Healthy Life Ad
Life Style

မပျော်ဘူး ဆရာ . . .

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

“ကောင်မ . . ညည်းက ဘာလူပါးဝနေတာလဲ $%#* . .”

“နင်တော့ သေချင်နေပြီ . . $ကောင်မ၊ သတ္တိရှိရင် ပြန်ပြောစမ်း”

“ဟဲ့ . . $ကောင်မ . . အိမ်ထဲမှာနေပြီး ကျယ်မနေနဲ့၊ အခုတော့ ကြောက်ဒူးတုန်နေပြီမဟုတ်လား၊ ငါတို့ကို ပြန်မပြောရဲတော့ဘူး မဟုတ်လား”

အောက်ထပ်ကလူတွေဟာ သူ့ကိုရန်စပေါင်းများပြီ။ ဒင်းတို့ကို အဆင့်အတန်းချင်းမတူလို့ တန်းဆင်းမကန်ဘဲ ငြိမ်နေတာ အဟုတ်မှတ်လို့ . .တစ်ခါထက်တစ်ခါ ပိုပြီးရောင့်တက်လာပြီ။ ဒင်းတို့ လူပါးဝတာများလွန်းပြီ။ ဒီတစ်ခါတော့ ဒေါ်သင်းနွယ် ဘယ်လိုမှသည်းမခံနိုင်တော့ဘူး။ ဒင်းတို့တွေ ငါ့အကြောင်း ကောင်းကောင်းသိစေရမယ်။

ဒေါ်သင်းနွယ်အံကြိတ်ပြီး လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ပြီးတော့ အိမ်ရှေ့ဝရန်တာကိုထွက်ပြီး အောက်ထပ်ကလူတွေကို အားရပါးရစိတ်ထဲ မကျေနပ်သမျှ အသားကုန် အော်ဟစ်ဆဲဆိုပစ်လိုက်တော့တယ်။

“ဟာ . . မမ . . အဲလို မပြောရဘူးလေ . . ဘာတွေလျှောက်အော်နေတာလဲ၊ လာ . . လာ . .အိမ်ထဲဝင် . . အိမ်ထဲဝင်” အဲဒီအချိန်မှာ အလုပ်ကနေပြန်လာတဲ့ ဒေါ်သင်းနွယ်ရဲ့ မောင်ဖြစ်သူနဲ့ ညီမဖြစ်သူက သူ့ကိုဆွဲပြီး အခန်းထဲမှာ ချော့သိပ်ထားလိုက်တော့တယ်။

အသက် ၄၅နှစ်အရွယ် ဒေါ်သင်းနွယ်ဟာ သူ့ညီမနဲ့ မောင်ဖြစ်သူနဲ့အတူ ရောက်လာခဲ့ပါတယ်။

“ဘာဖြစ်လို့လဲ ပြောပါဦး”လို့ ဆရာက မေးလိုက်တာနဲ့-

“မပျော်ဘူး ဆရာ၊ မပျော်ဘူး၊ မပျော်ဘူး ဆရာ”လို့ ပြောပြီး “မပျော်ဘူး ဆရာ၊ မပျော်ဘူး”လို့ ထပ်ပြောပြန်ပါတယ်။

“ဘာလို့ မပျော်တာလဲ၊ ပြောပါဦး”လို့ ဆရာက မေးလိုက်တော့-

“အသံတွေ ကြားနေရတာ ဆရာ၊ အသံတွေ ကြားနေရတာ”လို့ စကားတစ်ခွန်းကို နှစ်ခါထပ်ပြောပြန်ပါတယ်။

“ဘာသံတွေ ကြားနေရတာလဲ ပြောပါဦး” ဆိုတော့-

“ဆဲနေကြတာ ဆရာ၊ ဆဲနေကြတာ”လို့ ဒေါ်သင်းနွယ်က ဆိုပြန်ပါတယ်။

“ဘယ်လိုတွေ ဆဲနေတာလဲ”လို့ ဆရာက မေးလိုက်တော့-

“အစုံပဲ ဆရာ၊ နားကို မခံသာဘူး”လို့ ပြောပါတယ်။

“ဘယ်သူတွေက ဆဲတာလဲ”ဆိုတော့-

“အောက်ထပ်ကဆဲတာ ဆရာ၊ အောက်ထပ်ကဆဲတာ . .ဆဲတာမှ အမျိုးမျိုးကိုဆဲတာပါ ဆရာ၊ ရှိသမျှ ယောကျာ်းတွေကော မိန်းမတွေပါ နားမခံသာအောင်ဆဲနေကြတာ . . ဆဲနည်းပေါင်းစုံနဲ့ကို ဆဲနေတာ”လို့ ဒေါ်သင်းနွယ်က ပြောပါတယ်။

အဲဒီအချိန်မှာ သူ့မောင်ဖြစ်သူက ဝင်ပြီး-

“အောက်ထပ်ကလူတွေက အရမ်းအေးပါတယ်ဆရာရယ်၊ ဆဲလည်း မဆဲပါဘူး၊ အဲဒါသူ့ကို ဆဲပါတယ်ဆိုပြီး၊ ဝရန်တာကထွက်ပြီး ရစရာမရှိအောင် အော်ဟစ်ဆဲလိုက်တာ . . ကျွန်တော်တို့ အရမ်းရှက်တာပဲ”လို့ ပြောပြပါတယ်။

သူတို့က မတရားဆဲနေကြတော့ ကျွန်မလည်း ဘယ်လိုမှမပျော်ဘူးဆိုပြီး အစပိုင်းမှာ ငြိမ်နေပါသေးတယ်။ ဒါပေမဲ့ ကျွန်မငြိမ်လေလေ၊ သူတို့က ပိုဆဲလာလေလေပဲလေ . .အဲဒါနဲ့ ကျွန်မလည်း ဝရန်တာကထွက်ပြီး အောက်ထပ်ကို အော်ဆဲပစ်လိုက်တာပေါ့ . .လူတွေများမပြောချင်ပါဘူးဆရာရယ်၊ အဲဒီလို ပြန်အော်ဆဲပစ်လိုက်မှ သူတို့ငြိမ်ကုပ်ကျသွားကြတာ . . .

