Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . .(၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စာရေးသူ ကုသခဲ့တဲ့လူနာတွေ၊ လူနာရဲ့ မိသားစုဝင်ဆွေမျိုးမိတ်ဆွေတွေနဲ့ စိတ်ကျန်းမာရေး သင်တန်းသားတွေက စိတ်ကျန်းမာရေး ပြဿနာတွေနဲ့ပတ်သက်ပြီး သူတို့သိချင်တာကို မေးမြန်းခဲ့ဖူးပါတယ်။ အဲဒီအတွေ့အကြုံတွေကို ပြန်လည်စဉ်းစားပြီး “ရှင်းပြပါဆရာ”ဆောင်းပါးအဖြစ် ဆွေးနွေးတင်ပြလိုက်ပါတယ်။ အခုတစ်ပတ်မှာ “မိမိကိုယ်ကိုယ် သတ်သေချင်စိတ်ရှိတယ်လို့ ပြောနေရင် စိုးရိမ်ရသလား”ဆိုတဲ့မေးခွန်းကို ရှင်းပြပါမယ်။

ကိုဘီဟာ အသက် ၄၀ကျော်အရွယ် အိမ်ထောင်ရှင်တစ်ဦး ဖြစ်ပါတယ်။ အစိုးရဌာတစ်ခုမှာ အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေတာ ၁၀ နှစ်ကျော်ရှိပါပြီ။ လွန်ခဲ့တဲ့ သုံးလလောက်ကစပြီး စိတ်ကျရောဂါခံစားနေရလို့ ဆေးခွင့်ယူထားရတယ်။ စာရေးသူ စစ်ဆေးတဲ့နေ့မှာ သူ့ဇနီး မဒီလည်း လိုက်ပါလာတယ်။ စာရေးသူနဲ့ တစ်ဦးချင်း ပြောချင်တယ်လို့ ခွင့်တောင်းပြီး မဒီက သူစိုးရိမ်နေတဲ့ ကိစ္စကိုမေးမြန်းပါတယ်။

ကိုဘီရဲ့ဇနီး မဒီက “ကိုဘီက ကျွန်မတို့ကို ပြောသလိုလိုနဲ့ ငါသေချင်တယ်၊ မနေချင်တော့ဘူး လို့ တစ်ခါတလေ တစ်ယောက်တည်း ရေရွတ်နေတာကြားရတယ်။ အဲဒါစိုးရိမ်ရသလား ဆရာ”လို့ မေးပါတယ်။

“စိတ်ဖိစီးမှုခံစားနေရသူ၊ စိတ်ကျရောဂါ ခံစားနေရသူ၊ စိတ်ရောဂါတစ်မျိုးမျိုးခံစားနေရသူ၊ အရက်စွဲ မူးယစ်ဆေးစွဲရောဂါရှိသူတစ်ဦးဦးက အဲဒီလိုပြောလာရင် ပေါ့ပေါ့တန်တန်မယူဆသင့်ပါဘူး။ မိမိကိုယ်ကိုယ် အန္တရာယ်ပြုချင်စိတ်ရှိနေတဲ့ ဝေဒနာရှင်က သူ့အတွေးကို ဖွင့်ဟပြောဆိုဖို့ ဝန်လေးတတ်ပါတယ်။ လှည့်ပတ်ပြောပြီး ဖုံးကွယ်ထားတတ်ကြတယ်။ သူတို့ပါးစပ်ကထုတ်ဖော်ပြောလာရင် ရင်ထဲမှာပူလောင်လွန်းလို့ လျှံထွက်လာတာ ဖြစ်နိုင်ပါတယ်။ ဒီလိုပြောတာဟာ အိမ်သားတွေကို အနိုင်ယူချင်လို့၊ လူတွေဆီက အခွင့်အရေးယူချင်လို့ ပြောတာလို့မယူဆသင့်ပါဘူး။ ကိုဘီကို ဂရုစိုက်ကြည့်ဖို့ လိုပါလိမ့်မယ်။ အန္တရာယ်များတဲ့ လက္ခဏာတွေ ရှိ၊ မရှိ စစ်ဆေးကြည့်ရမယ်”

