Healthy Life Ad
Life Style

သိုင်းရွိုက်ဂလင်း ပုံမှန်မဟုတ်ခြင်း

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို သိပါရစေ ဆရာ။
ဖြေ ။ သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းအရှေ့မှာရှိတဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း ထုတ်ပေးတဲ့ ဂလင်းဖြစ်ပါတယ်။ သူရဲ့ လုပ်ငန်းဆောင်တာက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေပါတယ်။ နှလုံးခုန်နှုန်းကိုလည်း ထိန်းပေးပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေပေါ်မှာ သက်ရောက်မှုရှိပါတယ်။

မေး ။ သိုင်းရွိုက်ဂလင်း ပုံမှန်မဟုတ်တာကြောင့် ဘယ်လို ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ သိုင်းရွိုက်ဂလင်း မူမမှန်တာကြောင့် ဖြစ်တတ်တာတွေက နှစ်ပိုင်းရှိပါတယ်။

(၁) သွေးထဲမှာ သိုင်းရွိုက်ဟော်မုန်း များတာနဲ့

(၂) သွေးထဲမှာ သိုင်းရွိုက်ဟော်မုန်း နည်းတာတို့ ဖြစ်ကြပါတယ်။

အခုနောက်ပိုင်း ကျန်းမာရေးစစ်ဆေးမှု ခံယူတဲ့အခါမှာ လွတ်မသွားအောင် သိုင်းရွိုက်လုပ်ငန်း ဆောင်တာ စစ်ဆေးမှု (Thyroid Function Test) T3 ၊ T4 ကို စစ်ကြပါတယ်။

မေး ။ သွေးထဲမှာသိုင်းရွိုက်ဟော်မုန်း နည်းတာ၊များတာကြောင့် ကျန်းမာရေးအနေနဲ့ ဘယ်လိုပြဿနာတွေ ခံစားရတတ်ပါသလဲ ဆရာ။
ဖြေ ။ သိုင်းရွိုက်ဟော်မုန်းနည်းတာ၊ များတာကြောင့် အထူးသဖြင့် ပိန်သွားတယ်၊ တချို့ကျတော့လည်း အစားအသောက်တွေကို အများကြီးစားတယ်၊ ဒါပေမဲ့ စားသလောက် အာဟာရမဖြစ်ဘဲ ပိန်သွားတယ်။ တချို့လည်း ဝမ်းသွားတဲ့အမူအကျင့်ပြောင်းသွားတယ်၊ တချို့ကျတော့ ဝမ်းတအားသွားတယ်၊ တချို့ကျတော့ ဝမ်းတအားချုပ်တယ်။ တချို့တွေ မှာ လည်ပင်းကြီးလာတယ်။ တချို့ကျတော့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေဖြစ်လာတယ်။ တချို့တွေမှာ စိတ်မရှည်တော့ဘူး။ တစ်ခုခုဆိုရင် အရမ်းဒေါသထွက်လွယ်တယ်။ တချို့တွေမှာကျတော့ မျက်စိနည်းနည်း ပြူးလာတတ်ပါတယ်။ တချို့တွေမှာ နှလုံးခုန်နှုန်း မူမမှန်တာတွေဖြစ်လာတတ်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် လစဉ်ရာသီစက်ဝန်းပေါ်မှာ သက်ရောက်မှုရှိတတ်ပါတယ်။ ဒီလိုလက္ခဏာတွေဖြစ်တဲ့အခါ ဆရာဝန်ကလိုအပ်ရင် သိုင်းရွိုက်ဟော်မုန်းစစ်ဆေးခိုင်းပါတယ်။

မေး ။ သွေးထဲမှာသိုင်းရွိုက်ဟော်မုန်းပုံမှန်မဟုတ်ဘူး ဆိုရင် ဘယ်လို ကုသမှုခံယူသင့်ပါသလဲ ဆရာ။
ဖြေ ။

သိုင်းရွိုက်ဟော်မုန်း ပုံမှန်ဟုတ်၊ မဟုတ်ဆိုတာ ဒီအတိုင်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ T3 ၊ T4 ၊ TSHကို သွေးစစ်ရပါတယ်။ စစ်ဆေးပြီး ရလာတဲ့ ရလဒ်အပေါ်မူတည်ကာ

သိုင်းရွိုက်ဟော်မုန်း များရင်လည်းများတဲ့ အလျောက်၊ နည်းရင်လည်း နည်းတဲ့ အလျောက် ကုသမှုခံယူရပါတယ်။ သိုင်းရွိုက် ဟော်မုန်းသိပ်များနေတဲ့ အခြေအနေမှာ သိုင်းရွိုက်ဂလင်းခွဲထုတ်လိုက်ရတဲ့ အခြေအနေတောင်ရှိပါတယ်။ ဒါတွေကတော့ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးတွေနဲ့ လိုအပ်တဲ့ ကုသမှုကို စနစ်တကျခံယူရပါမယ်။ သိုင်းရွိုက်ဂလင်း ခွဲပြီးတဲ့အခါ ဟော်မုန်းအစားထိုးတာတို့၊ လိုအပ်တဲ့ အာဟာရ ဖြည့်တင်းမှုတို့ကို ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက်ကုသမှု ခံယူသွားရမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top