Healthy Life Ad
Life Style

အူမကြီးကင်ဆာ အဆင့် (၂)ကို တရားအသိနဲ့ သတ္တိရှိရှိ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့သူ ကိုသူရ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အသက် ၃၃ နှစ်အရွယ်တွင် ကိုသူရသည် စအိုတစ်ဝိုက် အနာဖြစ်လာခဲ့ရာ နီးစပ်ရာ ဆေးမြီးတိုများ မှီဝဲခဲ့သော်လည်း မသက်သာသဖြင့် ဆေးခန်းသို့ စတင်ပြသဖြစ်ကြောင်း သိရသည်။

“ကျွန်တော်စပြီး သိတာကတော့ ၂၀၁၁ မှာ စသိခဲ့တာပါ။ ကျွန်တော် စဖြစ်တုန်းက ဂရင်ဂျီနာလိုလို၊ လိပ်ခေါင်းလိုလိုစဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဗမာဆေးတွေ စားတယ်။ သက်သာလိုက်၊ မသက်သာလိုက် လည်နေတာပေါ့။ ဒီလိုနဲ့ ၂၀၁၁ မှာပဲ တာမွေ သျှင်ပါဂူဆေးခန်းက ဒေါက်တာဦးဇော်မွန်းဆီသွားပြရင်း အသားစယူစစ်ဆေးမှု လုပ်လိုက်ပါတယ်။

အဲဒီတော့ အဖြေအရ ကင်ဆာဖြစ်စပြုနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ ငွေရေးကြေးရေးအခက်အခဲကြောင့် ကျွန်တော် ဘာမှမကုနိုင်ပါဘူး”ဟု ကိုသူရက သူ၏ကင်ဆာခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။

ကင်ဆာဟု သိသိချင်း ကြောက်စိတ်ဝင်ခဲ့သော်လည်း မိမိကိုယ်ကိုယ် အားတင်းနေထိုင်ခဲ့ကြောင်း ကိုသူရက ဆိုသည်။

“စစချင်းတုန်းက ငါသေတော့မှာပဲ ဆိုပြီး ကြောက်စိတ်ဝင်မိပါတယ်။ ဒါပေမဲ့ လူဆိုတာ သေမှာ ချည်းပဲ၊ သေတစ်နေ့၊ မွေးတစ်နေ့ပဲလို့ ပြန်တွေး လိုက်ပြီး စိတ်ဓာတ်မကျဘူး၊ အားမငယ်ဘူး။ ကျွန် တော်ကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဘာသာရေးစာပေတွေကို ထဲထဲဝင်ဝင်လေ့လာလိုက်စား ခဲ့ဖူးတော့ ခန္ဓာရှိရင် ဝေဒနာရှိတယ်ဆိုတဲ့ အသိရှိခဲ့ပါတယ်။ ကြောက်တတ်ရင် နှစ်ခါ သေရတယ်လို့ တွေးပြီး ရဲတင်းသွားတယ်။ ဗုဒ္ဓစာပေဗဟုသုတတွေကြောင့် သတ္တိရှိသွားတယ်။ ကြားထဲ ဆေးမကုနိုင်သေးတဲ့အချိန်မှာ သင်္ဘောရွက်လေးတွေ ပြုတ်သောက်တာ၊ အာလူးစိမ်းဖျော်ရည်သောက်တာ၊ ကမ်းဇော်ဆီသုံးတာ စသဖြင့် သဘာဝအပင်ထွက် အစားအသောက်လေးတွေကိုမှီဝဲဖြစ်ပါတယ်။ အဲဒီလိုတွေစားသောက်ပြီး ခရီးတွေထွက်၊ အလုပ်တွေ လုပ်၊ ငွေရှာခဲ့တယ်”ဟု ကိုသူရက ပြောသည်။

ဆေးကုသမှုခံယူရန် ငွေစုဆောင်းပြီး ၂၀၁၂ တွင် ရန်ကုန်ဆေးရုံသစ်ကြီးကို သွားတက်ခဲ့ရာ နောက်ထပ် သုံးလခန့်အကြာတွင် ခွဲစိတ်ကုသမှုပေး မည်ဟု Due Date ပေးလိုက်ကြောင်း ကိုသူရက ပြောပြခဲ့သည်။

