Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၅) အိပ်ဆေးစွဲခြင်းအကြောင်း

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စာရေးသူ ကုသခဲ့တဲ့လူနာတွေ၊ လူနာရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ၊ စိတ်ကျန်းမာရေး သင်တန်းသားတွေနဲ့ စိတ်ကျန်းမာရေးဝန်ထမ်းတွေ က သူတို့သိချင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကို မေးမြန်းလေ့ရှိပါတယ်။ အဲဒီအတွေ့အကြုံတွေကို ပြန်လည်စဉ်းစားပြီး “ရှင်းပြပါဆရာ”ဆောင်းပါးစဉ် ကို ဆက်လက်ရေးသားလိုက်ပါတယ်။ အခုတစ်ပတ်မှာ အိပ်ဆေးစွဲခြင်းအကြောင်းကို ဆေးကျောင်းသား တွေက တင်ပြဆွေးနွေးလာပါတယ်။
_ _ _
မလေးရှားနိုင်ငံ အမျိုးသားတက္ကသိုလ်၊ ဆေး သိပ္ပံရှိ စိတ်ကျန်းမာရေးဆေးပညာဌာနမှာ ဖြစ်ပါတယ်။ ဆေးကျောင်းသား မောင်အေက သူ လေ့လာထားတဲ့ လူနာတစ်ယောက်ရဲ့ အိပ်ဆေးစွဲရောဂါရာဇဝင်ကို တင်ပြပါတယ်။

“ဒီနေ့သင်တန်းထဲမှာ ကျွန်တော် တင်ပြမယ့် လူနာရဲ့အမည်ကတော့ အာလီဖြစ်ပါတယ်။ အသက် ၃၀ ကျော်အရွယ် လူပျိုကြီးပါ။ အာလီက အဝေးပြေး ကုန်တင်ကားမောင်းသမား ဖြစ်ပါတယ်။ မိသားစုဆရာဝန်က တိုက်တွန်းညွှန်ကြားလိုက်လို့ သဘောတူပြီး ဆေးရုံလာတက်တာပါ။ ဆရာရဲ့ စိတ်ကျန်းမာရေး ကုသဆောင်မှာ အိပ်ဆေးစွဲရောဂါ ကုသဖို့ ရောက်ရှိနေပါတယ်”

ဆေးကျောင်းသူ မဘီက ကြားဖြတ်ပြီး မေးတယ်။

“အာလီ ဘယ်လို အိပ်ဆေးစွဲရောဂါ ရရှိလာတာလဲ”

ဆေးကျောင်းသား မောင်အေက ဆက်လက် ရှင်းပြပါတယ်။

“တစ်ခါတစ်ရံ ညဘက်မှာ အိပ်မပျော်တာက စပါတယ်။ အာလီက အဝေးပြေးကားမောင်းသမား ဖြစ်တော့ ခရီးရှည် ကားမောင်းရတဲ့အခါ အိပ်ငိုက် တတ်တယ်တဲ့။ အိပ်မငိုက်အောင် လမ်းတလျှောက် ကြုံသလို ကော်ဖီတစ်ခွက်ပြီး တစ်ခွက်သောက်လေ့ ရှိပါတယ်။ ညအိပ်ချိန်ရောက်တော့ ကော်ဖီအရှိန်က မပြေသေးလို့ အိပ်မပျော်တော့ဘူး။ မအိပ်လို့လည်း မဖြစ်ဘူး။ နံနက်စောစော ခရီးဆက်ရမှာက ရှိသေး တယ် မဟုတ်လား။ ဒါကြောင့် ရောက်ရှိတဲ့ မြို့မှာ ကြုံရာ ဆရာဝန်နဲ့ စစ်ဆေးပြီး အိပ်ဆေးလက်မှတ် ရယူပါတယ်။ ဒီလိုနဲ့ ညတိုင်းလိုလို အိပ်ဆေးသောက် တဲ့ အကျင့် ဖြစ်လာတယ်လို့ ဆိုပါတယ်”

