Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ (၁) (Gestational Diabetes Mellitus)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဆီးချိုသွေးချိုရောဂါကို အစောဆုံး ကာကွယ်ကုသကြဖို့ ကမ္ဘာ့တိုင်းပြည်အသီးသီးက ဆောင်ရွက်နိုင်ရေးအတွက် ဘာလင်ကြေညာစာတမ်းနဲ့ စတင်ဆောင်ရွက်နေကြကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ဆီးချိုရောဂါမှာ လူတွေသတိမမူ၊ ဂရုတစိုက် မဆောင်ရွက်ကြလို့ ကုသရာမှာနောက်ကျနေတဲ့ ဆီးချိုရောဂါ တစ်မျိုးကတော့ Gestational Diabetes Mellitus (GDM) လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ဆီးချို ရောဂါပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဆိုတာက ကိုယ်ဝန်မဆောင်ခင်မှာ ဆီးချိုမရှိဘဲ သွေးအချိုဓာတ်ဟာ သာမန်လူကဲ့သို့ ပုံမှန်ရှိနေပေမယ့် ကိုယ်ဝန်ရှိစဉ်ကာလအတွင်းတစ်ချိန်ချိန်မှာ အထူးသဖြင့် ကိုယ်ဝန်ခြောက်လ ပတ်ဝန်းကျင်လောက် ရောက်တဲ့အခါမှာ သွေးအချိုဓာတ်တွေမြင့်လာလို့ ဆီးချိုသွေးချိုရောဂါဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဒီသွေးချိုတာက ယာယီ သာဖြစ်ပြီး ကလေးမွေးပြီး မကြာခင်မှာ ပုံမှန်အခြေအနေကို ပြန်ရောက်သွားပါတယ်။

GDM ကိုယ်ဝန်ဆောင်စဉ်သာဖြစ်တဲ့ ကိုယ်ဝန်ဆောင်ဆီးချိုအကြားမှာ ရောနှောပြီးတွေ့ရတတ်တာကတော့ မူလကတည်းက ဆီးချိုသွေးချို ရောဂါရှိပြီးသူက ကိုယ်ဝန်ရှိလာတဲ့ “ဆီးချိုရှိသူက ကိုယ်ဝန်ဆောင်ခြင်း (Pregestational Diabetes)” ပဲ ဖြစ်ပါတယ်။ သွေးချိုမစစ်ဆေးဖူးရင် မသိနိုင်ပါဘူး။ ဒီလိုလူတွေမှာတော့ ကိုယ်ဝန်စရှိကတည်းက သွေးချိုများနေတာ တွေ့ရပါမယ်။ ကလေးမွေးပြီးနောက် ဆီးချိုက ပြန်မပျောက် သွားဘဲ ဆက်ရှိနေမှာဖြစ်ပါတယ်။ ဒါပေမဲ့ သက်ရောက်မယ့် ဆိုးကျိုးတွေကတော့ အတူတူပါပဲ။ ကလေးရော မိခင်ပါ ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။

ဗိုက်ထဲက ကလေးအတွက် အဓိကဆိုးကျိုးတွေကတော့ ကိုယ်ဝန်နုစဉ်မှာ ကလေးရဲ့ကိုယ်လက်တွေ၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ တည်ဆောက် ဖွဲ့စည်းမှု မှားယွင်းတာတွေဖြစ်သွားတတ်ပြီး မွေးရာပါအင်္ဂါ အစိတ်အပိုင်းတွေချို့ယွင်းတာ၊ ကိုယ်လက်အင်္ဂါ မပြည့်စုံတာတွေ ရှိတတ် ပါတယ်။ ကလေးအထွားလွန်ပြီး မွေးဖွားရတာ ခက်တတ်ပါတယ်။ ခွဲမွေးရတာ ပိုများတတ်ပါတယ်။ ကလေးကို ခက်ခက်ခဲခဲမွေးရရင်

မွေးဖွားစဉ် ဒဏ်ရာတွေရတတ်ပြီး လူစဉ်မမီတာတွေ ဖြစ်သွားတတ်ပါတယ်။ လစေ့လို့ မွေးဖွားခါနီး ဝမ်းတွင်းမှာသေတတ်ပါတယ်။ မွေးပြီးပြီးချင်း အသက်မပါ တာ ဖြစ်တတ်ပါတယ်။ မွေကင်းစမှာ သွေးချိုကျ ပြီး သေဆုံးသွားတတ်ပါတယ်။ နောက်ဆုံး ဒီကလေး ကြီးပြင်းလာရင်လည်း မိမိလို ဆီးချိုသွေးချိုရောဂါ ဖြစ်လာဖို့ အလားအလာ ပိုများပါတယ်။

