Healthy Life Ad
Health Tips

နံနက်စာမစားမီ လေ့ကျင့်ခန်းပြုလုပ်ခြင်းက အမျိုးအစား(၂) ဆီးချိုရောဂါဖြစ်နှုန်း လျော့ကျစေနိုင်

———၊ ကိုထက် ၊———

လေ့ကျင့်ခန်းပြုလုပ်ပုံ နည်းစနစ်အမျိုးမျိုးဟာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ အထောက်အကူဖြစ်စေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းရဲ ့ ရလဒ်တွေကို ပိုမိုကောင်းမွန်စေဖို့အတွက် အစာအာဟာရကလည်း အရေးကြီးပါတယ်။ ဒါကြောင့် လူအများစုဟာ လေ့ကျင့်ခန်းမလုပ်ခင် အားအင်ပြည့်အောင် အရင်အားဖြည့်ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ယခုလေ့လာမှု ရလဒ်အသစ်မှာတော့ မနက်အစောပိုင်း အစာမစားခင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာဟာ အမျိုးအစား (၂) ဆီးချိုဖြစ်နိုင်ခြေကို များစွာလျော့ကျလာစေနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီလိုပြုလုပ်တာဟာ အစာစားပြီးနောက်ပိုင်း ကိုယ်လက်လှုပ်ရှားပြုလုပ်တာထက် သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရာမှာ ပိုမိုထိရောက်မှုရှိတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ လေ့လာမှုပြုလုပ်ခဲ့တဲ့ သိပ္ပံပညာရှင်တွေက ပြောပြထားပါတယ်။

ဘာမင်ဟန်တက္ကသိုလ်မှ ပညာရှင်တွေက အဝလွန်အမျိုးသား ၃၀ ဦးကို အဖွဲ့နှစ်ဖွဲ့ခွဲကာ လေ့လာမှုပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမအဖွဲ့ကို မနက်စာမစားခင် လေ့ကျင့်ခန်းပြုလုပ်ခိုင်းပြီး ဒုတိယအဖွဲ့ကို မနက်စာစားပြီးမှ လေ့ကျင့်ခန်းပြုလုပ်ခိုင်းခဲ့ပါတယ်။ နှစ်ဖွဲ့လုံးကို ညီမျှတဲ့ ကစီဓာတ်ပါတဲ့ မနက်စာနဲ့ အရက်မပါတဲ့ ဖျော်ရည်တို့ကို သောက်သုံးစေကာ ညနေစာကိုလည်း ည ၈ နာရီမှာ အတူတူစားစေခဲ့တယ်လို့ သိရပါတယ်။ တစ်ပတ်မှာ ၃ ကြိမ် စက်ဘီးစီးလေ့ကျင့်ခန်းပြုလုပ်ခိုင်းပြီး တစ်ခါစီးရင် မိနစ် ၅၀ စီးခိုင်းတယ်လို့ သိရပါတယ်။ တခြားနေထိုင်မှုပုံစံကိုတော့ စည်းကမ်းသတ်မှတ်ထားတာ မရှိဘဲ မိမိမူလပုံစံအတိုင်းသာ ဆက်လက်နေထိုင်စေတယ်လို့ ဆိုပါတယ်။

တစ်လခွဲအကြာမှာ ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်ကြည့်ပြီးနောက် မနက်စာ မစားခင် လေ့ကျင့် ခန်းပြုလုပ်တဲ့အဖွဲ့ရဲ့ <ကက်သားတစ်သျှူးတွေဟာ အင်ဆူလင်တုန့်ပြန်မှုအား ပိုမိုကောင်းလာတာကို တွေ့ရှိကြရတယ်လို့ သိရပါတယ်။ ဒီလိုတုန့်ပြန်မှု အားပိုကောင်းလာတဲ့အတွက် သွေးတွင်းသကြားဓာတ်တွေကို ခြေဖျက်ဖို့အတွက် ခန္ဓာကိုယ်ဟာ အင်ဆူလင်ပမာဏ အနည်းငယ်သာ လိုအပ်ပါတော့တယ်။ ဒါကြောင့် ဆီးချိုရောဂါကြောင့် အင်ဆူလင်ထုတ်လုပ်မှုပမာဏ လျော့ကျလာပေမယ့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်စွမ်းကတော့ ပြန်လည်မြင့်လာတာဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဘာမင်ဟန်တက္ကသိုလ်မှ ဒေါက်တာဂရေ့ဝေါလစ်က “တူညီတဲ့ အစားအစာ၊ လေ့ကျင့်ခန်းတွေကိုပဲ စားသောက်ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် ခက်ခက်ခဲခဲပြုလုပ်ရမှာ ဘာမှမပါပါဘူး၊ အစာစားချိန်လေးကို ရွှေ့လိုက်ရုံလေးတစ်ခုပါပဲ၊ အစာအာဟာရကို လိုအပ်သလို ရွေးချယ်စားသုံးကြရသလိုပါပဲ အချိန်ကိုပါ စနစ်တကျ သတ်မှတ်ပြီး စားသုံးမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးရလဒ်တွေ ရရှိလာမှာပါ”လို့ ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး ပိုမိုတိကျတဲ့ အချက်အလက်တွေရရှိစေဖို့ လေ့လာမှုပြုလုပ်သွားမှာဖြစ်ပြီး အမျိုးသမီးတွေကိုလည်း လေ့လာမှုပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

(Ref; MO 18-10-2019)

Most Popular

Healthy Life Ad
To Top