မဒီက “ရှင်းပြပါ ဆရာ”လို့ ပြောပါတယ်။

စာရေးသူက “သြစတြေးလျနိုင်ငံမှာ လေ့လာတွေ့ရှိချက်ကို ပြောပြမယ်။ တစ်နှစ်အတွင်းမှာ ဖြစ်ပွားတဲ့နှုန်းကို လေ့လာထားတာ ဖြစ်ပါတယ်။ လူထုထဲမှာ တစ်နှစ်အတွင်း ၂ ဒသမ ၃ ရာခိုင်နှုန်းက မိမိကိုယ်ကိုယ် သတ်သေချင်စိတ် ဖြစ်ပေါ်တတ်တယ်။ ဝ ဒသမ ၄ ရာခိုင်နှုန်းကတော့ ကိုယ်ထိလက်ရောက် ကြိုးစားမှုရှိတယ်။ လူဦးရေတစ်သိန်းမှာ ၁၂ ဒသမ ၇ ဦးကတော့ အဲဒီလိုပြုမူတာကြောင့် အသက်ဆုံးရှုံးရပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ရှိသူတိုင်းက အဲဒီလိုလုပ်သွားတာတော့ မဟုတ်ပါဘူး။ အန္တရာယ်များတဲ့ အချက်အလက်အင်္ဂါရပ်တွေ စုပေါင်းတိုက်ဆိုင်လာရင် မဖြစ်သင့်တာ ဖြစ်ပွားဖို့အလားအလာများလာပါတယ်”လို့ ဖြေတော့ မဒီက ထပ်မေးပါတယ်။

“အဲဒီအန္တရာယ်များတဲ့ အချက်အလက် အင်္ဂါရပ်တွေကို ကျွန်မသိချင်ပါတယ် ဆရာ”

ကြည့်ရှုလေ့လာသတိထားရမယ့် အချက်အလက်တွေရှိပါတယ်။ နံပါတ် (၁)က လူနာရဲ့ နောက်ကြောင်းရာဇဝင်၊ နံပါတ်(၂)က လူနာလောလောဆယ် ရင်ဆိုင်နေရတဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲ၊ နံပါတ်(၃)က လူနာလတ်တလော ခံစားနေရတဲ့ ရောဂါလက္ခဏာအမျိုးအစား၊ နံပါတ်(၄)က စိတ်ထဲမှာရှိတဲ့အတိုင်းပြုမူဖို့ စတင်ပြင်ဆင်နေတဲ့အထောက်အထားနဲ့ နံပါတ်(၅)က အရေးတကြီး မီးနီပြလက္ခဏာတွေ ဖြစ်ပါတယ်”

“အဲဒီအချက်တွေကို အသေးစိတ်ရှင်းပြပါ ဆရာ”

(က) လူနာက မူလကတည်းက စိတ်လှုပ်ရှားတုန့်ပြန်မှုလွန်ကဲတဲ့ တဇွတ်ထိုးလုပ်တတ်တဲ့ လူမျိုးဖြစ်တာ၊ အရင်က ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားတဲ့ အပြုအမူရှိတာ၊ အရက်စွဲရောဂါ၊ မူးယစ်ဆေးစွဲရောဂါရှိတာ စတဲ့ ရာဇဝင်ရှိရင် အခုတစ်ကြိမ်မှာလည်း မိမိကိုယ်ကိုယ် အန္တရာယ်ပြုဖို့များပါတယ်”

