Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၆) စိတ်ရောဂါက ကူးစက်တတ်သလား

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး – အငြိမ်းစား)

စာရေးသူ ကုသခဲ့တဲ့ လူနာတွေ၊ လူနာရဲ့မိသားစုဝင်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ၊ စိတ်ကျန်းမာရေး သင်တန်းသားတွေနဲ့ စိတ်ကျန်းမာရေးဝန်ထမ်းတွေက သူတို့သိချင်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို မေးမြန်းလေ့ရှိပါတယ်။ အဲဒီအတွေ့အကြုံတွေကို ပြန်လည်စဉ်းစားပြီး “ရှင်းပြပါဆရာ”ဆောင်းပါးစဉ်ကို ဆက်လက်ရေးသားလိုက်ပါတယ်။ အခုတစ်ပတ်မှာ “စိတ်ရောဂါက ကူးစက်တတ်သလား”လို့ မိတ်ဆွေတစ်ဦးက မေးမြန်းလာပါတယ်။

အဲဒီမေးခွန်းကိုမေးတဲ့ သူငယ်ချင်း ကိုတာကို စာရေးသူက ပြန်လည်မေးမြန်းပါတယ်။

“ကိုတာ ဒီလိုမေးခွန်းမျိုးမေးဖို့ ဘယ်လိုအကြောင်းပေါ်လာလို့လဲ”

ကိုတာက သူသတင်းစာထဲမှာ ဖတ်လိုက်ရတဲ့ သတင်းထူးတစ်ခုကို ပြောပြပါတယ်။

“သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ ဦးတီနဲ့ ဒေါ်တီတို့လင်မယား အိမ်ကနေ ပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်းကို ခင်ဗျားဖတ်ရသလား။ ထူးဆန်းတာက သူတို့အပျော်ခရီးထွက်သွားတာ မဟုတ်ဘူး။ မိုဘိုင်းဖုန်း၊ ဘဏ်ကတ်ပြား စတဲ့ ပစ္စည်းတွေကို သူတို့အိမ်မှာ ချန်ထားခဲ့တယ်တဲ့။ လမ်းမှာသုံးဖို့ ငွေစက္ကူအမြောက်အများကိုသာ ထုတ်ယူသွားတယ်”

စာရေးသူက ကြားဖြတ်မေးပါတယ်။

“ဘာကြောင့် ဒီလိုပြုလုပ်တာတဲ့လဲ”

ကိုတာက ဆက်ပြီးပြောတယ်။

“သတင်းစာထဲမှာ ဖော်ပြထားတာကတော့ သူတို့ကို လူတွေကခြေရာခံပြီး မလိုက်နိုင်အောင်တဲ့။ အစဖျောက်ထားတဲ့ သဘောပေါ့ဗျာ။ အဲဒါ သူတို့ကို ပြန်တွေ့မှ သိရတာပါ”

စာရေးသူက “ဘယ်လို ပြန်တွေ့သတဲ့လဲ”လို့ မေးတော့ ကိုတာက သူ့သတင်းစာထဲမှာ ဖတ်ရတာကို ဆက်လက်ပြောပြပါတယ်။ “ရက်သတ္တပတ်နှစ်ပတ်လောက်ကြာမှ ပြန်တွေ့တယ်။ တစ်ယောက်တစ်မြို့စီ ရောက်နေကြတယ်တဲ့။ ဒေါ်တီက ဈေးတန်းတစ်ခုထဲမှာ ကြောင်တောင်တောင် အကြာကြီးရပ်နေလို့ ရဲကစစ်ဆေးပြီး ဆေးရုံပို့လိုက်တယ်။ နှစ်ရက်လောက်ကြာတော့ ဦးတီကိုရှာတွေ့တယ်။ သူက အဝေးပြေးကားလမ်းမကြီးပေါ်မှာ မော်တော်ကားရပ်ပြီး ကားထဲမှာ ပုန်းအောင်းနေတယ်တဲ့။ မော်တော်ယာဉ်ရဲကစစ်ဆေးပြီး ဦးတီကို ဆေးရုံပို့လိုက်ကြတယ်။ ဦးတီနဲ့ ဒေါ်တီကို စိတ်ကျန်းမာရေးဆေးကုသဆောင်မှာ စစ်ဆေးကုသပေးတယ်တဲ့။ သူတို့ပြောတာက “သူတို့ကို သတ်ဖြတ်ဖို့ စီစဉ်နေတဲ့ လူတွေရှိလို့ ရှောင်ပြေးကြတာ၊ အသက်ဘေးကလွတ်အောင် ပုန်းနေတာ၊ အဲဒါ ဘယ်လိုစိတ်ရောဂါဖြစ်နိုင်သလဲ ကိုအုန်းကျော်”

