Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၄) “ဆေးရပ်ချင်ပြီ”

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စာရေးသူ ကုသခဲ့တဲ့ လူနာတွေ၊ လူနာရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ၊ စိတ်ကျန်းမာရေး သင်တန်းသားတွေနဲ့ စိတ်ကျန်းမာရေးဝန်ထမ်းတွေက သူတို့ သိချင်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို မေးမြန်းလေ့ရှိပါတယ်။ အဲဒီအတွေ့အကြုံတွေကို ပြန်လည်စဉ်းစားပြီး “ရှင်းပြပါ ဆရာ”ဆောင်းပါးစဉ်ကို ဆက်လက်ရေးသားလိုက်ပါတယ်။ အခုတစ်ပတ်မှာတော့ အချိန်ကြာရှည်စွာ ဆေးသုံးစွဲနေရတဲ့ စိတ်ရောဂါ လူနာက ဆေးမသောက်ချင်တော့ဘူး၊ ဆေးဖြတ်ချင်ပြီလို့ ပြောလာတဲ့ ပြဿနာကို တင်ပြလိုပါတယ်။

_ _ _
ဆမ်က အသက် ၄၀ အရွယ် အိမ်ထောင်ရှင်တစ်ဦး ဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုမှာ အလယ်တန်းအဆင့် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေတာ ၁၀ နှစ်လောက်ရှိပြီ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစပြီး ဆမ်ဟာ စိတ်ကြွစိတ်ကျရောဂါ (Bipolar-disorder) ရရှိလာတယ်၊ အစဉ်အမြဲ စိတ်ရောဂါခံစားနေရတာတော့ မဟုတ်ဘူး။ စိတ်ကျရောဂါတစ်ကြိမ်နဲ့ စိတ်ကြွရောဂါတစ်ကြိမ်စီ ခံစားခဲ့ရဖူးတယ်။

စိတ်ကျရောဂါ ခံစားရတဲ့အချိန်မှာ အကြောင်းမဲ့ စိတ်ညစ်တာ၊ အစားပျက်တာ၊ အအိပ်ပျက်တာ၊ ကိုယ်အလေးချိန် ၏ကျတာ၊ မောပန်းနွမ်းနယ်လွယ်တာ၊ အလုပ်အကိုင်နဲ့ နေ့စဉ်ကိစ္စတွေမှာ စိတ်ဝင်စားမှု နည်းပါးလာတာ၊ အလုပ်ကိစ္စတွေကို ပြီးစီးအောင် ခက်ခဲနေ မဆောင်ရွက်နိုင်တာ၊ ဆုံးဖြတ်ချက်ချဖို့တတ်တာ၊ မိမိကိုယ်ကိုယ်အကြောင်းမဲ့ အပြစ်တင်နေတာ၊ ဘဝကို အရှုံးပေးချင်စိတ်ပေါ်ပေါက်လာတာ စတဲ့ လက္ခဏာ တွေကို ခံစားရတယ်။ အလုပ်ကနေ သုံးလကျော်ကျော် ဆေးခွင့်ယူကုသရတယ်။ ရောဂါသက်သာလာတော့ ဆမ်က မူလတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်တယ်။ ၉လကျော်လောက် ရောဂါကင်းစင်နေပါတယ်။

ဒါပေမဲ့ မထင်မှတ်ဘဲ တစ်ပတ်နှစ်ပတ်အတွင်း မှာ စိတ်ကြွရောဂါ လက္ခဏာတွေ ပေါ်ပေါက်လာတယ်။ ဆမ်က အတွင်းလူနာအဖြစ် စာရေးသူရဲ့ ဌာနမှာ တက်ရောက်ကုသရတယ်။ စိတ်ကြွရောဂါလက္ခဏာတွေကတော့ အကြောင်းမဲ့ ပျော်ရွှင်မြူးထူးနေတာ၊ စကားများလွန်းတာ၊ စကားပြောမြန်လွန်းတာ၊ အကြောင်းမဲ့ အလုပ်ရှုပ် နေတာ၊ လူတကာကို အနှောင့်အယှက်ပေးတာ၊ မိမိကိုယ်ကိုယ် အထင်ကြီးလွန်းတာ၊ ဘဝင်မြင့်တဲ့ လေသံနဲ့ ကြွားဝါပြောဆိုတာ၊ အငြင်းပွားတာ၊ အလွယ်တကူ စိတ်တိုလွယ်တာ၊ အပေးအကမ်းရက်ရောလာတာ စတာတွေ ဖြစ်ပါတယ်။ ဆေးရုံပေါ်မှာ နှစ်လလောက် ကုသပြီးတော့ ဆမ်ရဲ့ ရောဂါ သက်သာပျောက်ကင်း သွားပါတယ်။ ဆမ်ဟာ သူ့လုပ်ငန်းမှာ အတွေ့အကြုံများပြီး တာဝန်သိသိ ကြိုးစားလုပ်ကိုင်တတ်သူ ဖြစ်ပါတယ်။ ဒါကြောင့် ဆမ်အလုပ်မပြုတ်ပါဘူး။ စိတ်ကြွစိတ်ကျရောဂါ ပြန်လည်မဖြစ်ပွားအောင် ထိန်းသိမ်းဖို့တော့ ဆေးဆက် စားဖို့ လိုပါတယ်။ စိတ်တည်ငြိမ်ဆေးတစ်မျိုးဖြစ်တဲ့ Lithium နဲ့ နောက်ပေါ် စိတ္တဇရောဂါကုသဆေးတစ်မျိုး Olanzapine ကို ဆမ်သုံးစွဲနေတာ ခြောက်လလောက် ရှိပါပြီ။ တစ်နေ့မှာတော့ ဒီဆေးတွေကို သူဆက်လက် မသုံးစွဲချင်တော့ဘူးလို့ ဆမ်က တောင်းဆိုလာပါတယ်။
_ _ _