“ကိုဘီက ဒီလိုလူမျိုးတော့ မဟုတ်ပါဘူး”လို့ မဒီက ဆိုပါတယ်။

(ခ) ဖြေရှင်းရခက်ခဲတဲ့ လူမှုရေးပြဿနာနဲ့ ရင်ဆိုင်နေရတာ၊ မျက်နှာပျက်စရာ၊ အရှက်ကွဲစရာ အဖြစ်အပျက်နဲ့ ကြုံတွေ့ရတာ၊ ချစ်ခင်တွယ်တာရသူဆုံးရှုံးရတာ၊ စီးပွားပျက်တာ၊ အလုပ်ပြုတ်တာ စတဲ့ ဘဝပြဿနာတွေကလည်း ဘဝကို အရှုံးပေးဖို့ အားပေးတဲ့ အချက်အလက်တွေဖြစ်ပါတယ်” ဒီအခါမှာ မဒီက “သူ့အလုပ်ထဲမှာ ပြဿနာတွေရှိတယ်လို့တော့ ကိုဘီက ပြောဖူးပါတယ်”လို့ ဆိုပါတယ်။

မိမိကိုယ်ကိုယ် အန္တရာယ်ပြုအောင် တိုက်တွန်းအားပေးတဲ့ စိတ်ရောဂါလက္ခဏာတွေ ရှိပါတယ်။ ဥပမာ-နားထဲမှာ ထူးဆန်းတဲ့ စကားပြောသံတွေကြောင့် စိတ်ဖိစီးတင်းကျပ်နေတာ၊ အသံတွေ လူနာကို တိုက်တွန်းနှိုးဆော်နေတာ၊ မိမိကိုယ်ကိုယ်အန္တရာယ်ပြုဖို့ အားပေးနေတာ၊ အနာဂတ်မှာ လုံးဝမျှော်လင့်ချက်မရှိလို့ ယုံကြည်နေတာ၊ မိမိက တခြားလူတွေအတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတယ်။

(ဂ) မိမိကိုယ်ကိုယ်အန္တရာယ်ပြုအောင် တိုက်တွန်းအားပေးတဲ့ စိတ်ရောဂါလက္ခဏာတွေရှိပါတယ်။ ဥပမာ-နားထဲမှာ ထူးဆန်းတဲ့ စကားပြောသံတွေကြောင့် စိတ်ဖိစီးတင်းကျပ်နေတာ၊ အသံတွေ လူနာကို တိုက်တွန်းနှိုးဆော်နေတာ၊ မိမိကိုယ်ကိုယ်အန္တရာယ်ပြုဖို့ အားပေးနေတာ၊ အနာဂတ်မှာ လုံးဝမျှော်လင့်ချက်မရှိလို့ ယုံကြည်နေတာ၊ မိမိက တခြားလူတွေအတွက် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေတယ်။ “ငါမရှိရင် အားလုံးအတွက် ကောင်းလိမ့်မယ်” စတဲ့ ယုံကြည်မှုမှားယွင်းနေတာတို့ ဖြစ်ပါတယ်။ အဲဒီလို ရောဂါလက္ခဏာတွေရဲ့ဒဏ်ကို မခံနိုင်လို့ ဆုံးရှုံးရတဲ့ လူနာတွေရှိပါတယ်”

မဒီက “နားထဲမှာ အသံတွေကြားနေရတယ်လို့ တော့ ကိုဘီမပြောပါဘူး။ ဒါပေမဲ့ သူနေထိုင်မကောင်းကတည်းက “ငါအသုံးမကျဘူး၊ ဒါငါ့အပြစ်တွေပဲ”လို့ မဆီမဆိုင်ပြောတတ်တယ် ဆရာ”

စာရေးသူက “(ဃ) အဲဒါကတော့ စိတ်ကျရောဂါမှာတွေ့ရှိရတဲ့ အတွေးမှားယွင်းမှုတစ်မျိုး ဖြစ်ပါတယ်။ မနောကံအတွေးကနေပြီး ဝစီကံအပြာအထိ တက်လာပြီလို့ ဆိုနိုင်ပါတယ်။ ကိုယ်ထိလက်ရောက် ကာယကံမြောက်စတင်ပြုမူလာရင်တော့ အန္တရာယ်ပိုကြီးလာပါတယ်။ ဒါကြောင့် ကိုဘီက ကြိုတင်ပြင်ဆင်တဲ့ အပြုအမူတွေ စတင်ဆောင်ရွက်နေခြင်း ရှိ၊ မရှိ သတိထားကြည့်ရှုရမယ်”