“အဲဒီအချိန်မှာ ကျွန်တော့်လက်ထဲမှာလည်း စုလို့ဆောင်းလို့ရတဲ့ ငွေလေးလည်းရှိလာပါပြီ။ ဝေဒနာအနေနဲ့ စအိုပတ်ချာလည် ကိုက်တယ်။ ဗိုက်နာတာ၊ ဗိုက်အောင့်တာတော့ မရှိပါဘူး။ ဒါပေမဲ့ စအို ပတ်ချာလည် ကိုက်တာက အပ်နဲ့ ထိုးသလို တဆစ်ဆစ်ကိုက်တာ၊ တစ်ချက် တစ်ချက် ကိုက်လိုက်၊ သက်သာလိုက်နဲ့ ဆေးတစ်မျိုးသောက်ရတယ်။ အဲဒီဆေးလေးသောက်ပြီး အလုပ်တွေလုပ်တယ်၊ နိုင်ငံခြားတွေ ဘာတွေသွားလိုက်သေးတယ်။ ဒါနဲ့ သုံးလလောက်မှ ခွဲမယ်ဆိုတာနဲ့ သျှင်ပါကူဆေးခန်းက ဒေါက်တာဦးဇော်မွန်းနဲ့ ပြန်တိုင်ပင်လိုက်တယ်။ ဆရာက ရန်ကုန်ဆေးရုံကြီးကို သွားပြပါဆိုတာနဲ့ ဆေးရုံကြီး အဆောင် ၁၃-၁၄ မှာ ကုသခဲ့ရတယ်။ ဆေးရုံတက်ရတာ စုစုပေါင်း ၁၈ ရက်ကြာပါတယ်”ဟု ကိုသူရက ပြောသည်။

ကိုသူရဖြစ်သည့် ကင်ဆာမှာ အူမကြီးကင်ဆာ အဆင့်(၂) ဖြစ်သော်လည်း စအိုတစ်ဝိုက်တွင် အနာဖြစ်နေ၍ ပိတ်ပစ်လိုက်ပြီး ဃသူသျအသာပ လုပ်ခဲ့ရ ကြောင်း ကိုသူရက ဆိုသည်။ ခွဲစိတ်ပြီးချိန်တွင်လည်း ကင်ဆာဆေး ၉ ကြိမ်၊ ဓာတ်ရောင်ခြည်ကုထုံး ၂၅ ကြိမ် ခံယူခဲ့ရကြောင်း သိရသည်။

“ကင်ဆာဆေးသွင်းတုန်းက ဆေးသွင်းသွင်း ပြီးချိန်တွေမှာ အစားအသောက်ပျက်တယ်။ နုံးချည့်ပြီး အားယုတ်သလိုမျိုး ခံစားရတယ်။ မလှုပ်မရှားချင် လောက်အောင်ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်ကစား ချင်စိတ်ရှိတဲ့ အစားအသောက်တွေကို စားပစ်လိုက် တယ်။ ရေများများ သောက်လိုက်တယ်။ ဆေးသွင်း တဲ့ လက်အကြောတောက်လျှောက်က ရောင်တာ ဖြစ် ဖူးတယ်။ တစ်ခုထူးဆန်းတာက ကျွန်တော် ဆံပင် လုံးဝမကျွတ်ပါဘူး”ဟု ကိုသူရက ကင်ဆာဆေး သွင်းကုထုံးခံယူချိန် အတွေ့အကြုံများကို ပြန်လည် မျှဝေခဲ့သည်။

အိမ်တွင် မိသားစုသုံးယောက်ပဲရှိပြီး မိခင်က နှလုံးကြီးခြင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါတို့ကြောင့် အိပ်ရာထဲလဲနေကာ အစ်မဖြစ်သူက မိခင်အား အနီးကပ် အမြဲပြုစုစောင့်ရှောက်နေရကြောင်း၊ အခြားအစ်မတစ်ဦးက နိုင်ငံရပ်ခြားတွင် ရောက်ရှိနေ သဖြင့် ကိုသူရအတွက် ကင်ဆာကုသမှုခရီးလမ်းတွင် အိမ်သူအိမ်သားများ၏ ပြုစုစောင့်ရှောက်အားပေးမှုကို မရရှိခဲ့ကြောင်း သိရသည်။

“ဆေးရုံတက်တော့ ဒလက အဒေါ်ကြီးတစ်ယောက်ကို အကူအညီတောင်းပြီး စောင့်ခိုင်းရတယ်။ ဒါပေမဲ့ ကျွန်တော်က စိတ်မာတော့ ကျွန်တော်လုပ်နိုင်တာမှန်သမျှ ကိုယ့်ဘာသာပဲ လုပ်တယ်။ ဓာတ်ခွဲ ခန်းအဖြေဆိုလည်း ကိုယ့်ဘာသာပဲ သွားယူတယ်။ ဆရာဝန်နဲ့ တွေ့တယ်။ ပြီးရင် ဆေးဝယ်ရင်လည်း ကိုယ့်ဘာသာ သွားဝယ်တယ်။ ဆေးသွင်းတဲ့အချိန်ကျမှပဲ ငြိမ်ငြိမ်လေးနေတယ်။ လူနာတွေကို အကြံ ပေးချင်တာက ကိုယ့်ကို ပေးတဲ့ ဆေးက ဘာဆေးလဲ၊ ဘာဆေးတွေ သွင်းနေတာလဲ စသဖြင့် အကုန် မှတ်ထားသင့်ပါတယ်။ ကျွန်တော်ကတော့ တစ် ယောက်တည်းသမားဆိုတော့ တစ်ယောက်တည်းပဲ အကုန်ရုန်းရတာ၊ မိသားစုရဲ့ ပံ့ပိုးမှုက မရသလောက်ပါပဲ”