အရေးကြီးတဲ့ မေးခွန်း ဖြစ်ပါတယ်။ အလွယ်တကူ အဖြေမပေးသင့်ပါဘူး။ ဒါကြောင့် စာရေးသူက အဖြေပေးမယ့်အစား မေးခွန်းနဲ့ စတင်ပါတယ်။
“ဆမ် ဘာကြောင့် ဆေးရပ်ချင်တာလဲ”
ဆမ်က အနည်းငယ် တွေဝေစဉ်းစားပြီး ဖြေပါတယ်။
“ကျွန်တော်အခုနေထိုင်ကောင်းနေပြီ။ အလုပ်ထဲမှာ အခက်အခဲမရှိတော့ဘူး။ ကျွန်တော့်ဇနီးနဲ့ ဆွေမျိုးသားချင်း တွေကလည်း ကျွန်တော် ပုံမှန်အတိုင်းဖြစ်နေပြီလို့ ပြောပါတယ်။ ဒါကြောင့် ဆေးသောက်ဖို့ မလိုတော့ဘူးလို့ ထင်တယ်။ နေ့တိုင်း ဆေးသောက်ရတာ ငြီးငွေ့နေပြီ။ ရေရှည်သုံးစွဲရင် ဆေးကြောင့်ဖြစ်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေအတွက်လည်း စိုးရိမ်တယ်ဆရာ”
ဆမ် ဆက်တိုက်ပြောချလိုက်တဲ့ စကားထဲမှာ လူနာတွေ ဆေးမသောက်ချင်တော့တဲ့ အကြောင်းရင်းအမျိုးမျိုးကို ဖော်ပြနေပါတယ်။ ဒီတော့ စာရေးသူက အချက်အလက်တစ်ခုချင်းကို ရှင်းပြပါတယ်။

“စိတ်ကြွစိတ်ကျရောဂါ ဖြစ်စဉ်သဘာဝကို ကျွန်တော် ပထမပြောပြမယ်။

စိတ်ကြွစိတ်ကျရောဂါရှိသူ ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းဟာ ရောဂါ ပြန်လည် မဖြစ်ပွားဘဲ ပျောက်ကင်းသွားတယ်။ ၄၅ ရာခိုင်နှုန်းကတော့ ကြားကာလမှာ ရောဂါလက္ခဏာ ကင်းစင်နေပေမယ့် မကြာခဏ ရောဂါပြန်လည် ဖြစ်ပွားတတ်တယ်။ ၃၀ ရာခိုင်နှုန်းကတော့ ကြားကာလမှာ ရောဂါလက္ခဏာ အကြွင်းအကျန် ရှိတတ်တယ်။ ၁၀ ရာခိုင်နှုန်းကတော့

ရောဂါမသက်သာဘဲ အမြဲလိုလို နာတာရှည်ရောဂါလက္ခဏာတွေကို ခံစားရပါတယ်။ ဆမ် ဂုဏ်ယူစရာ အချက်ကတော့ အခုအချိန်မှာ ရောဂါကင်းစင်နေတာ ဖြစ်ပါတယ်”
ဆမ်က သူလိုချင်တဲ့ အချက်ကို ရရှိလို့ ချေပပြောဆိုပါတယ်။
“ဒါကြောင့် ကျွန်တော်ရှေ့ဆက်ပြီး ဆေးမသောက်ချင်တော့တာပါ”