မဒီက စိတ်ဝင်တစား မေးပါတယ်။

“ဘာတွေများလဲ ဆရာ”

“ပစ္စည်းဥစ္စာကို ခွဲဝေပေးကမ်းတာ၊ ဆွေမျိုးသားချင်း မိတ်ဆွေတွေကို ထူးထူးခြားခြား ဆက်သွယ်စကားပြောတာ၊ သေတမ်းစာရေးတာ၊ မိမိအသက်ကို အန္တရာယ်ပြုဖို့ လိုအပ်တဲ့အရာတွေကို စတင်စုဆောင်းပြင်ဆင်တာမျိုးတွေ ဖြစ်ပါတယ်။ အဲဒီလို ပြင်ဆင်မှုတွေကို လူနာပြောလာရင် ပိုမိုစိုးရိမ်ရပါတယ်”

“မီးနီပြလက္ခဏာတွေဆိုတာက ဘာလဲဆရာ”

မိမိကိုယ်ကိုယ် အန္တရာယ်ပြုသွားတဲ့လူနာတွေ လက်လွန်ခြေလွန်မဖြစ်ခင် ရက်ပိုင်း၊ နာရီပိုင်းအတွင်းမှာတွေ့ရှိရတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဆေးပညာ စာအုပ်တွေထဲမှာ “သေမင်းတြိဂံ” (Lethal Traingle) လို့ ခေါ်ပါတယ်။ အဲဒီလက္ခဏာတွေကတော့ (၁) လုံးဝအိပ်မပျော်ခြင်း၊ နေ့ရောညပါ အိပ်ရေးပျက်ခြင်း၊ (၂) အလွန်အမင်းဂနာမငြိမ်ဖြစ်ခြင်း၊ တစ်နေရာတည်းမှာ ကြာကြာမထိုင်ဘဲ အကြောင်းမဲ့ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေတတ်ခြင်း၊ (၃) ပုံမှန် နေ့စဉ်ကိစ္စတွေကို မပြောဆိုနိုင်ဘဲ အကြောင်းအရာတစ်ခုခုကို ထပ်တလဲလဲငြီးငြူ နေတတ်တာတို့ဖြစ်ပါတယ်”

မဒီက “ကိုဘီရဲ့ အခြေအနေက အဲဒီလောက်တော့ မဆိုးသေးပါဘူး”လို့ ဆိုပါတယ်။

“ကျွန်တော်တို့စဉ်ဆက်မပြတ်ဂရုပြုပြီး ကြည့်ရှုနေရမယ့်အချက်တွေ ဖြစ်ပါတယ်။ လူနာကို သင့်တော်သလို ကုသပံ့ပိုးပေးရင် မိမိကိုယ်ကိုယ် အန္တရာယ်မပြုမိအောင် ကာကွယ်နိုင်ပါတယ်။ နောက်ပြီး ကိုဘီခံစားနေရတဲ့ စိတ်ကျရောဂါက ကုသရင် ပျောက်ကင်းနိုင်တဲ့ စိတ်ဝေဒနာဖြစ်ပါတယ်။

ဒါကြောင့် မိမိကိုယ်ကိုယ် သတ်သေချင်စိတ် ရှိတယ်လို့ ကိုဘီကပြောနေရင် စိုးရိမ်ရတယ်လို့ ဖြေချင်ပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ စိုးရိမ်ရမလဲဆိုတာကတော့ ကျွန်တော်ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေနဲ့ အကြုံးဝင်နေ၊ မနေ ဆန်းစစ်ကြည့်ရမယ်။ ခေါင်းစဉ် (ဂ)၊ (ဃ)နဲ့ (င)မှာ ပါဝင်တဲ့ အချက်အလက်တွေများများရှိနေရင် များများစိုးရိမ်ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top