ဆေးကျောင်းသူမဘီက စာရေးသူကို ကြည့်ပြီး မေးတယ်။

“အိပ်ဆေးစွဲရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို ပြောပြပါ ဆရာ”

မတ်တပ်ရပ်ပြီး လူနာအကြောင်း တင်ပြနေတဲ့ ဆေးကျောင်းသား မောင်အေကို ထိုင်ခိုင်းပြီး မဘီရဲ့ မေးခွန်းကို စာရေးသူက ပြည့်ပြည့်စုံစုံ ရှင်းပြပါတယ်။

“အိပ်ဆေး စတင် သုံးစွဲတဲ့ အကြောင်းရင်းနဲ့ အိပ်ဆေးစွဲရောဂါ ဖြစ်လာရတဲ့အကြောင်းရင်းကို ခွဲ ခြားပြီး ဆွေးနွေးရမယ်။ အာလီအိပ်ဆေး စတင်သုံး စွဲတာကတော့ နေ့ဘက်မှာ ကော်ဖီအသောက်များလို့ ညဘက်မှာ အိပ်မပျော်တာက စတာပါ။ လူငယ်တွေ ထဲမှာတော့ တဒင်္ဂစိတ်သာယာမှု ခံစားရဖို့နဲ့ စိတ်ကြွဆေး သောက်ပြီး အိပ်မပျော်လို့ အိပ်ဆေးကို အလွဲ သုံးစွဲတာ ရှိပါတယ်။ လူရွယ်နဲ့ လူကြီးပိုင်းမှာတော့ ဆရာဝန်က အိပ်ဆေး ညွှန်းပေးလို့ စတင် အသုံးပြု လာတာကို တွေ့ရမယ်။ ခန္ဓာကိုယ်ရောဂါတစ်ခုခု ကြောင့်ဖြစ်ဖြစ်၊ စိတ်ရောဂါတစ်ခုခုကြောင့် ဖြစ်ဖြစ်၊ စိတ်ဖိစီးမှုကြောင့်ဖြစ်ဖြစ် အိပ်မပျော်ရင် ဆရာဝန်က အိပ်ဆေး ပေးလေ့ရှိပါတယ်။

အိပ်ဆေး စတင် သုံးစွဲသူတွေထဲမှာ ၆၈ ရာခိုင်နှုန်းက ပြင်ပဆေးခန်းတွေက စတင်တယ်။ ၂၀ ရာ ခိုင်နှုန်းကတော့ စိတ်ကျန်းမာရေးဆေးရုံနဲ့ အထွေ ထွေရောဂါကု ဆေးရုံတက်စဉ်က စတင်ကြောင်း သိရတယ်”

“အိပ်ဆေး စတင်သုံးစွဲမိသူတိုင်း အိပ်ဆေးစွဲ ရောဂါရရှိလာသလား ဆရာ”လို့ ဆေးကျောင်းသား မောင်စီက ကြားဖြတ်မေးပါတယ်။
စာရေးသူ ဆက်လက်ရှင်းပြပါတယ်။

“အရွယ်ရောက်သူတွေထဲမှာ ၆ ရာခိုင်နှုန်းခန့် ကအိပ်ဆေးစွဲရောဂါရှိပါတယ်။ အိပ်ဆေးမှန်မှန် သုံး စွဲသူတွေထဲမှာ ၂၃ ရာခိုင်နှုန်းက အိပ်ဆေးစွဲရောဂါ ဖြစ်ပွားတာ တွေ့ရတယ်။ အိပ်ဆေးကို ၂ လ-၃လ လောက် ဆက်တိုက်သုံးစွဲရင် အိပ်ဆေးစွဲရောဂါရရှိဖို့ အလားအလာ များလာပါတယ်။ ဒါကြောင့် အင်္ဂလန် နိုင်ငံကျန်းမာရေးဌာနက အိပ်ဆေးကို ရက်သတ္တပတ် လေးပတ်ထက်ပိုပြီး ရေရှည် မသုံးစွဲသင့်ဘူးလို့ ညွှန်ကြားထားပါတယ်”

