Healthy Life Ad
Health Tips

သွေးတွင်းသကြားဓာတ်များလျှင်ဖြစ်တတ်သည့် လက္ခဏာ ၁၂ ရပ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)
သွေးတွင်း သကြားဓာတ် မြင့်မားတဲ့အခါ လူတွေဟာ အာရုံကြော၊ သွေးကြောနဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်း တွေဆီ သက်ရောက်သွားပြီး နောက်ဆက်တွဲ ဝေဒနာတွေ ဖြစ်တတ်ပါတယ်။

(၁) ဗိုက်ဆာလွန်းခြင်း
သွေးတွင်းသကြားဓာတ် မြင့်တက်တဲ့အခါ ဆဲလ်တွေထဲကို ဂလူးကို့စ်မဝင်ရောက်အောင် ကာကွယ်ဟန့်တား ပေးပါတယ်။ အဲဒီအခါ စွမ်းအင်အလုံ အလောက် မရတော့ဘဲ အစာကို ထပ်ခါတလဲလဲစားချင်နေတတ် ပြန်ပါတယ်။

(၂) နုံးချည့်ညောင်းညာခြင်း
သွေးတွင်း သကြားဓာတ် မြင့်တက်နေချိန်မှာ ခန္ဓာကိုယ်က ဂလူးကို့စ်ကို အလုံအလောက်သိုလှောင်နိုင်စွမ်းနဲ့ စုပ်ယူနိုင်စွမ်း မရှိတော့ပါဘူး။ စွမ်းအင်ကို ထိထိရောက်ရောက် အသုံးမပြုနိုင်တဲ့အတွက် ခန္ဓာကိုယ်ဆဲလ်တွေ က သူတို့လိုအပ်တဲ့ လောင်စာကို လက်မခံတော့ပါဘူး။ ဒီလိုနဲ့လူတွေက အကြောင်းပြချက်မရှိဘဲ မောပန်း နုံးချည့်နေတတ်ကြပါတယ်။

(၃) မကြာခဏ ဆီးသွားခြင်း
သွေးတွင်းသကြားဓာတ်က မြင့်လွန်းရင်ကျောက်ကပ်က အရည်ကို မစုပ်ယူနိုင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်က သွေးတွင်းနဲ့ ဆဲလ်တွင်း ဂလူးကို့စ်ပမာဏကို ညီမျှအောင် လုပ်ဆောင်နိုင်စွမ်းမရှိတဲ့အခါ မကြာခဏဆီးသွားချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။

(၄) အာခြောက်ခြင်း၊ ရေဆာလွန်းခြင်း
အာခြောက်တာနဲ့ ရေဆာလွန်းတာတွေက အရည်ဓာတ် ဆုံးရှုံးမှုများလွန်းတာကြောင့် ဖြစ်တတ်ပါတယ်။ အဲဒီအခါ သကြားမပါတဲ့ ရေ ဒါမှမဟုတ် ရေနွေးကြမ်းကို သောက်ပေးရင် ပိုကောင်းပါတယ်။

(၅) ကိုယ်အလေးချိန်ကျခြင်း
သွေးတွင်း ဂလူးကို့စ်များတဲ့သူတွေက အစာကို မကြာခဏ စားရင်တောင်၊ ကယ်လိုရီများတဲ့ အစာတွေကို စားရင်တောင် အချိန်ခဏတွင်းမှာ ကိုယ်အလေးချိန်လျော့ကျနိုင်ပါတယ်။ ဒီလိုဖြစ်ရတာက –
မကြာခဏ ဆီးသွားတာကြောင့် ရေဓာတ် ဆုံးရှုံးမှုများရာက တစ်ကိုယ်လုံး အရည်ဓာတ် လျော့နည်းပြီး ကိုယ်အလေးချိန် လျော့ကျရတာပါ။
ဂလူးကို့စ်ချေဖျက်ဖို့ အင်ဆူလင်အဆင့် မလုံလောက်ရာက အဆီလောင်ကျွမ်းမှု နည်းရတာပါ။