၂၀၁၂ အကုန် ကုသမှုအားလုံးပြီးစီးချိန်တွင် ကျန်းမာရေးလုံးဝ ကောင်းမွန်နေကြောင်း ကိုသူရက ပြောသည်။

“ကင်ဆာဆေးသွင်းတဲ့အချိန်တွေကော ဓာတ်ရောင်ခြည်ကုထုံး ကုသပြီးစီးတဲ့အချိန်တွေပါမှာ အထွေထွေ ကျန်းမာရေးစစ်ဆေးမှုကို တစ်ကြိမ်ပြန်လုပ် ပါတယ်။ အဖြေအရ အားလုံးကောင်းပါတယ်။ အဲဒါနဲ့ ကုသမှုအားလုံးပြီးတော့ အိမ်မှာ သုံးရက်ပဲ နားတယ်။ နောက်နေ့ကစပြီး ချင်းတောင်ကို တက်သွားတယ်။ ဖလမ်း၊ တီးတိန်၊ ဟားခါးဘက်တွေမှာအလုပ် သွားလုပ်တာ တစ်နှစ်ကျော်လောက် ကြာသွားတယ်။ အဲဒါနဲ့ ဆေးပြန်ပြရမယ့်အချိန်နဲ့ ဝေးသွားတယ်။ ဆေးလည်း မစစ်ဖြစ်တော့ဘူး”

ကင်ဆာဆေးသွင်းတုန်းက ဆေးသွင်းသွင်းပြီးချိန်တွေမှာ အစားအသောက်ပျက်တယ်။ နုံးချည့်ပြီး အားယုတ်သလိုမျိုး ခံစားရတယ်။ မလှုပ်မရှားချင်လောက်အောင်ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်က စားချင်စိတ်ရှိတဲ့ အစားအသောက်တွေကို စားပစ်လိုက်တယ်။ ရေများများ သောက်လိုက်တယ် . . .

နောက်ပိုင်းတွင် ကျန်းမာရေးစစ်ဆေးမှု မလုပ်ဖြစ်တော့ကြောင်း၊ လောလောဆယ် နေရထိုင်ရ သွားရလာရ ကောင်းမွန်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး မည်သည့် ဝေဒနာမှ မခံစားရကြောင်း ကိုသူရက ဆိုသည်။

“ခရီးတွေ ဘာတွေ သွားတော့မယ်ဆိုရင်တော့ ဝမ်းမှန်အောင် မန်ကျည်းဖျော်ရည်သောက်တာတို့၊ သောက်တာတို့ လုပ်ထားပါတယ်။ တစ်ခါတလေ ဝမ်းပျက်ရင် အကျိုးပြုဘက်တီးရီးယားလေး တွေသောက်လိုက်တယ်။ နောက်ပိုင်းကျတော့ ကိုယ်ဘာနဲ့တည့်သလဲ၊ ဘယ်လိုနေထိုင်စားသောက်ရင် အဆင်ပြေလဲဆိုတာ မှတ်ထားပြီး အဲဒီအတိုင်း နေထိုင်စားသောက်ဖြစ်ပါတယ်။

ပြီးတော့ အခု ပရဟိတအလုပ်တွေ အတော် များများလုပ်ဖြစ်ပါတယ်။ ရက်ကွက်ထဲမှာ သာရေး၊ နာရေးဆိုလည်း အသင်းဝင်ထားတယ်။ အလှူတွေမှာဆိုရင် ဟင်းတွေ ဘာတွေ လိုက်ချက်ပေးတယ်။ ကုသိုလ်ကောင်းမှုတွေကို တတ်နိုင်သမျှ လုပ်နေပါတယ်” ဟု ကင်ဆာကုသအောင်မြင်ပြီးနောက်ပိုင်း နေထိုင်စားသောက်မှု ပုံစံကို ပြောပြခဲ့သည်။

ယခင်တုန်းက စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင် ငံတို့သို့ သွားရောက်၍ ပရိဘောဂလုပ်ငန်းများ၌ ဆေးမှုတ်သည့် အလုပ်လုပ်ဆောင်ခဲ့ဖူးသော ကိုသူ ရသည် ဓာတုပစ္စည်းများရှူရှိုက်ခဲ့ရသဖြင့် အူမကြီး ကင်ဆာဖြစ်သည်ဟု ထင်မြင်ယူဆထားသည်။

