Healthy Life Ad
Life Style

အမေ့ကျေးဇူး ဆပ်လိုက်တာပေါ့လေ …

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော်(ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

“ငါ့ကို ဘာလို့ သစ်ပင်အောက်မှာ ထားတာလဲ၊ နင်တို့ တော်တော်ရက်စက်ကြတာပဲ။ ငါ ဒီမှာမနေဘူး၊ ငါသွားမယ်၊ ငါ့အိမ်ကို ပြန်မယ်။ ငါ့ကို လိုက်ပို့ ကြစမ်း”
အဘွားခင် အော်ဟစ်သောင်းကျန်းနေပါတယ်။

အဘွားခင်ရဲ့ သမီးကြီးဖြစ်သူက –
“အမေ အခု နေနေတာ အိမ်ထဲမှာပဲလေ၊ သစ်ပင်အောက်မှာ မဟုတ်ဘူး အမေ၊ မယုံရင် မီးဖွင့်ပြမယ်၊ ဒီမှာကြည့်”ဆိုပြီး မီးဖွင့်ပြလိုက်ပါတယ်။
“နင်တို့ သစ်ပင်ပေါ်မှာ မီးထွန်းထားတာ မဟုတ်လား၊ သစ်ပင်ပေါ်က မီးသီးကို ဖွင့်ပြနေတာ၊

နင်တို့ငယ်ငယ်တုန်းက ငါက ကောင်းကောင်း ကျွေးမွေးပြုစုလာခဲ့တာ၊ မှက်၊ ခြင်၊ ယင်မနားအောင် အမြဲ ပွေ့ပွေ့ပိုက်ပိုက်ထားခဲ့တာ၊ ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် ပြုစုစောင့်ရှောက်ခဲ့ရတာ၊ ရွှေပေါ်မြတင် ထားခဲ့တာ . . နင်တို့ကကျတော့ ငါ့ကို သစ်ပင်အောက်မှာထားတယ်၊ ကျေးဇူးတွေ ဆပ်လိုက်တာပေါ့လေ . . ဟုတ်လား”

ဆိုပြီး အဘွားခင်က အော်ဟစ်ပြောဆိုပြန်ပါတယ်။ ဒါနဲ့ သားသမီးတွေ က ဝိုင်းပြီး “အမေ . .အခုက အိမ်ထဲမှာပဲလေ၊ သစ်ပင်အောက်မှာဆိုရင် အမေ လေတိုးသံတွေ ကြားရ မှာပေါ့၊ အခု ကြားရလို့လား”ဆိုတော့ အဘွားခင် ဘာမှပြန်မပြောတော့ပေမယ့် ပါးစပ်က တတွတ်တွတ်နဲ့ မကျေမနပ် ဖြစ်နေပါတော့တယ်။

