Healthy Life Ad
Life Style

အိမ်ထောင်မှုသုခ ပြည့်ဝစေရန်

၊ ငွေကြယ်စင်ယံ ၊

အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုအပြည့်အဝရရှိစေဖို့ အိမ်ထောင်ရှင်အမျိုးသား၊ အမျိုးသမီးတိုင်း သိရှိထားသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

(၁) အာဟာရ

အာရုံကြောရဲ့ လုပ်ငန်းဆောင်တာကောင်းမွန်တာ၊ ဟော်မုန်းအဆင့် ကောင်းမွန်တာနဲ့ တင်ပဆုံအောက်ပိုင်းဆီကို သွေးစီးဆင်းမှု ကောင်းမွန်တာတွေအားလုံးဟာ အိမ်ထောင်မှုသုခကို ပြည့်ဝစေနိုင်တဲ့အရာတွေပါ။ ဒီစနစ်တွေအားလုံး ဟန်ချက်ညီညီ အလုပ်လုပ်နိုင်ဖို့ ပဲအမျိုးမျိုး၊ ကောက်နှံစာ၊ ကာဗိုဟိုက်ဒရိတ်၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်စတာတွေကို စားပေးဖို့လိုပါတယ်။ ဒီအစားအစာတွေထဲမှာ ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေများစွာ ပါဝင်နေပါတယ်။ ချဉ်တဲ့အသီးအနှံတွေထဲမှာပါတဲ့ ဗီတာမင်စီဟာ သွေးကြောနံရံတွေကို သန်စွမ်းစေပြီး အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်း၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးစာ စတာတွေမှာပါတဲ့ ရိုင်ဘိုဖလေဗင်ကတော့ အမျိုးသမီးမျိုးဆက်ပွားလမ်းကြောင်းမှာရှိတဲ့ အမြှေးပါးတွေကို ကောင်းမွန်အောင် တည်ဆောက်ပေးပါတယ်။

(၂) ဗီတာမင်အီး

အဆီ၊ အခွံမာသီး၊ အစေ့အဆန်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ ဂျုံစတာတွေကနေ ဗီတာမင်အီးကို ကောင်းကောင်းမရရှိရင် Sex လုပ်ငန်းဆောင်တာတွေဟာ ချောမွေ့မှုမရှိဘူးလို့ ကျွမ်းကျင်သူတချို့က ယုံကြည်ကြပါတယ်။

(၃) ကိုယ်လက်လှုပ်ရှားမှု

နုံးချည့်ညောင်းညာတာနဲ့ စိတ်ဓာတ်ကျတာတွေဟာ Sex ကိစ္စအတွက် အကြီးမားဆုံးရန်သူပါပဲ။ ဒီအခြေအနေတွေက တစ်ခုနဲ့တစ်ခုဆက်စပ်နေတာကြောင့် သက်သာလျော့ပါးအောင် ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းထွက် ရှိလာစေပါတယ်။ တချို့လူတွေမှာ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါကြောင့် နုံးချည့်တတ်ပါတယ်။ အဲဒီလိုအခြေအနေမှာ သံဓာတ်ပြည့်ဝစေဖို့ အားဖြည့်ကွေကာ၊ ပဲအမျိုးမျိုး၊ အသား၊ ငါး၊ ပုဇွန်၊ အစေ့အဆန်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးခြောက်တွေကို စားသုံးပေးဖို့လိုပါတယ်။

(၄) ဇင့်(သွပ်)ဓာတ်

သွပ်ဓာတ်အလုံအလောက်မရှိရင် ကလေးတွေရဲ့ လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု နှောင့်နှေးတတ်ပြီး အမျိုးသားတွေမှာ သုက်ကောင်အရေအတွက် လျော့ကျစေပါတယ်။ သွပ်ဓာတ်ဟာ ပင်လယ်စာ၊ (အထူးသဖြင့် ကမာကောင်)၊ အသား၊ အသည်း၊ ဥအမျိုးမျိုး၊ ပဲသီး၊ အခွံမာတဲ့အစေ့အဆန်နဲ့ ကောက်နှံစာတွေမှာ အများအပြား ပါဝင်နေပါတယ်။

(၅) ပြည့်ဝဆီလျှော့ချခြင်း

ပြည့်ဝဆီကို များများစားလေလေ၊ သွေးတွင်းကို လက်စထရောအဆင့် မြင့်တက်လေလေဖြစ်ကာ နှလုံးတစ်ဝိုက်က သွေးကြောတွေထဲ အဆီများတဲ့ သွေးခဲဖတ်တွေပိတ်ဆို့ပြီး သွေးကြောမာကျစ်တာကို ဖြစ်စေနိုင်လေလေပါပဲ။ သွေးခဲဖတ်တွေဟာ လိင်တံရှိသေးငယ်တဲ့ သွေးကြောတွေထဲမှာလည်း ပိတ်ဆို့နိုင်တာကြောင့် လုံလောက်တဲ့ သွေးလှည့်ပတ်မှုမရှိတော့ပါဘူး။ အဲဒီအခါ အမျိုးသားစွမ်းဆောင်ရည်က လျော့ကျလာပါတယ်။

(၆) အရက်နှင့်ဆေးလိပ်ရှောင်ခြင်း

အရက်ဟာ ဆန္ဒကိုနှိုးဆွနိုင်ပေမယ့် စွမ်းဆောင်နိုင်စွမ်းကိုတော့ ကင်းမဲ့စေပါတယ်။ အရက်ကို အလွန်အကျွံသောက်ရင် စိတ်ဓာတ်ကိုပါ ကျစေနိုင်ပါတယ်။ အရက်ဟာ မဟော်မုန်း အီစထရိုဂျင်နဲ့ လုပ်ငန်းဆင်တူတာကြောင့် အရက်ကို တာရှည်စွဲသောက်တာဟာ အမျိုးသားစွမ်းဆောင်ရည်ကို လျော့ကျစေပြီး ပန်းသေတာကို ဖြစ်စေနိုင်ပါတယ်။

နီကိုတင်းကတော့ သွေးကြောတွေရဲ့ ရန်သူပါ။ နီကိုတင်းဟာ လိင်တံသွေးကြောထဲမှာ သွေးကြောပိတ်စေတဲ့ သွေးခဲဖတ်ကို ဖြစ်စေရုံသာမက သွေးကြောလည်း ကျဉ်းစေပါတယ်။ ဒါကြောင့် ဆေးလိပ်ကို လုံးဝမသောက်သင့်တာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top