ဆက်လက်ရှင်းပြဖို့လိုလာပါပြီ။
“ဒီလိုရှိပါတယ် ဆမ်။ စိတ်ရောဂါကို ကုသတဲ့အခါ အပိုင်းနှစ်ပိုင်း ခွဲခြားကြည့်သင့်ပါတယ်။ ရောဂါ ဆိုးရွားနေချိန်မှာ ကုသတဲ့အပိုင်းနဲ့ ရောဂါသက်သာ ပျောက်ကင်းသွားပေမယ့် ရောဂါ “ပြန်ထ”မလာအောင် ကာကွယ်ပေးတဲ့ အပိုင်းတွေဖြစ်ပါတယ်။ ဆမ်အတွက်ပြောရရင် အခုအချိန်မှာ ရောဂါပြန်ထမလာအောင် ကာကွယ်ဖို့ လိုပါတယ်။ အခု ဆမ်သုံးစွဲနေတဲ့ စိတ်တည်ငြိမ်ဆေးနဲ့ စိတ္တဇရောဂါကုသဆေးတွေဟာ ဒီအတွက် ထိရောက်မှုရှိတဲ့ ဆေးတွေပါ။ ဆမ်ရဲ့ ရောဂါကို အခုအချိန်မှာ ထိန်းချုပ်ထားနိုင်ပေမယ့် ဆေးရပ်လိုက်ရင် ရောဂါ ပြန်လည် မဖြစ်ပွားဘူးလို့ မပြောနိုင်သေးပါဘူး။ အများအားဖြင့် နှစ်နှစ် အတွင်းမှာ အနည်းဆုံး တစ်ကြိမ် ပြန်လည် ဖြစ်ပွားတတ်ပါတယ်။ ဒီသဘောနဲ့သုံးသပ်ကြည့်ရင် ဆမ်အနေနဲ့ အနည်းဆုံး နောက်ထပ် နှစ်နှစ် လောက် ဆေးဆက်သောက်စေချင်တယ်”
ဆမ်က ဘဝင်မကျတဲ့ အမူအရာနဲ့ အကြောင်းရှာပြီး ငြင်းချက်ထုတ်ပါတယ်။

“ဆေးကြောင့် ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေက ကျွန်တော့်ရောဂါထက် ပိုမိုဆိုးရွားနေမှာကို စိုးရိမ်တာပါ”
ဒီအချက်မှာတော့ စာရေးသူက အရမ်းကတိပေးလို့ မဖြစ်ပါဘူး။ အကျိုးနဲ့ အဆိုးကို ချင့်ချိန်နိုင်အောင် ပညာပေးရမှာပါ။ နောက်ဆုံး ဆုံးဖြတ်ချက် ချရမှာက ကာယကံရှင် လူနာဖြစ်ပါတယ်။
“ဆေးကြောင့် ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ရှိပါတယ်။ ကျွန်တော်တို့ သတိထားကြည့်ရှု နေရမှာပေါ့။ စိတ်တည်ငြိမ်ဆေး(Lithium)ကြောင့် ရေရှည်မှာ ကျောက်ကပ်အင်္ဂါနဲ့ သိုင်းရွိုက်ဟော်မုန်း အကျိတ်လုပ်ငန်းတွေ ချို့ယွင်းလာတာရှိနိုင်ပါတယ်။ အဲဒီအင်္ဂါအစိတ်အပိုင်းတွေ ချက်ချင်းပျက်စီးယိုယွင်း သွားတာတော့ မဟုတ်ပါဘူး။ ဒဏ်ပိလာနိုင်တာပါ။ ဒါကြောင့် ကျောက်ကပ်လုပ်ငန်းနဲ့ သိုင်းရွိုက်ဟော်မုန်း အကျိတ်လုပ်ငန်းတွေ ပြောင်းလဲလာတာ ရှိ၊ မရှိ သွေးစစ်ကြည့်ရပါတယ်။ အနည်းဆုံး ခြောက်လတစ်ကြိမ် စစ်ဆေးကြည့်မှာပါ”
“စိတ္တဇရောဂါ ကုသဆေး (Olanzapine)ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ထည့်တွက်ရမှာပေါ့ ဆရာ”လို့ ဆမ်က သိချင်သလိုလိုနဲ့ ငြင်းချက်ထုတ်ပြန်တယ်။