ကိုတာက သူ့စကားကို မေးခွန်းနဲ့ အဆုံးသတ်လိုက်ပါတယ်။ အနည်းငယ် အချိန်ယူစဉ်းစားပြီး စာရေးသူက အကျယ်တဝင့် ဖြေကြားပေးတယ်။

“သူတို့ကို ရန်မူချင်တဲ့ လူတွေရှိတယ်။ သူတို့ကို သတ်ဖို့အစီအစဉ် လုပ်နေကြတယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်ပုံရပါတယ်။ ဒါကြောင့် သူတို့ဟာ ‘မယုံသင်္ကာစိတ်လွန်ကဲ’ တဲ့ ရောဂါလက္ခဏာ (Paranoid Delusion) ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ ဒီလို ယုံကြည်မှုမှားယွင်းတဲ့ လက္ခဏာကို စိတ်ကစဉ့်ကလျား စိတ္တဇရောဂါနဲ့ ယုံကြည်မှုမှားယွင်း စိတ္တဇရောဂါ (Delusional Disorder)မှာ တွေ့ရှိရပါတယ်။ ဘယ်သူက ရောဂါစတင်ရရှိလာသလဲဆိုတာတော့ ကျွန်တော်ခန့်မှန်းမပြောနိုင်ဘူး။ အတူနေ အိမ်သားတစ်ဦးမှာ အဲဒီလို စွဲမြဲတဲ့ယုံကြည်မှု အမှားရှိလာရင် ကျန်အိမ်သားတစ်ဦးကို တဖြည်းဖြည်းလွှမ်းမိုးလာတာရှိပါတယ်။ ကြာလာတော့ လွှမ်းမိုးခံရတဲ့ အိမ်သားရဲ့စိတ်ထဲမှာ အတွေးမှားတွေကို အမှန်တကယ် ဖြစ်သလိုလက်ခံလာပါတယ်။ ခုနကပြောခဲ့တဲ့ “မယုံသင်္ကာစိတ်လွန်ကဲ”တဲ့ ရောဂါလက္ခဏာရရှိလာတာပေါ့။ စိတ်ကျန်းမာရေးဆေးပညာမှာ “နှစ်ဦးပြိုင်တူ ရူးသွပ်ခြင်း” (Folie a’ deux) ဒါမှမဟုတ် “ခွဲဝေခံစား စိတ္တဇရောဂါ” (Shared Psychosis)လို့ ခေါ်ပါတယ်”

ဒီတော့ ကိုတာက သူနားလည်သလို မှတ်ချက်ချပါတယ်။

“စိတ်ရောဂါက ကူးစက်တတ်တာပေါ့”

စာရေးသူက ဆက်လက်ရှင်းပြရတယ်။

“ရောဂါပိုးကြောင့် ကူးစက်တဲ့ ကူးစက်နည်းမျိုးတော့မဟုတ်ဘူး။ ရောဂါရှိသူက ကျန်အိမ်သားတစ်ဦးကို စိတ်ဓာတ်အားနဲ့လွှမ်းမိုးလို့ ကူးစက်သွားတာပါ။ ခွဲဝေခံစားစိတ္တဇရောဂါက လူထုထဲမှာ ဖြစ်ပွားမှုနှုန်းများပြားတဲ့ ရောဂါတော့မဟုတ်ဘူး။ ရောဂါဖြစ်ပွားမှုနှုန်းကို လေ့လာထားတာလည်း မတွေ့ရပါဘူး။ ခင်ဗျားပြောပြတဲ့ ဦးတီလင်မယားလို တစ်ခါတစ်ရံ ဆေးပညာဂျာနယ်တွေထဲမှာ ဖော်ပြတာတော့ရှိတယ်။ ခွဲဝေခံစားစိတ္တဇရောဂါက နာတာရှည်ရောဂါဖြစ်တယ်။ ရောဂါစတင်ရရှိသူက ရောဂါခွဲဝေခံစားရသူအပေါ်မှာ လွှမ်းမိုးနိုင်သူဖြစ်တယ်။ ရောဂါခွဲဝေခံစားရသူက မူလရောဂါရှင်ထက်ဉာဏ်အဆင့်နိမ့်တယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှု နည်းပါးတတ်တယ်။ သူတစ်ပါး လိမ်ညာလှည့်ဖျားပြောတာကို အလွယ်တကူယုံကြည်တတ်သူမျိုးဖြစ်ပါတယ်။ အခု ကျွန်တော်ပြောခဲ့တဲ့ ခွဲဝေခံစားစိတ္တဇရောဂါက နာတာရှည်ရောဂါဖြစ်ပြီး အတူနေထိုင်တဲ့ မိသားစုအချင်းချင်း ကူးစက်တဲ့ရောဂါမျိုးပါ။ ရပ်ကွက်ထဲမှာ တစ်ဦးနဲ့တစ်ဦးကူးစက်တတ်တဲ့ အပြင်းစားစိတ်ရောဂါလည်း ရှိသေးတယ်ဗျ”

