Healthy Life Ad
Q & A

အင်ပြင်ထနေလို့ . . .

မေး။ ။ အင်ပြင်တွေခဏခဏပေါ်တော့ ယားနေပါတယ်။ ၃နှစ်လောက်ရှိပါပြီ။ ဆေးတွေလည်းစုံနေပါပြီ။ ဘယ် ဆေးသောက်ရမလဲ။
ကျိန်စာသင့်သယံဇာတ(FB)

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ အင်ပြင်ထတဲ့အခါ သက်သာရာရစေဖို့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

– အင်ပြင်ထတဲ့အခါ အဝတ်အစားကျပ်ကျပ်ဝတ် ရင်ပိုယားတတ်တဲ့အတွက် ပွပွချောင်ချောင်ချည်သား အဝတ်အစားတွေကို ရွေးချယ် ဝတ်ဆင်ရပါမယ်။

– အင်ပြင်ထတဲ့သူဟာ ခန္ဓာကိုယ်အပူချိန် အပြောင်းအလဲကို သတိထားရပါမယ်။ ရာသီဥတု ပူလွန်းရင် နားနေပြီး အေးတဲ့နေရာမှာ နေသင့်ပါတယ်။

– အအေးနဲ့ မတည့်တဲ့ အင်ပြင်ဖြစ်တတ်သူတွေက ရေကူးရင်တောင် တစ်ယောက်တည်း မကူးသင့်ပါဘူး။ အဝတ်အစားရေစိုနေရင် မြန်မြန်လဲသင့်ပါတယ်။

– နေရောင်နဲ့မတည့်လို့ အင်ပြင်ဖြစ်တတ်သူတွေက နေရောင်ကို တတ်နိုင်သမျှ ရှောင်ရပါမယ်။

– စိတ်ဖိစီးမှုများရင် ခန္ဓာကိုယ်အပူချိန်တက်ပြီး ယားလာတတ်လို့ စိတ်ဖိစီးမှုမများအောင် တရားထိုင်တာ၊ ယောဂကျင့်တာတို့ ပြုလုပ်သင့်ပါတယ်။

– အင်ပြင်ထတတ်တဲ့သူက ပူလွန်း၊ အေးလွန်းတဲ့ ရေကို မချိုးသင့်ပါဘူး။

– အကိုက်အခဲသက်သာစေတဲ့ ဆေးတွေကို သတိထားရပါမယ်။

– အင်ပြင်အတွက် အစားအသောက်ကို ဂရုစိုက်ရပါမယ်။ ဆိုးဆေးပါတဲ့ အစာတွေကို သတိထားရပါမယ်။ အရက်က သွေးကြောကျယ်စေတဲ့အတွက် ရှောင်သင့်ပါတယ်။

– ရာသီဥတုပူရင် လှုပ်ရှားမှုမများအောင် သတိထားပြီး နေထိုင်သင့်ပါတယ်။

– ပူလွန်းတဲ့ ပတ်ဝန်းကျင်မှာ မနေသင့်ပါဘူး။ အရေပြား အေးမြစေမယ့် အသားအရေထိန်းပစ္စည်းတွေကိုပဲ သုံးသင့်ပါတယ်။

– အင်ပြင်ဖြစ်လိုက်၊ ပျောက်လိုက်သံသရာ လည်နေချိန်မှာ အလှပြင်ပစ္စည်း၊ ဆံပင်ဆိုးဆေးနဲ့ အသားအရေထိန်းပစ္စည်း အသစ်တွေကို ပြောင်းပြီး မသုံးသင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top