ဆေးကျောင်းသူ မဘီက ထပ်ဆင့်မေးပါတယ်။

“ဘယ်လို လူမျိုးက အိပ်ဆေးစွဲဖို့ အလားအလာများပါသလဲ ဆရာ”

“မေးသင့်တဲ့မေးခွန်းပါ။ မိသားစုထဲမှာ အရက် စွဲ ဆေးစွဲရောဂါ ရာဇဝင်ရှိသူ၊ မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းပါးပြီး တွယ်တာအားကိုးလိုစိတ်များသူ၊ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းသူ၊ စိုးရိမ်သောကများ သူ၊ စိတ်ဖိစီးမှုဒဏ်ကိုမခံနိုင်သူ၊ နာကျင်ကိုက်ခဲမှုကို ခံနိုင်ရည်နည်းပါးသူတွေက အိပ်ဆေးစတင်သုံးစွဲမိရင် ဆေးစွဲနိုင်ခြေများပါတယ်”

အာဝဇ္ဇန်းရွှင်တဲ့ ဆေးကျောင်းသူ မဘီက ဆင်ခြေတက်ပါတယ်။

“ဗီတာမင်ဆေး နေ့တိုင်းမှီဝဲရင် ဗီတာမင်စွဲ ရောဂါမရရှိဘဲ အိပ်ဆေးစားရင် ဘာကြောင့်အိပ်ဆေးစွဲ ရောဂါရရှိတာလဲဆရာ”

အချက်ကျတဲ့ မေးခွန်းဖြစ်လို့ စာရေးသူ လေးလေးနက်နက် ဖြေဆိုမိပါတယ်။

“ဗီတာမင်ဆေးမှာ ဆေးစွဲစေနိုင်တဲ့ အာနိသင် မရှိဘူး။ အိပ်ဆေးမှာ ဆေးစွဲစေတဲ့ အာနိသင်တွေ ရှိပါတယ်။ ဆေးစွဲစေတဲ့ အာနိသင်တွေကို ပြောပြပါမယ်။

(က) အိပ်ဆေးကို မှန်မှန်သုံးစွဲရင် ဆေးအချိန် အတွယ် ပိုမိုလိုအပ်လာတယ်။ အိပ်ပျော်ဖို့ ဆေးတစ် လုံးနဲ့ လုံလောက်တာကနေ ဆေးနှစ်လုံး သောက်မှ အိပ်ပျော်မယ်။ ကြာလာတော့ ဆေးသုံးလုံး၊ လေးလုံး စသဖြင့် ပိုမိုသုံးစွဲဖို့လိုလာပါတယ်။ တူညီတဲ့ အကျိုး အာနိသင်ရရှိဖို့ ဆေးအချိန်အတွယ်ပမာဏ ပိုမို လိုအပ်လာတာဖြစ်တယ်။

ဆေးပညာမှာ ]]ဆေးအာနိ သင်လျော့နည်းလာခြင်း” ဒါမှမဟုတ် လူက “ဆေးဒဏ် ခံနိုင်ရည်တိုးတက်လာခြင်း”(Tolerance)လို့ ခေါ်ပါတယ်။ ဇီဝသဘာဝအကြောင်းရင်းကတော့ အိပ်ဆေးသောက်ဖန်များလာရင် ဦးနှောက်ကလာပ် စည်းတွေမှာ အိပ်ဆေးလက်ခံခွက်ကလေးတွေ များလာသလိုပဲ ငှက်စာကျွေးလေ့ရှိတဲ့နေရာမှာ ငှက်တွေ စုဝေးလာတဲ့ သဘောပါ။