“ပြောပြပါဆရာကြီး”လို့ ကိုတာက သိချင်ဇောနဲ့ တောင်းဆိုတယ်။

အရင် ရေးသားခဲ့ဖူးတဲ့ဆောင်းပါးတစ်ပုဒ်ကို ပြန်လည်စဉ်းစားပြီး စာရေးသူက ရှင်းပြပါတယ်။

“ခင်ဗျား Healthy Life ဂျာနယ်ကို ဖတ်လေ့ရှိတယ်မဟုတ်လား။ အဲဒီဂျာနယ်တစ်စောင်ထဲမှာ “အုပ်စုလိုက်ဖြစ်ပွားတဲ့ ဟစ်တီးရီးယားရောဂါ” (Mass Hysteria)အကြောင်းကို ကျွန်တော်ရေးသားဖူးတယ်။ အတိုချုံးပြီးပြောပြမယ်။ ရပ်ကွက်ထဲမှာ ကြောက်ရွံ့ထိတ်လန့်စရာ ကောလဟလသတင်းတစ်ခုက စတင်တတ်ပါတယ်။ ဥပမာ-လူတွေ စုန်းပြုစားတာ ခံနေရတယ်။ ရွာထဲမှာ မကောင်းဆိုးဝါးဝင်နေတယ်။ သောက်ရေထဲမှာ အဆိပ်ခတ်ထားတယ်တဲ့ . . စသဖြင့်ပေါ့ဗျာ။ အဲဒီလိုအခြေအနေမှာ စိတ်ဖိစီးမှုခံစားနေရသူတစ်ဦးဦးမှာ ဟစ်တီးရီးယားရောဂါ စတင်ဖြစ်ပေါ်လာတယ်။ အတက်ရောဂါရသလို အပမှီသလိုခံစားလာရတယ်။

ဒါမှမဟုတ် စကားမပြောနိုင်တာ၊ ခြေလက်ထုံကျဉ်တာ၊ ခြေလက်တုန်တုန်ယင်ယင်ဖြစ်တာ၊ လေဖြတ်ခံရသလို ခြေလက်သေတာ စတဲ့ လက္ခဏာတွေဖြစ်ပွားလာမယ်။ အဲဒီလို ရောဂါခံစားနေရတာကို တခြားသူတစ်ဦးဦးက တွေ့မြင်ရရင် အဲဒီလူမှာလည်း အလားတူရောဂါ ဗြုန်းကနဲ ဖြစ်ပွားလာတယ်။ ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက် ဟစ်တီးရီးယားရောဂါရရှိလာတယ်။ စာသင်ကျောင်း၊ စက်ရုံအလုပ်ရုံစတဲ့ လူစုလူဝေးများတဲ့ နေရာတွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။ အုပ်စုလိုက်ဖြစ်ပွားတဲ့ ဟစ်တီးရီးယားရောဂါကလည်း တစ်ဦးကတစ်ဦးကို လွှမ်းမိုးလို့ဖြစ်တာပါ။ စာသင်ကျောင်းမှာဖြစ်ပွားရင် အတန်းကြီး အသက်ကြီးတဲ့ကျောင်းသူက စတင်ဖြစ်ပွားပြီး အတန်းငယ် အသက်ငယ်တဲ့ကျောင်းသူတွေကို ကူးစက်သွားတာတွေ့ရှိရတယ်”

“အုပ်စုလိုက်ဖြစ်တဲ့ ဟစ်တီးရီးယားရောဂါဟာ အမျိုးသမီးတွေထဲမှာ အဖြစ်များတယ်မဟုတ်ဘူးလား”လို့ ကိုတာက ကြားဖြတ်မေးတယ်။

“မှန်ပါတယ် ကိုတာ။ ဒါပေမဲ့ ယောကျာ်းတွေမှာ အဖြစ်များပြီး ကူးစက်တတ်တဲ့ စိတ်ရောဂါတစ်ခုရှိသေးတယ်”လို့ စာရေးသူက ဖြည့်စွက်ပြောပါတယ်။

