ ခေတ္တရပ်နားလိုက်ချိန်မှာ တစ်ချိန်လုံး လက်ကိုင်ဖုန်းကို ပွတ်သက်အလုပ်ရှုပ်နေတဲ့ ကျောင်းဆရာဦးဒီ ပါဝင်ဆွေးနွေးလာပါတယ်။

“ဆရာ အခုပြောခဲ့တာတွေက ကျောင်းပတ်ဝန်းကျင်ကြောင့် အပြုအမူဆိုးသွမ်းဝေဒနာ ဖြစ်ပွားရတဲ့ အကြောင်းရင်းမှမဟုတ်ဘဲ၊ ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ စာသင်ခန်းထဲမှာ သတိပြုသင့်တဲ့အချက်တွေကို သိချင်ပါတယ်”

ဆီလျော်တဲ့မေးခွန်းဖြစ်ပါတယ်။ ကျောင်းဆရာ ဦးဒီကို လေးစားတဲ့အကြည့်နဲ့ လှမ်းကြည့်လိုက်ပြီး စာရေးသူက ကျယ်ကျယ်ပြန့်ပြန့်ရှင်းပြပါတယ်။

“ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ အတန်းထဲမှာ ကူညီဆောင်ရွက်ပေးနိုင်တာ သုံးမျိုးရှိပါတယ်။

(က) အတန်းထဲမှာ ကျောင်းသားတွေ ငြီးငွေ့စေတဲ့၊ အာရုံပျက်ပြားစေတဲ့ အချက်အလက်တွေရှိရင် ဖယ်ရှားပေးနိုင်ပါတယ်။ ဥပမာ-ဆရာ စာသင်ကြားပုံက ငြီးငွေ့စရာဖြစ်နေတာ၊ စာသင်ကြားပုံကို ကျောင်းသားက နှစ်ခြိုက်မှုမရှိတာ၊ သင်ရိုးညွှန်းတမ်းက ကျောင်းသားအတွက် ခက်ခဲလွန်းတာ၊ အတန်းထဲမှာ ကျောင်းသားဦးရေ များပြားတာ၊ နေရာထိုင်ခင်း အဆင်မပြေတာ၊ ကျောင်းပတ်ဝန်းကျင်က ဝင်လာတဲ့ ကားသံ၊ စက်သံတွေက ဆူညံနေတာ၊ စာသင်ခန်းထဲမှာ အပူအအေး မမျှတတာ စတဲ့အချက်အလက်တွေ ဖြစ်ပါတယ်။ အဲဒီလို အနှောင့်အယှက်တွေက ကျောင်းသားရဲ့ စာသင်ခန်းအတွင်း အပြုအမူကို လွှမ်းမိုးနိုင်ပါတယ်”

ကျောင်းဆရာမဒေါ်အေက ကျောင်းအုပ်ဆရာမကြီးကို လှမ်းကြည့်လိုက်ပြီး အတွန့်တက်ပြောပါတယ်။ “ကျောင်းဆရာနဲ့ ကျောင်းသားဦးရေ မမျှတတာ၊ စာသင်ခန်းထဲမှာ ထိုင်ခုံပစ္စည်းကိရိယာ မပြည့်စုံတာမျိုးက ကျောင်းအုပ်ချုပ်ရေးရဲ့ တာဝန်မဟုတ်ဘူးလား ဆရာ”

ကျောင်းတွင်းနိုင်ငံရေးကိစ္စမှာ စိတ်မဝင်စားတဲ့အမူအရာနဲ့ စာရေးသူက ပြောလက်စစကားကို ဆက်လက်ပြောကြားပါတယ်။ “အတန်းပိုင်ဆရာ၊ ဆရာမတွေ ဆောင်ရွက်ပေးနိုင်တဲ့ ဒုတိယအချက်ရှိပါတယ်။ (ခ) ဆိုးသွမ်းတဲ့အပြုအမူကို စတင်ဖြစ်ပွားစေတဲ့ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးချို့ယွင်းချက်တွေ ကျောင်းသားမှာ ရှိ၊ မရှိ ကြည့်ရှုလေ့လာဖော်ထုတ်ပေးနိုင်ပါတယ်။ ဥပမာ-နားလေးတာ၊ မျက်စိမှုန်တာ၊ အနည်းငယ်ဉာဏ်ထိုင်းတာ၊ ဉာဏ်မထိုင်းပေမယ့် “သင်ယူတတ်မြောက်နိုင်မှု ချို့ယွင်းဝေဒနာ” (Learning Disorder) ရှိတာ၊ စိုးရိမ်သောကလွန်ကဲတာ၊ အာရုံစိုက်မှုချို့ယွင်းလှုပ်ရှားမှုလွန်ကဲဝေဒနာရှိတာ စတာတွေဖြစ်ပါတယ်။ အဲဒီလို ချို့ယွင်းချက်မျိုး တစ်ခုခုခံစားနေရတဲ့ ကျောင်းသားကို လက်ဦးအောင် ဖော်ထုတ်မပေးနိုင်ရင် ကျောင်းသားမှာ ဆိုးသွမ်းတဲ့အပြုအမူတွေ ပေါ်ပေါက်လာပါလိမ့်မယ်”