(ခ) ဒုတိယအာနိသင်ကတော့ အိပ်ဆေးကို တိုးပြီး ကြာကြာသုံးစွဲလာရင် အိပ်ဆေး မသောက်ရတဲ့အခါ”ဆေးပြတ်လက္ခဏာ”(Withdrawal Symptoms) တွေပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အိပ်ဆေးပြတ် လက္ခဏာတွေကတော့ အိပ်မပျော်တာ၊ ခေတ္တခဏအိပ်ပျော်သွားရင်လည်း အိပ်မက်ဆိုးမြင်မက်ပြီး လန့်နိုးတာ၊ အကြောင်းမဲ့ကြောက် ရွံ့ထိတ်လန့်နေတာ၊ ကြွက်သားတင်းကျပ်တာ၊ ခြေလက် တုန်တုန်ယင်ယင်ဖြစ်တာတို့ဖြစ်တယ်။ ဦးနှောက် ထဲမှာလှုံ့ဆော်မှုများလာတဲ့ သဘောဖြစ်တယ်။ စုဝေးရောက်ရှိလာတဲ့ ငှက်တွေ အစာပြတ်နေလို့ ဆူဆူညံညံဖြစ်နေသလိုပါပဲ။ ဒါကြောင့် အိပ်ဆေးစွဲသူဟာ အိပ်ဆေးကို တောင့်တလာတယ်။ အခုပြောခဲ့တဲ့ အာနိသင်နှစ်မျိုးကြောင့် အိပ်ဆေးဟာ စွဲစေတဲ့ဆေး ဖြစ်ပါတယ်”

နောက်ဘက်ခုံတန်းမှာထိုင်နေတဲ့ ဆေးကျောင်းသားလေး မောင်ဒီက လက်ထောင်ပြပြီး မေးပါတယ်။

“အိပ်ဆေးတွေထဲမှာ ဘယ်ဆေးက ဆေးစွဲနိုင်ခြေ များသလဲ ဆရာ”

“မေးသင့်မေးထိုက်တဲ့ မေးခွန်းပါ။ ဘာဘီကျူရိတ် (Barniturates) အနွယ်ဝင်ဆေးတွေက ဆေးစွဲတတ်တယ်။ ဒီလိုဆေးမျိုးကို အခုခေတ်မှာ အသုံး မပြုသင့်တော့ဘူး။ စိတ်ငြိမ်ဆေးအမျိုးအစား (Benzodiazepins)အနွယ်ဝင်အိပ်ဆေးတွေ ရှိပါတယ်။ အဲဒီဆေးတွေထဲမှာ အာနိသင်ကြာရှည်တဲ့ အိပ်ဆေး နဲ့ အာနိသင်တိုတဲ့ အိပ်ဆေးဆိုပြီး နှစ်မျိုး ခွဲခြားနိုင်တယ်။ အာနိသင် မြန်ပြီး သွေးထဲမှာ အချိန်တိုတိုနေတဲ့ ဆေးမျိုးက ဆေးစွဲစေတဲ့ အလားအလာ ပိုများပါတယ်။ အာနိသင်ကြာရှည်တဲ့ဆေးကတော့ အာနိသင် သက်ရောက်မှုအချိန်ကြာပြီး သွေးထဲမှာကြာကြာ ရှိနေတတ်တယ်။ အဲဒီဆေးမျိုးက ဆေးစွဲစေတဲ့ အလားအလာ နည်းပါတယ်။ ဒါပေမဲ့ နေ့လယ်ဘက်မှာ ဆေးအရှိန်မပြယ်သေးလို့ အိပ်ငိုက်တတ်တယ်။ ခင်ဗျားတို့ ဆရာဝန်ဖြစ်လို့အိပ်ဆေးပေးတဲ့အခါ အဲဒီလို ခွဲခြားသိဖို့ လိုပါတယ်။ နောက်ဆုံးပေါ် အိပ်ဆေးအမျိုးအစားကတော့ Z-drugs လို့ခေါ်တဲ့ အုပ်စုဝင် ဆေးတွေ ဖြစ်တယ်။ ဒီဆေးတွေက ဆေးအာနိသင် ထိရောက်မှု မြန်ပြီး သွေးထဲမှာ ကြာကြာမနေဘူး။ အဲဒီဆေးတွေမှာလည်း ဆေးစွဲစေတဲ့ အာနိသင်ရှိပါတယ်”