မိခင်မှာလည်း သွေးတိုးတာ၊ ကိုယ်ဝန်ဆိပ်တက်တာ၊ လေဖြတ်တာ၊ ကျောက်ကပ်ပျက်တာတွေ ကြောင့်အသက်အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဆီးချို မူလကတည်းက ရှိမှန်းမသိလို့ နောက်ဆက်တွဲ ရောဂါတွေရှိပြီးမှ ကိုယ်ဝန်ရှိလာတဲ့မိခင်မှာ ကိုယ်ဝန်ရင့်လာတော့မှ ကျောက်ကပ်ပိုပျက်သွားတာ၊ မျက်စိ သွေးကြောမကောင်းတာရှိရင်လည်း သွေးကြောပေါက်ပြီး မျက်စိကွယ်သွားတာ ပိုပြီးဖြစ်တတ်ပါတယ်။ ဒါတွေကတော့ ကိုယ်ဝန်ဆောင်မှာ ဖြစ်တတ်တဲ့ ဆီးချိုရောဂါရဲ့ သက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။

ဒီကိုယ်ဝန်ဆောင်ဆီးချိုရောဂါဟာ တကယ်တော့ ကိုယ်ဝန်ရှိစဉ်အချိန်ကာလလေးတစ်ခုမှာသာ ဖြစ်တာမို့ အများက ဂရုစိုက်တာနည်းနေပါတယ်။ အမှန်တကယ်တော့ ဒီ GDM ရဲ့ အကျိုးဆက်ဟာ ဒီကိုယ်ဝန်ဆောင်ကာလ ၁၀လတာလေးမှာပဲ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ဒီကာလထက် များစွာကျော် လွန်ပြီး နောင်နှစ်ပေါင်းများစွာအထိ သက်ရောက်မှုတွေရှိနေတာကို သိရှိဖို့လိုပါတယ်။ နောင်ထပ်မံရှိလာမယ့် ကိုယ်ဝန်ရဲ့ကံကြမ္မာနဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရှေ့ဘဝတစ်လျှောက်လုံးရဲ့ကံကြမ္မာကိုပါ လွှမ်းမိုးမှု တွေရှိကြောင်း ပြောကြားလိုပါတယ်။

ဘာလင်ကြေညာစာတမ်းနဲ့အညီ ဆီးချိုသွေးချိုရောဂါကို အစောဆုံးကာကွယ်ဖို့၊ ကုသဖို့ စီမံဆောင်ရွက်ရာမှာ ဒီကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ မိခင်ကို အဓိကဦးတည်ပြီး ဆောင်ရွက်နိုင်မယ်ဆိုရင် အထိရောက်ဆုံး ဖြစ်နိုင်မယ်လို့ အရှေ့အာရှ ဆီးချိုရောဂါ အသင်းကအဖွဲ့ဝင်ပညာရှင်တွေက ယုံကြည် ကြပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့မိခင်ဟာ မွေးဖွားလာမယ့် ရင်သွေးအတွက်ဘာမဆို ညွှန်ကြားသမျှ လိုက်နာဖို့များပါတယ်။ ဒီအချိန်မှာ ဆီးချို အကြောင်း အသိပညာပေးခြင်း၊ ကလေးနဲ့မိခင်ရဲ့ကံကြမ္မာကို အသိပညာပေးခြင်း၊ ဘဝနေထိုင်မှု အလေ့အကျင့်တွေပြောင်းလဲခြင်းရဲ့ အကျိုးကျေးဇူး စတာတွေကို နားဝင်ဖို့၊ ယုံကြည်စွာ လိုက်နာဖို့၊ နောင်မှာအလေ့အထသဖွယ် အစဉ်ပြောင်းလဲသွားနိုင်ဖို့ သွန်သင်ဖို့ပဲ ဖြစ်ပါတယ်။ မိမိအပါအဝင် မိမိရင်သွေးနဲ့မိသားစုတွေအတွက် ကျန်းမာတဲ့အစားအစာတွေ ပြုပြင်ပေးဖို့၊ ကိုယ်လက်လှုပ်ရှားမှုကိုအားပေးတဲ့ မိသားစုဖြစ်လာဖို့ အဓိက ပဲ့ကိုင် နေရတဲ့ အိမ်ရှင်မမိခင်တွေကို ဦးဆောင်စေခြင်းဖြင့် အစောဆုံးကာကွယ်မှုကို ရရှိစေမှာဖြစ်ပါတယ်။ လူနည်းစုဖြစ်တဲ့ အနာဂါတ်မိခင်တွေကို စည်းရုံးရတာပိုမိုလွယ်ကူပြီး မိသားစုအားလုံး အပေါ်လွှမ်းမိုးနိင်တဲ့ အိမ်ရှင်မမိခင်တစ်ဦးရဲ့အားကို အသုံးပြုတာက အထိရောက်ဆုံးသော ကာကွယ်ခြင်းကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါတွေကြောင့် ရရှိနိုင်တဲ့ ဆိုးကျိုးတွေဖြစ်မလာအောင် အစောဆုံး ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတာ ဆက်လက် ဖော်ပြသွားပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top