စာရေးသူက ဆက်လက်ရှင်းပြရတယ်။
“စိတ္တဇရောဂါကုသဆေး (Olanzapine) ကြောင့် ဖြစ်တတ်တဲ့ ရေရှည် ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ကိုယ်အလေးချိန်တက်တာ၊ ဝမ်းဗိုက်ပူ ထွက်ပြီး အဝလွန်လာတာ၊ မကောင်းတဲ့”ပြည့်ဝဆီ “သွေးထဲမှာများလာပြီး ကောင်းတဲ့ “မပြည့်ဝဆီ”အချိုးကျလျော့နည်းလာတာ၊ သွေးတိုးတက်တာ၊ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားဖို့အလားအလာများလာတာတို့ ဖြစ်ပါတယ်”
ဆမ်က ချေပဖို့ အကွက်ရရှိလာသလို သူ့အမြင် နဲ့ ဝေဖန်တယ်။
“ဆရာ ပြောသလိုဆိုရင် ဦးနှောက်သွေးကြောပြတ်ရောဂါ၊ နှလုံးလေဖြတ်ရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်ဖို့ အလားအလာ များတာပေါ့”
ဒီတော့ စာရေးသူက အခြေအနေမှန်ကို သုံးသပ်ပြရပါတယ်။
“မကောင်းတဲ့ အမြင်နဲ့ ကြည့်ရင်တော့ ဆမ်ပြောသလို စိုးရိမ်စရာပေါ့။ ဒါပေမဲ့ အဲဒီဘေးထွက် ဆိုးကျိုးတွေ ဖြစ်ပွားမှု လျော့နည်းအောင် ဂရုစိုက် လို့ ရပါတယ်။ ၆ လတစ်ကြိမ် မှန်မှန်သွေးစစ်ရမယ်၊ အဆီများတဲ့ အစားအစာနဲ့ အချိုဓာတ်များတဲ့ အစားအစာတွေ ရှောင်ရမယ်။ မရှောင်နိုင်ရင် လျှော့စားရမယ်။ ကိုယ်အလေးချိန် မတက်အောင် အာဟာရရှိတဲ့ အစားအစာကို ချင့်ချိန်စားရမယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမှန်မှန် လုပ်ရမယ်။ ဆေးလိပ်မသောက်နဲ့။ အရက်မသောက်ဘဲ နေနိုင်ရင်ကောင်းတယ်။ အဲဒီလို လူနေမှုပုံစံကို ပြောင်းလဲပေးနိုင်ရင် ဒီဆေးတွေကို သောက်နေရပေမယ့် ဘေးထွက်ဆိုး ကျိုးဖြစ်နှုန်း နည်းပါးပါလိမ့်မယ်”

“ဆေးဆက်လက်သုံးစွဲနေရင်ကျွန်တော့်ရောဂါ ပြန်ထမလာဘူးလို့ ပြောနိုင်သလား”လို့ ဆမ်က ဆင်ခြေတက် ပါတယ်။
“ဖြစ်မလာတော့ဘူးလို့တော့ တိတိကျကျ မပြောနိုင်ပါဘူးဆမ်။ ဒါပေမဲ့ ရောဂါ ပြန်ထလာမယ့် အခြေအနေ သိသိသာသာ လျော့နည်းသွားနိုင်ပါတယ်။ စိတ်တည်ငြိမ်ဆေး(Olanzapine)ကြောင့် စိတ်ကြွ ဒါမှမဟုတ် စိတ်ကျရောဂါ ပြန်လည်ဖြစ်ပွားတဲ့ နှုန်းက ၆၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားတာကို တွေ့ရှိရပါတယ်။ နောက်ပြီး စိတ်တည်ငြိမ်ဆေး သုံးစွဲနေတဲ့ လူနာတွေထဲမှာ မိမိကိုယ်ကိုယ် သတ်သေတဲ့နှုန်းလည်း လျော့နည်း လာပါတယ်”

ဆမ်က ပြန်လည်မချေပတော့ဘဲ ဈေးဆစ်ပါတယ်။
“ဒီလိုဆိုရင် ဒီဆေးတွေကို ဘယ်လောက်ကြာကြာ စားရမလဲ ဆရာ”
“ဆမ်ရဲ့ ရောဂါ နှစ်နှစ်အတွင်း ပြန်ထမလာဘူးဆိုရင် အနည်းဆုံး နှစ်နှစ်ဆက်တိုက် သုံးစွဲရမယ်။ နှစ်နှစ်ပြည့်တဲ့အခါ ဆေးအချိန်အတွယ်ကို တဖြည်းဖြည်း လျှော့ချပေးရမယ်။ အားလုံး အဆင်ပြေရင် ဆေးသောက်တာ ရပ်နားကြည့်နိုင်တယ်”

စာရေးသူ ရှင်းပြတာကို ဆမ်က သဘောတူ လက်ခံပါတယ်။ ဒါပေမဲ့ သူ့ဇနီးနဲ့ တိုင်ပင်ကြည့်ဦးမယ်လို့လည်း ပြောပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top