တိုနာရောဂါက အာရှတိုက်နိုင်ငံတွေမှာဖြစ်ပွားတဲ့ ‘ရိုးရာယဉ်ကျေးမှုနဲ့ဆက်နွှယ်တဲ့ စိတ်ရောဂါ’ (Culture-bound Syndrome) တစ်မျိုးဖြစ်တယ်။ လိင်တံကျုံ့ဝင်နေတယ်လို့ ဝေဒနာရှင်ခံစားနေရတယ်။ ယုံကြည်သလိုလည်းရှိတယ်။ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေတယ်။ လိင်တံ ဝမ်းဗိုက်ထဲအထိ ကျုံ့ဝင်သွားရင် သေနိုင်တယ်လို့လည်း ထင်မြင်ယူဆနေတယ်။

“အဲဒီရောဂါကတော့ “တိုနာ” (Koro) ရောဂါပါ။ တိုနာရောဂါက အာရှတိုက်နိုင်ငံတွေမှာဖြစ်ပွားတဲ့ “ရိုးရာယဉ်ကျေးမှုနဲ့ဆက်နွှယ်တဲ့ စိတ်ရောဂါ” (Culture-bound Syndrome) တစ်မျိုးဖြစ်တယ်။ လိင်တံကျုံ့ဝင်နေတယ်လို့ ဝေဒနာရှင် ခံစားနေရတယ်။ ယုံကြည်သလိုလည်းရှိတယ်။ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေတယ်။ လိင်တံဝမ်းဗိုက်ထဲအထိ ကျုံ့ဝင်သွားရင်သေနိုင်တယ်လို့လည်း ထင်မြင်ယူဆနေတယ်။ လိင်တံဝမ်းဗိုက်ထဲ ဝင်မသွားအောင် လက်နဲ့အတင်းဆုပ်ကိုင်ထားတာ၊ ကြိုးနဲ့ ချည်နှောင်ထားတာစတဲ့ အပြုအမူတွေကိုလည်း တွေ့ရှိရတယ်”

ကိုတာက ကြားဖြတ်မေးပါတယ်။

“တိုနာရောဂါ ကူးစက်ပြန့်ပွားတတ်တဲ့ အထောက်အထားရှိလို့လား”

“ရှိပါတယ် ကိုတာ။ အုပ်စုလိုက်ဖြစ်တဲ့ ဟစ်တီးရီးယားရောဂါလိုပါပဲ။ ရပ်ကွက်ထဲမှာ ထိတ်လန့်စရာ ကောလာဟလသတင်းတွေ ပျံ့နှံ့နေရင် ဖြစ်ပွားတတ်ပါတယ်။ ကျွန်တော်နမူနာပြောပြမယ်။ ၁၉၆၇ ခုနစ်၊ စင်ကာပူနိုင်ငံမှာ “အုပ်စုလိုက်ဖြစ်ပွားတဲ့ တိုနာရောဂါ” ပေါ်ပေါက်ဖူးတယ်။ အဲဒီအချိန်တုန်းက လူမျိုးအချင်းချင်း အရေးအခင်းဖြစ်ပွားလို့ လူတွေကျီးလန့်စာစားနေရတဲ့ အခြေအနေမျိုးရှိပါတယ်။

၁၉၈၇ ခုနှစ် တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်းမှာတော့ ဈေးထဲမှာရောင်းချတဲ့ ဝက်သားထဲမှာ ဝက်ရောဂါပိုးပါတယ်ဆိုတဲ့ ကောလာဟလသတင်းက စတင်တယ်။ အဲဒီဝက်သားကိုစားမိတဲ့ ယောကျာ်းတွေမှာ တိုနာရောဂါ ဖြစ်ပေါ်လာတယ်တဲ့။ ဒါကြောင့် ဦးတီနဲ့ ဒေါ်တီလို အတူနေမိသားစုထဲမှာ အချင်းချင်းကူးစက်တတ်တဲ့ စိတ်ရောဂါရှိသလို ရပ်ကွက်ထဲမှာ အုပ်စုလိုက်ကူးစက်တတ်တဲ့ စိတ်ရောဂါမျိုးလည်းရှိပါတယ်။ ဒီလိုသဘောနဲ့ကြည့်ရင် စိတ်ရောဂါက ကူးစက်တတ်တယ်လို့ ဖြေရမယ်”

“စိတ်ရောဂါလို့ အမည်မတပ်ပေမယ့် ကူးစက်တတ်တဲ့ ယုံကြည်မှုမှားတာတွေလည်း ရှိသေးတယ်” လို့ ကိုတာက မှတ်ချက်ချပါတယ်။

“ဘယ်လို ယုံကြည်မှုမျိုးလဲဗျ”

“အစွန်းရောက်တဲ့ ဘာသာရေး ယုံကြည်မှုမျိုးပါ ကိုအုန်းကျော်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top