စာရေးသူ စကားဆုံးတော့ ဆေးကျောင်းသူ မ ဘီက မေးခွန်းထုတ်တယ်။

“အိပ်ဆေးကြာကြာသုံးစွဲရင် ဆေးစွဲတာအပြင် တခြားအန္တရာယ်တွေ ရှိသလား ဆရာ”

စာရေးသူက အိပ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအားလုံးကို မပြောတော့ဘဲ အရေးကြီးတဲ့ အချက်တွေကို ထောက်ပြပါတယ်။

“နံနက်အချိန်မှာ ဆေးအရှိန်မပြေသေးရင် အိပ်ငိုက်တာ၊ မှတ်ညဏ်လျော့နည်းတာ၊ ခြေလက် အင်္ဂါလှုပ်ရှားမှု ဟန်ချက်မညီတာတို့ ဖြစ်တတ်တယ်။ ဒါကြောင့် ကားမောင်းတဲ့အခါနဲ့ စက်ပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါမှာ မတော်တဆ ဖြစ်ပွားမှုများပြား နိုင်ပါတယ်။

နောက်အန္တရာယ်တစ်ခုကတော့ ဆေးအာနိသင် “ဆန့်ကျင်ဘက်တုန့်ပြန်ခြင်း”(Paradoxical Reaction) ဖြစ်တယ်။ အိပ်ဆေးသုံးစွဲသူတစ်ရာမှာ တစ်ယောက်နှုန်း ဖြစ်ပွားတာတွေ့ရပါတယ်။ လူနာက အိပ်ဆေးသောက်ပြီး ငြိမ်မသွားဘူး၊ ပိုမိုနိုးကြား တက်ကြွလာတယ်၊ စကားပြောများလာတယ်၊ စိတ်လှုပ်ရှားတက်ကြွလာတယ်၊ ဂနာမငြိမ်ဖြစ်လာတယ်၊ မထင်မှတ်ဘဲ ကြမ်းတမ်းခက်ထန်လာနိုင်တယ်။

နောက်ပြီး အိပ်ဆေးစွဲသူက အိပ်ဆေးကို ချက်ချင်းတုံးတိတိဖြတ်လိုက်ရင်လည်း အန္တရာယ်ရှိတယ်။ ကယောင်ကတမ်းဖြစ်တာ၊ တက်တာတွေ ဖြစ်ပွားနိုင် ပါတယ်။ ဒါကြောင့် အိပ်ဆေးစွဲတာ ဖြတ်ချင်ရင် ဆေးရုံတက်ပြီး ကုသမှု ခံယူသင့်ပါတယ်”

ဆေးကျောင်းသား မောင်အေက ကြားဖြတ်ပြီး ပြောပါတယ်။

“အာလီကို အိပ်ဆေးဖြတ်ကုသနေတာ ကျွန်တော် တွေ့ရတယ်။ သူသောက်နေကျ ဆေးအချိန် အတွယ်ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို တစ်ရက်ခြား လျှော့ချပေးထားတယ်။ နောက်ပြီး အတက်ရောဂါ ကုသဆေး တစ်မျိုးကိုလည်း တွဲဖက်ပေးထားပါတယ်”
“မှန်ပါတယ် မောင်အေ၊ အဲဒါ တဖြည်းဖြည်း အဖျားရှူးကုသနည်း (Tapering)လို့ ခေါ်တယ်။ ဒီနေ့ခင်ဗျားတို့ ရယူသင့်တဲ့ သင်ခန်းစာကတော့ လူနာကို အလွယ်တကူ အိပ်ဆေးရေးမပေးနဲ့။ သဘာဝနည်းနဲ့ အိပ်ပျော်အောင် ကြိုးစားကြည့်ဖို့ ဦးစားပေးရမယ်။ Sleep Hygience ကို ဖတ်ကြည့်ကြ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top