“ပြီးတော့ အရက်သမားမဟုတ်ပေမယ့် ကျွန်တော်သောက်တတ်၊ စားတတ်တာလေးတွေရှိတယ်။ ပြီးတော့ ကျွန်တော်က မြန်မာနိုင်ငံကို ပြန်ရောက်တဲ့ အချိန်မှာ ကြေးနီ၊ ခနောက်စိမ်းစတဲ့ သတ္တုလုပ်ငန်း တွေလုပ်တော့ ခရီးအရမ်းထွက်ရပါတယ်။ ခရီးထွက် ရတဲ့အခါ အစားအသောက် မမှန်ပါဘူး။ ဝမ်းလည်း ချုပ်တယ်။ ဝမ်းချုပ်ရင် အရက်နည်းနည်းသောက်ပစ် လိုက်တယ်။ ဒါဆို ဝမ်းမှန်သလို ဖြစ်သွားတယ်။ ဒါပေမဲ့ စဖြစ်ဖြစ်ချင်း မှတ်မိသလောက်တော့ အရက်တစ်မျိုးသောက်လိုက်တာ . . နောက်တစ်နေ့မနက် ကျတော့ ဝမ်းသွားရတာ အားမရဘူး။ ဝမ်းကျန်နေ သလိုလို ဘာလိုလို ဖြစ်လာတာ။ ‘ငါဘာဖြစ်သလဲ မသိဘူး’ဆိုပြီး ဖြစ်နေခဲ့တယ်။ လိပ်ခေါင်းလား၊ ဂရင် ဂျီနာလား စသဖြင့် ထင်ပြီး ဆေးမြီးတိုတွေ သောက် နေခဲ့တယ်”ဟု ကိုသူရက ဆိုသည်။

ယခုနောက်ပိုင်း နယ်အလုပ်များ သိပ်မထွက် ဖြစ်တော့ဘဲ ရန်ကုန်မြို့၊ တာမွေတွင် မိခင်၊ အစ်မ စသည့် မိသားစုဝင်များနှင့်အတူ နေထိုင်လျက်ရှိ သော ကိုသူရက အခြားကင်ဆာဖြစ်နေသူများ၊ ကင် ဆာကုသမှု ခံယူနေသူများအတွက်-

“ရောဂါတစ်ခု ဖြစ်လာပြီဆိုရင် ဘယ်ဘာသာ ဝင်မဆိုကိုယ်ကိုင်းရှိုင်းတဲ့ ဘာသာတရားကို လေ့လာ လိုက်စားဖို့လိုပါတယ်။ ပြီးတော့ ကင်ဆာဖြစ်လာပြီ ဆိုရင် ဖြစ်ဖြစ်ချင်းမှာ ဘယ်သူမဆို စိတ်ဓာတ်က ၁၀ဝ မှာ ၈၀ ရာခိုင်နှုန်းလောက် ကျသွားတာပါပဲ။ ဒါက ကျွန်တော်ကိုယ်တွေ့ပါ။ ဒါပေမဲ့ အဲဒီလို စိတ်ဓာတ်ကျနေရင် ခန္ဓာကိုယ်က ပိုထိခိုက်ပြီး ရောဂါကလည်း ပိုလာတတ်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်မ ကျဖို့ လိုပါတယ်။

အခုဆိုရင် ခေတ်ကလည်း ပြောင်းလဲတိုးတက်လာပြီဖြစ်တော့ စိတ်ဓာတ်မကျဘဲနဲ့ ကိုယ်လိုအပ်တဲ့ ဆေးကုသမှုကို လေ့လာသင့်ပါတယ်။ ဘယ်လိုဆေးကုရမလဲ၊ ကိုယ်သောက်ရမယ့် ဆေးက ဘာဆေးလဲ၊ ဒီဆေးသောက်ပြီးရင် ဘယ်လို ဘေးထွက်ဆိုးကျိုးဖြစ်နိုင်သလဲ . . . စတာတွေကို လေ့လာမေးမြန်းသင့်ပါတယ်။ ကျွန်တော်ကတော့ ဒါတွေလေ့လာထားတော့ ဘယ်လိုရင်ဆိုင်မလဲဆို တာကိုပါ ကြိုတင်စဉ်းစားထားပြီးသား။ အဓိကက တော့ စိတ်ဓာတ်မကျ၊ အားမငယ်ဘဲ ဆေးကုဖို့နဲ့ ကိုယ့်ဘာသာနဲ့ပတ်သက်ပြီး ကိုးကွယ်လိုက်စားဖို့ အကြံပေးချင်ပါတယ်”ဆိုသော အကြံပေးစကားများ ပြောကြားလိုက်ပါသည်။

_ _ _

(မှတ်ချက်။ ။ ဓာတ်ပုံများကို ကိုသူရ၏ ခွင့်ပြု ချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top