ခဏကြာတော့ အဘွားခင်က သူ့ကို လှေအစုတ်ပေါ် တင်ပြီး ရေထဲမှာ ပစ်ထားတယ်လို့ ပြောပြန်ပါတယ်။
“အခုလို ရေပေါ်မှာ ပစ်ထားတော့ ငါ့မှာ စားချင်တာ မစားရဘူး။ လှေကလည်း မကောင်းတော့ သွားချင်တဲ့ နေရာ မသွားရဘူး . .ဒီလိုနည်းနဲ့ မိခင်ရဲ့ မွေးကျေးဇူး၊ ကျွေးကျေးဇူးကို ဆပ်လိုက်တာပေါ့လေ ဟုတ်လား . .ငါက နင်တို့ကိုမွေးကတည်းက ထမင်းတစ်နပ်မှ အငတ်မခံဘဲ သေချာ ပြုစုကျွေးမွေးခဲ့တာ၊ အခုတော့ တစ်နေကုန် ငါ ထမင်းမစားရသေးဘူး၊ အခု ဘယ်အချိန်ရှိနေပြီလဲ၊ ငါ့ကို ထမင်း ကျွေးစမ်း . . တစ်နေကုန် ထမင်း မကျွေးဘဲ ပစ်ထားတယ်”
“အခုလေးပဲ ထမင်း စားပြီးသားလေ အမေ၊ စောစောကပဲ နေ့လယ်စာ စားထားတာလေ၊ ကျွန်မ ကိုယ်တိုင် ခူးကျွေးတာလေ အမေ”လို့ အဘွားခင်ရဲ့ သမီးငယ်က ပြောတော့လည်း အဘွားက “နင် လျှောက်မပြောနဲ့၊ ဘယ်သူမှ ငါ့ကို ထမင်း မကျွေးဘူး၊ ငါ ထမင်း မစားရသေးဘူး၊ အခု ထမင်းကျွေး”ဆိုပြီး ကလေးတစ်ယောက်လို ဂျီကျအော်ဟစ်နေပါတော့တယ်။
_ _ _
ညနေပိုင်းမှောင်ရီပျိုးလာတော့လည်း အဘွားခင်က “ငါ့မြေးပူတူတူးလေးတွေ လာကြ၊ အဘွား အိပ်ရာပေါ် လာအိပ်ကြ၊ အဘွားနဲ့ အတူ ကစားရအောင်”လို့ တစ်နေရာကို ကြည့်ပြီး ပြောပြန်တယ်။
“အမေ . . ဘယ်မှာ ကလေးတွေ ရှိလို့လဲ၊ အဘွားမြေးတွေအကုန်လုံးက နယ်မှာလေ၊ ကျောင်းဖွင့် ရက်ဖြစ်နေလို့ အလည်မလာသေးဘူးလေ အမေ” လို့ ပြောတော့လည်း အဘွားခင်က ဇွတ်အတင်းငြင်းတယ်။
“ဟဲ့ . . ဒီမှာလေ . . ညည်းမမြင်ဘူးလား၊ ဒီမှာ ငါ့မြေးပေါက်စလေးတွေ . . လာ လာ အဘွား အိပ်ရာပေါ် လာအိပ်ကြ ငါ့မြေးလေးတွေ၊ ညည်းတို့နဲ့ စကားမပြောဘူး၊ ငါ့မြေးလေးတွေနဲ့ပဲ ငါ ပျော်ပျော်နေမယ်”ဆိုပြီး ပြောပြန်တယ်။
တကယ်တော့ အဘွားခင်ရဲ့ မြေးလေးတွေက နယ်မှာ နေတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေးလေးတွေ ရှိတယ်လို့ပြောနေ၊ မြင်နေတဲ့ အဘွားခင်က တစ်နေ့တစ်နေ့ ကောင်းကောင်း မအိပ်၊ ကောင်းကောင်း မစားဘဲ သူပြောချင်တာတွေ ပြောနေတယ်လို့ပဲ အိမ်သားတွေက ထင်နေကြပါတယ်။

_ _ _
ဒီလိုနေရင်း တစ်နေ့ကျတော့ အဘွားခင်ရဲ့ ပေါင်နဲ့ ခြေသလုံးမှာ အနာတွေ ပေါက်ပြီး ဆရာဝန်ဆီ သွားပြခဲ့ရပါတယ်။ ဆရာဝန်က လိမ်းဖို့ ဆေးတွေ ပေးလိုက်တော့ သမီးတွေက အဘွားခင်ကို ဆေး လိမ်းပေးမယ် ဆိုတိုင်း အဘွားခင်က “ငါ့ကို သစ်ပင်အောက်မှာ ထားသေးတယ်၊ ဘာတွေနဲ့ လာတို့ကြမလို့လဲ၊ ဖယ်စမ်း၊ နင်တို့ လက်နဲ့ ငါ့အသားကို မထိနဲ့ . .” ဆိုပြီး တစ်မျိုး၊ “ငါ့ကို ဒီဆေးတွေ လိမ်းပြီး ရေထဲ ပစ်ထားတော့မယ်ပေါ့လေ၊ ဟုတ်လား . . သားသမီးတွေ ကောင်းကျိုးကို မပေးဘူး၊ ငါက အသက်ကြီး ပြီဆိုတော့ နင်တို့အတွက် အသုံးမဝင်တော့ဘူးပေါ့လေ၊ ဒီနည်းနဲ့ ဒီအမေရဲ့ ကျေးဇူးကို ဆပ်တာလား”
အဘွားခင်က ဆေးလိမ်းတာကို လုံးဝ လက်မခံတဲ့အတွက် အနာတွေကလည်း တစ်နေ့ တခြားပိုဆိုး လာပါတော့တယ်။

