Healthy Life Ad
Health Tips

လျစ်လျူရှူမထားသင့်သည့် သိုင်းရွိုက်ရောဂါလက္ခဏာများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

သိုင်းရွိုက်ဂလင်းဆိုတာ ခန္ဓာကိုယ်ဇီဝရုပ်ဖြစ်ပျက်မှု၊ ကိုယ်အပူချိန်နဲ့ သွေးခုန်နှုန်းတို့ကို ထိန်းညှိပေးတဲ့ ဟော်မုန်းထုတ်ပေးရာနေရာပါ။ အဲဒီဂလင်းကောင်းကောင်းအလုပ်မလုပ်ရင် အသည်း၊ အူ၊ ကျောက်ကပ်၊ မျိုးဆက်ပွားစနစ်၊ နှလုံးနဲ့ဦးနှောက်တို့မှာတောင် နောက်ဆက်တွဲထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လျစ်လျူရှူမထားသင့်တဲ့ သိုင်းရွိုက်ရောဂါလက္ခဏာတွေကို မျှဝေလိုက်ပါတယ်။

(၁) မောပန်းခြင်းနှင့်စိတ်တိုစိတ်ဆတ်လွယ်ခြင်း
သိုင်းရွိုက်ရောဂါကသင့်စွမ်းအင်အဆင့်နဲ့ စိတ်ခံစားမှုအပေါ် သက်ရောက်မှုရှိပါတယ်။ သိုင်းရွိုက် ဟော်မုန်းချို့တဲ့တဲ့အခါ မောပန်းတာနဲ့ စွမ်းအင်ကုန်ခမ်းတာတို့ကိုဖြစ်စေပြီး နောက်ပိုင်းမှာ အိပ်ရေးပျက်တာနဲ့ စိတ်တိုစိတ်ဆတ်လွယ်တာတို့ ဖြစ်တတ်ပါတယ်။

(၂) နှလုံးခုန်နှုန်း အပြောင်းအလဲ
သိုင်းရွိုက်ဟော်မုန်းတွေက ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းအားလုံးနီးပါးကို သက်ရောက်မှုရှိတဲ့အပြင် နှလုံးခုန်နှုန်းကို ပြောင်းလဲစေနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းဝေဒနာ ဖြစ်ကာစ လူတွေမှာ နှလုံးခုန်နှုန်းဟာ ပုံမှန်ထက်ပိုနှေးတာ ဒါမှမဟုတ် ပိုမြန်တာ ဖြစ်တတ်ပါတယ်။

(၃) ကိုယ်အလေးချိန် သိသိသာသာတက်ခြင်းကျခြင်း
ကိုယ်အလေးချိန် သိသိသာသာ မြင့်တက်တာ ဒါမှမဟုတ် သိသိသာသာလျော့ကျတာက သိုင်းရွိုက်ရောဂါရဲ့ အသိသာဆုံး လက္ခဏာတွေထဲက တစ်ခု ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း များလွန်းရင် ဒါမှ မဟုတ် နည်းလွန်းရင် အချိန်တိုအတွင်း ကိုယ်အ လေးချိန်မြင့်တက်တာ ဒါမှမဟုတ် လျော့ကျတာက ဖြစ်တတ်ပါတယ်။

(၄) အရေပြားခြောက်သွေ့ခြင်းနှင့် လက်သည်းကြွပ်ဆတ်ခြင်း
အရေပြား ခြောက်သွေ့ယားယံတာကလည်း သိုင်းရွိုက်ဂလင်း ပြဿနာတစ်ရပ် ဖြစ်နိုင်ပါတယ်။ အလားတူ လက်သည်းကြွပ်ဆတ်ပြီး လက်သည်း မျက်နှာပြင်ပေါ် ဒေါင်လိုက်လိုင်းတွေပေါ်နေရင်လည်း သိုင်းရွိုက်ဂလင်းဆိုင်ရာ ဝေဒနာဖြစ်နိုင်ပါတယ်။

(၅) ကိုယ်အပူချိန်အတက်အကျဖြစ်ခြင်း
သိုင်းရွိုက်ရောဂါက ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိနိုင်စွမ်းအပေါ် ထိခိုက်စေပါတယ်။ အဲဒီအတွက် ချမ်းတုန်တာ ဒါမှမဟုတ် ချွေးအလွန်အမင်းထွက်တာနဲ့ပူတာတို့ ဖြစ်တတ်ပါတယ်။

(၆) လည်ပင်းရောင်ရမ်းခြင်း
လည်ပင်းရောင်တာ ဒါမှမဟုတ် လည်ပင်းကြီးတာက သိုင်းရွိုက်ဂလင်းဆိုင်ရာ ဝေဒနာတစ်ခု ဖြစ်နိုင်တဲ့အတွက် သတိထားပါ။

(၇) ကြွက်သားနာကျင်ခြင်းနှင့် တက်ခြင်း
သိုင်းရွိုက်ဟော်မုန်းလျော့နည်းတဲ့အခါ ခန္ဓာကိုယ်ရဲ့ မတူညီတဲ့ အပိုင်းတွေမှာ နာကျင်တတ်ပါတယ်။ အများအားဖြင့် ဒီလက္ခဏာဝေဒနာတွေက ကြွက်သားရောင်ရမ်းမှုနဲ့ ဆက်စပ်နေတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top