Healthy Life Ad
Health Tips

နှလုံးသွေးကြောကျဉ်းသူတို့ ဆင်ခြင်သင့်သည့်အစားအသောက်များ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

မေး ။ နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာရှိနေရင် ဘယ်လိုအစားအသောက်တွေကို ဆင်ခြင်သင့်ပါလဲ။ ဘယ်လိုနေထိုင်သင့်ပါသလဲ။

ဖြေ ။ အဆီများများစားရင် ရေပိုက်တွေမှာ ကြေးတွေနဲ့ပိတ်သလိုမျိုးပါပဲ သွေးကြောတွေရဲ့နံရံမှာ အဆီတွေနဲ့ ပိတ်သွားတာဖြစ်ပါတယ်။ ဒါကြောင့် အဆီများတဲ့ အစားအသောက်တွေမစားဖို့လိုပါတယ်။ ဒီလိုစားသောက်တဲ့ နည်းကို TLC Diet (Therapeutic Lifestyle Diet)လို့ ခေါ်ပါတယ်။ ဒါက ဘဝနေထိုင်စားသောက်မှုပုံစံကို ပြောင်းပြီး စားသောက်ရတာဖြစ်ပါတယ်။ အဲဒါတွေကတော့-

(၁) ဝက်ဆီ၊ တိရစ္ဆာန်ကရတဲ့ အဆီ၊ အမဲသားအဆီ၊ ဆိတ်သား အဆီစတာတွေကို အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။

(၂) အုန်းနို့နဲ့ လုပ်ထားတဲ့ မုန့်တွေ၊ အုန်းနို့များများ ပါတဲ့ အစာတွေကို ရှောင်ကြဉ်ရပါမယ်။

(၃) အုန်းထမင်း၊ ထောပတ်ထမင်း၊ ဒန်ပေါက် စတာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်။

(၄) ထပ်ခါတလဲလဲ ပြန်ကြော်ထားတဲ့ ဆီ (Trans Fat)နဲ့ ကြော်ထားတဲ့ အကြော်စုံတွေကိုလည်း ရှောင်ကြဉ်ရပါမယ်။

(၅) ထောပတ်၊ မရောနိစ်၊ မာဂျရင်း စတာတွေကို ကြိုက်တယ်ဆိုရင်တစ်နေ့မှ ထမင်းစားဇွန်း တစ်ဇွန်းထက် ပိုမစားသင့်ပါဘူး။

(၆) အသားစားတဲ့အခါ အသားထဲမှာ အဆီတွေ ရောပြီးပါတတ်တဲ့အတွက် တစ်ရက်မှာ အသားလေးတုံး၊ နေ့လယ်စာမှာ အသားနှစ်တုံး၊ ညနေစာမှာ အသားနှစ်တုံး ဒီ့ထက်ပိုပြီး မစားသင့်ပါဘူး။
(၇) နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာရှိရင် ကြက်ဥတစ်လုံးကိုတော့ စားလို့ရပါတယ်။ ဒါပေမဲ့ ကြက်ဥသုံးလုံးစားမယ်လို့ စိတ်ကူးထားရင် တစ်လုံးပဲစားပြီး ကျန်တဲ့ နှစ်လုံးက အကာတွေကိုပဲ စားရပါမယ်။ အနှစ်တွေကို မစားရပါဘူး။

(၈) နေ့တိုင်း လမ်းလျှောက်ပေးဖို့ လိုအပ်ပါတယ်။ နှလုံးသွေးကြောကျဉ်းတဲ့သူတွေက များသောအားဖြင့်မောတတ်ပါတယ်။ အဲဒီအခါ သူတို့က လမ်းမလျှောက်ချင်တတ်ကြပါဘူး။ လမ်းလျှောက်ရင် မောတော့ လမ်းမလျှောက်ဖြစ် . . အဲဒီအခါ ပိုမော . . ဒီလိုသံသရာလည်နေတတ်တဲ့အတွက် အစာစားပြီး တိုင်းမှာ အနည်းဆုံး ငါးမိနစ် စမ်းလျှောက်ပေးပါ။ ဒါဆိုရင် တစ်နေ့ သုံးကြိမ်အစာစားပြီးတာနဲ့ ၁၅ မိနစ်လမ်းလျှောက်ရာ ရောက်သွားပါပြီ။

တစ်ပတ်လောက် လျှောက်ပြီးပြီဆိုတာနဲ့ ဒုတိယပတ်မှာ ထမင်းစားပြီးတိုင်း ၁၀မိနစ်စီ လျှောက်ပါ။ ဒါဆိုရင် တစ်နေ့ မိနစ် ၃၀ လမ်းလျှောက်ဖြစ်သွားပါပြီ။ တဖြည်းဖြည်းနဲ့ တစ်နေ့ကိုတစ်နာရီ-တစ်နာရီခွဲအထိ လမ်းလျှောက်ဖြစ်အောင် ကျင့်ပေးပါ။ ဒီလို ဆင်ခြင်လိုက်ရင် သုံးလ-ခြောက်လလောက်အတွင်း သွေးတွင်းကိုလက်စထရောကျပြီး နှလုံးကျန်းမာရေးကောင်းလာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top