“ဟုတ်တယ် ဆရာ၊ ကျွန်မဆဲမိပါတယ်။ သူတို့ က မတရားဆဲနေကြတော့ ကျွန်မလည်း ဘယ်လိုမှမပျော်ဘူးဆိုပြီး အစပိုင်းမှာ ငြိမ်နေပါသေးတယ်။ ဒါပေမဲ့ ကျွန်မငြိမ်လေလေ၊ သူတို့က ပိုဆဲလာလေလေပဲလေ . .အဲဒါနဲ့ ကျွန်မလည်း ဝရန်တာကထွက်ပြီး အောက်ထပ်ကို အော်ဆဲပစ်လိုက်တာပေါ့ . .လူတွေများ မပြောချင်ပါဘူး ဆရာရယ်၊ အဲဒီလို ပြန်အော်ဆဲပစ်လိုက်မှ သူတို့ငြိမ်ကုပ်ကျသွားကြတာ”လို့ ဒေါ်သင်းနွယ်က ပြောပါတယ်။

“ဘယ်သူမှလည်း ဆဲဆိုနေတာမရှိပါဘူးဆရာ၊ ကျွန်မတို့ကလည်း ကိုယ့်အလုပ်တွေနဲ့ ကိုယ်ဆိုတော့ သူ့ကို အိမ်မှာတစ်ယောက်တည်း ထားခဲ့ရတာများတယ်။ ပိုဆိုးတာက သူ့အခြေအနေ တိုးတက်လာတယ်ဆိုပြီး သူဆေးမှန်မှန်သောက်သလား၊ မသောက်ဖူးလားဆိုတာ ဂရုမစိုက်မိဘူး၊ အစ်မကြီး အခုလိုဖြစ်မှ ကျွန်မကြည့်လိုက်မိတာ ဆေးတွေက အခုတလောမလျော့ဘူးဆရာ”လို့ ဒေါ်သင်းနွယ်ရဲ့ ညီမဖြစ်သူက ဖြစ်ကြောင်းကုန်စင်ကို ပြောပြပါတယ်။

တကယ်တော့ ဒေါ်သင်းနွယ်က စိတ်ဝေဒနာခံစားနေရတာ နှစ်တော်တော်ကြာနေပါပြီ။ ဆဲသံတွေကြားလိုက်၊ ဘေးပတ်ဝန်းကျင်က အမျိုးမျိုးပြောကြ ဆိုကြသံတွေ ကြားလိုက်နဲ့ သူမပျော်ဘူးပြောလိုက်၊ ဒေါသတွေ အရမ်းထွက်နေတယ်လို့ ပြောလိုက်နဲ့ ငါးနှစ်-ခြောက်နှစ်လောက် ရှိနေခဲ့ပါပြီ။ ဒီအတောအတွင်း သက်သာလိုက်-ပြန်ဖြစ်လိုက်နဲ့လုံးချာလည်နေခဲ့တယ်။ ဒီလိုဖြစ်ရတာက သူကိုယ်တိုင်က ဆေး စနစ်တကျမသောက်တာလည်းပါသလို သူ့မိသားစုဝင်တွေက သူ့ကို စနစ်တကျဆေးမတိုက်ကြတာလည်းပါတယ်။ အဲဒီလိုနဲ့ သက်သာသလိုဖြစ်လိုက်၊ အအိပ်တွေပျက်လိုက်၊ အစားတွေပျက်လိုက်၊ ပြန်ဖြစ်လိုက်၊ သက်သာသလိုဖြစ်လိုက်၊ ပြန်ဖြစ်လိုက်နဲ့ သက်သာတဲ့အချိန်မှာ ရောဂါပြန်ပြီးမပေါ်အောင် ကာကွယ်နိုင်တဲ့ ဆေးတွေသောက်ရမှာကိုလည်း မသောက်ဖြစ်ဘူး။ ဆေးကုသမှုကို လုံလောက်တဲ့အချိန်ပေးပြီး စနစ်တကျမကုသဘူး။ ဒါကြောင့် ရောဂါက သက်သာသင့်သလောက် မသက်သာဘဲ သက်သာသလိုဖြစ်လိုက်၊ ရောဂါအခြေအနေ ပြန်ဆိုးလာလိုက် ဖြစ်နေရတာပါ။

ဒါကြောင့် ဒေါ်သင်းနွယ် အခုလို ဝေဒနာတွေပြန်မဖြစ်အောင် စနစ်တကျအချိန်ယူကုသဖို့ လိုတဲ့အကြောင်း၊ ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မိသားစုဝင်တွေက စနစ်တကျတိုက်ပေးဖို့ လိုအပ်ကြောင်း၊ လူနာကိုဆေးတွေပေးပြီး သောက်ခိုင်းတာထက် အိမ်သူအိမ်သားတွေက ဝိုင်းဝန်းဂရုစိုက်ပြီး ဆေးတွေကို စနစ်တကျတိုက်ပေးဖို့ လိုတဲ့အကြောင်း၊ အချိန်မှန်ကျွေးပြီး သူလုပ်နိုင်တဲ့ အလုပ်လေးတွေကိုလည်း လုပ်ခိုင်းဖို့လိုတဲ့အကြောင်း သေချာမှာလိုက်ရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top