စာရေးသူ အာခေါင်ခြောက်လာလို့ ရေတစ်ကျိုက်သောက်နေချိန်မှာ ကျောင်းဆရာမ ဒေါ်စီက သူရဲ့ပြဿနာကို တင်ပြပါတယ်။

“ကျွန်မအတန်းထဲမှာ ကျောင်းသားကျောင်းသူတွေကို အနှောင့်အယှက်ပေးနေတဲ့ ဆိုးသွမ်းကျောင်းသား တစ်ယောက်ရှိပါတယ်။ အဲဒီကျောင်သားကို ကျွန်မဘယ်လိုကိုင်တွယ်ရမလဲ ဆရာ”

စာရေးသူက ကျောင်းဆရာမကြီးကို တစေ့တစောင်းကြည့်ပြီး အဖြေပေးပါတယ်။

“အဲဒီလိုကျောင်းသားမျိုးကို လက်ဦးအောင်ဖော်ထုတ်ပြီး ကျောင်းကျန်းမာရေးဝန်ထမ်းတစ်ဦးဦးနဲ့ စမ်းသပ်စစ်ဆေးဖို့ စီစဉ်ပေးနိုင်ပါတယ်။ အလွန့်အလွန်ဆိုးသွမ်းလာတဲ့ ကျောင်းသားကို ကျောင်းကထုတ်ပယ်ပစ်နိုင်တဲ့ စည်းမျဉ်းဥပဒေရှိပါတယ်။

အတန်းထဲမှာ ကျောင်းဆရာ၊ ဆရာမက ပြုပြင်ပေးနိုင်တဲ့ လုပ်နည်းလုပ်ဟန်လည်းရှိပါတယ်။ အဲဒါ ကျွန်တော်ပြောချင်တဲ့ တတိယအချက်ဖြစ်တယ်။

(ဂ) ဆိုးသွမ်းလူငယ်ကျောင်းသားကို ပြုပြင်ပေးတဲ့နည်းကို ‘R အက္ခရာလေးလုံးနည်း’ (Four Rs) လို့ခေါ်ပါတယ်။ လုပ်နည်းလုပ်ဟန်တွေကို ရှင်းပြပါမယ်။

(၁) အခွင့်အရေးဖယ်ရှားခြင်း (Removal)။ ဥပမာ ဆိုးသွမ်းတဲ့ ကျောင်းသားကိုဒဏ်ပေးတဲ့အနေနဲ့ အခန်းထောင့်မှာ ထိုင်နေစေခြင်း။ ကျောင်းဆင်းချိန်မှာ စာသင်ခန်းထဲက ထွက်ခွင့်မပေးသေးဘဲ အချိန်ပိုနေခိုင်းခြင်း။ (၂)အတန်းရှေ့မှာ အပြစ်တင်ခြင်း (Reprimand)။ ဥပမာ-အတန်းထဲက ကျောင်းသားကျောင်းသူတွေရှေ့မှာ ဆိုးသွမ်းလူငယ်ပစ်မှားတဲ့ အပြုအမူကို ထုတ်ဖော်ပြောခြင်း။ (၃) လျော်ကြေးပေးစေခြင်း (Reparation) ဥပမာ-ဆိုးသွမ်းလူငယ်ကျောင်းသား ဖျက်ဆီးတဲ့ပစ္စည်းအတွက် မိဘကိုအသိပေးပြီး လျော်ကြေးတောင်းခြင်း။ (၄) ဝန်ခံစကားပြောစေခြင်း (Recantation) ဥပမာ-အတန်းပိုင်ဆရာနဲ့ အတန်းသားသူငယ်ချင်းတွေရှေ့မှာ မိမိအမှားကို ဝန်ချတောင်းပန်စကားပြောစေခြင်း။ အမှားကိုပြုပြင်ဖို့ ဂတိဝန်တာခံယူစေခြင်းတို့ ဖြစ်ပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top