(၆) ကူးစက်ရောဂါများ ဝင်လွယ်ခြင်း
ဆီးလမ်းကြောင်း ပိုးဝင်တာနဲ့ မှိုပိုးဝင်တာက အမျိုးသားကော အမျိုးသမီးတွေပါ အဖြစ်များပါ တယ်။ ဒါပေမဲ့ သွေးတွင်း သကြားဓာတ်များပြီး ဆီးချိုဖြစ်တဲ့ အမျိုးသမီးတွေမှာ ကူးစက်ရောဂါ ပိုဖြစ်လွယ်ပါတယ်။

(၇) အသားအရေ ခြောက်ခြင်း
အသားအရေ ခြောက်သွေ့တာက သွေးတွင်း သကြားဓာတ် မြင့်တက်တာနဲ့ ဆက်နွှယ်မှုရှိပါတယ်။ ဆီးသွားများတာကြောင့် တစ်ကိုယ်လုံး ရေဓာတ်ခမ်းခြောက်ပြီး အသားအရေ ခြောက်သွေ့နိုင်ပါတယ်။

(၈) အာရုံစူးစိုက်နိုင်စွမ်း ခက်ခဲခြင်း
သွေးတွင်း သကြားဓာတ် မြင့်တက်တာကြောင့် ဦးနှောက်ဆဲလ်ထဲကို ဂလူးကို့စ်မဝင်အောင် ဟန့်တားပေး နိုင်ပါတယ်။ အဲဒီအတွက် ဦးနှောက်က စွမ်းအင်ရရှိဖို့ခက်ခဲသွားပါတော့တယ်။ နောက်ဆက်တွဲ အနေနဲ့ အတွေးအခေါ်ပိုင်းနဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းမှာ ထိခိုက်မှုရှိစေပါတယ်။

(၉) အမြင်ဝေ၀ါးခြင်း
အမြင်ဝေ၀ါးတာကလည်း သွေးတွင်းသကြားဓာတ်များတာကြောင့် ရေဓာတ်ခမ်းခြောက်ရာက မျက်စိဆဲလ် လေးတွေကို ထိခိုက်စေလို့ပါ။ အကျိုးဆက်အနေနဲ့ မျက်စိရဲ့ အာရုံစိုက်နိုင်စွမ်းကို လျော့ကျစေပါတယ်။

(၁၀) အနာကျက်နှုန်း နှေးကွေးခြင်း
သွေးတွင်း သကြားဓာတ်များရာက သွေးကြောလေးတွေ ထိခိုက်ပြီး အနာကျက်နှုန်း နှေးတတ်ပါတယ်။ ဒီလိုနဲ့ အထူးသဖြင့် ခြေဖျား၊ လက်ဖျားတွေမှာ သွေးလှည့်ပတ်မှု ထိခိုက်ကာ တစ်သျှူးတွေဆီ အာဟာရပို့ဆောင်မှု မလုံလောက်တာမျိုး ဖြစ်တတ်ပါတယ်။

(၁၁) ပန်းသေခြင်း
လိင်တံထောင်မတ်နိုင်စွမ်း ခက်ခဲရတာက သွေးတွင်းသကြားဓာတ်မြင့်တက်မှုနဲ့ ဆက်စပ်နေပါတယ်။ နာ့ဗ်ကြော ကျန်းမာပြီး သွေးစီးဆင်းမှု ကောင်းတာ၊ ဟော်မုန်းတွေ ဟန်ချက်ညီတာတွေ ရှိမှသာအမျိုးသားစွမ်းဆောင်ရည် ကောင်းမွန်စေမှာပါ။ ဒါပေမဲ့ သွေးတွင်း သကြားဓာတ် မြင့်မားတာက ဒီစနစ်တွေကို ထိခိုက်စေနိုင်ပါတယ်။

(၁၂) ကတုန်ကယင်ဖြစ်ခြင်း
သွေးတွင်း သကြားဓာတ်များတဲ့ လူတွေက ပိုပြီး ပူပင်သောကများတာ၊ တုန်လှုပ်တာနဲ့ စိတ်ဓာတ်ကျတာတို့ ဖြစ်လွယ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top