ဒါနဲ့ ဆရာဝန်ဆီ ပြန်ပြတော့ ဘာလို့ ဆေးလိမ်းမခံတာလဲလို့ မေးတာနဲ့ သမီးတွေက အဘွားခင်ဟာ အိမ်ထဲမှာ နေပါရက်နဲ့ သစ်ပင်အောက်ထားတယ်လှေပေါ်ထားတယ်လို့ပြောနေတာရယ်၊ မြေးလေးတွေမရှိဘဲနဲ့ လာတယ်လို့ ထင်နေတာရယ်၊ ဆေးလိမ်းမယ်ဆိုတာကို ဘာတွေနဲ့လာတို့မှန်း မသိဘူးဆိုပြီး အော်လွှတ်တာရယ် . . စတာတွေကို ပြောပြတော့ မိသားစုဆရာဝန်က “အဘွား . . သူတို့က ကျွန်တော် ပေးတဲ့ဆေးလိမ်းပေးမလို့ပါ၊ မဟုတ်တာတွေနဲ့ အဘွားကိုတို့တာ မဟုတ်ပါဘူး”လို့ ပြောတော့ အဘွားခင် က “အဲဒါ ဆေးမဟုတ်ဘူး ဆရာ၊ ဆေးမဟုတ်တာတွေနဲ့ လာတို့တယ် . .သစ်ပင်အောက်လည်း ထားတယ်၊ လှေပေါ်မှာလည်း ပစ်ထားတယ်”ဆိုပြီး ပြောပါတယ်။ ဒါနဲ့ မိသားစု ဆရာဝန်က “အဘွားက အိမ်ထဲမှာ နေပြီး သစ်ပင်အောက်မှာ နေတယ်လို့ ထင်နေတယ်နဲ့တူတယ်။ ကလေးတွေမရှိဘဲ ရှိတယ်လို့ ခံစားနေရ တယ်ထင်တယ် . . ဒါဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်ကြီးနဲ့ ပြမှဖြစ်တော့မယ်”ဆို ပြီး ဆရာ့ဆီကို လွှဲလိုက်ပါတော့တယ်။
_ _ _
အဘွားခင်ရဲ့ အသက်က ၈၀ ကျော်ပါပြီ။ အဘွားခင် ဖြစ်နေတာတွေကို သားသမီးတွေက ပြောပြလို့ တစ်နေ့ထက် တစ်နေ့ မှတ်ဉာဏ်တွေ လျော့လျော့လာနေတာဖြစ်ကြောင်းသိရပါတယ်။ သတိမေ့ တာတွေများပြီး သူ့အိမ်မှာ နေနေရဲ့သားနဲ့ သူ့ အိမ်မှာနေတာမဟုတ်ဘူးလို့ ထင်နေတာရယ်၊ မြေးလေးတွေ မရောက်ဘဲနဲ့ ရောက်နေတယ်လို့ ထင်နေမြင် နေတာရယ်၊ အိမ်ထဲမှာနေရင်း ရေပေါ် ရောက်နေတယ်၊ သစ်ပင်အောက် ရောက်နေတယ်လို့ ထင်နေတာရယ်၊ ထမင်းစားပြီးသားကို မစားရသေးဘူးလို့ ထင်နေတာရယ်. . ဒါတွေကို သိရပြီး အဘွားခင်ရဲ့ ရောဂါရာဇဝင်ကို အသေးစိတ် မေးမြန်းကြည့်လိုက်တဲ့အခါ မှတ်ဉာဏ်အလွန်အမင်း လျော့နည်းချို့ယွင်းလာပြီး ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်လို့ ဖြစ်လာတဲ့ စိတ်ဝေဒနာ အပြင်းစား ခံစားနေရတယ် ဆိုတာကို သိလိုက်ရပါတယ်။
ဒါနဲ့ အဘွားခင်ကို ဆေးရုံတင်ပြီး လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ၊ ကွန်ပျူတာဓာတ်မှန်နဲ့ MRI တွေရိုက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ရင်း လိုအပ်တဲ့ကုသမှုတွေ၊ ဆေးဝါးတွေကို စနစ်တကျ ပေးထားရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top