Healthy Life Ad
Life Style

အတွေးမှားခြင်းနှင့် စိတ်ဝေဒနာ(၄)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ကျန်းမာရေးအဖွဲ့ဝင်တွေရဲ့ အပတ်စဉ်ပညာပေးအစည်းအဝေးမှာ အတွေးမှားခြင်းအကြောင်းကို ဆက်လက်ဆွေးနွေးနေကြပါတယ်။

စာရေးသူ- “အတွေးမှားတာနဲ့ပတ်သက်ပြီး အခုအထိကျွန်တော်တို့ ဆွေးနွေးခဲ့တာက ဘာတွေလဲ။

သူနာပြုမေရီ- “တွေးပုံတွေးနည်း အတွေးပုံသဏ္ဍာန်မှားယွင်းတာ၊ အတွေးအလျင်နှုန်း ချို့ယွင်းတာနဲ့ ကိုယ့်အတွေးကို ကိုယ်မပိုင်တာစတဲ့ အကြောင်းတွေပါ”

ဒေါက်တာတွမ်- “အတွေးမှားတာထဲမှာ အရေးကြီးတဲ့ချို့ယွင်းချက်တစ်မျိုးရှိသေးတယ်”

မေရီ- “ယုံကြည်မှုမှားယွင်းတာကို ပြောတာလား”

စာရေးသူ- “ပါရှိတဲ့အတွေး (Thought Content) ချို့ယွင်းတာကို ယုံကြည်မှုမှားယွင်းတာလို့ခေါ်ပါတယ်။ ယုံကြည်မှု မှားယွင်းတယ်ဆိုတာဘာလဲ”

တွမ်- “လူတိုင်းလူတိုင်းမှာ အယူအဆမှားတာလေးတွေရှိတတ်တာပဲ။ ရပ်ကွက်ထဲမှာ တစ်ဦးနဲ့တစ်ဦး ယုံကြည်ချက်ချင်းမတူတာ၊ အမြင်ကွဲပြားတာရှိကြပါတယ်။ ဒါပေမဲ့ “ဒီလူရဲ့ အယူအဆက ငါ့အမြင်နဲ့မတူဘူး၊ ငါနဲ့ သဘောထားချင်း မတိုက်ဆိုင်ဘူး။ ဒီလူစိတ်မှ ကောင်းရဲ့လား”လို့ ကောက်ချက်ချလို့မရပါဘူး။ ဒီတော့ လူနာတစ်ယောက်ပြောနေတဲ့ ယုံကြည်ချက်တစ်ခုဟာ သာမန်ယုံကြည်မှုလား၊ ဒါမှမဟုတ် “စိတ္တဇယုံကြည်မှုမှားယွင်းခြင်း” (Delusion) လားဆိုတာကို ဘယ်လို ခွဲခြားကြည့်မလဲ”

မေရီ- “စိတ္တဇယုံကြည်မှုမှားယွင်းလို့ ပြောနိုင်ဖို့ လူနာရဲ့ယုံကြည်ချက်က မှားနေတာဖြစ်ရမယ်”

တွမ်- “မှားတယ်၊ မှန်တယ်ဆိုတာကို ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်စံချိန်နဲ့ ချိန်ကိုက်ကြည့်မလဲ။ ဘယ်သူရဲ့ ယုံကြည်ချက်နဲ့နှိုင်းယှဉ်ပြီးပြောမလဲ”

စာရေးသူ- “စဉ်းစားသင့်တဲ့ အချက်တွေပါပဲ။ “စိတ္တဇယုံကြည်မှုမှားယွင်း” လက္ခဏာလို့ပြောဆိုနိုင်ဖို့ ဆန်းစစ်ကြည့်ရမယ့် အချက်အလက်တွေရှိပါတယ်။ “မှတ်ကျောက်” တင်ကြည့်ရမယ်။

နံပါတ်တစ်အချက်က လူတစ်ယောက်ရဲ့ ယုံကြည်မှုတစ်ခုဟာ အဲဒီလူမှာရှိတဲ့ ပညာအရည်အချင်းနဲ့ ချိန်ကိုက်ကြည့်ရင် မဖြစ်နိုင်တဲ့၊ မဆီလျော်တဲ့ ယုံကြည်မှုမျိုးဖြစ်ရမယ်။ ဥပမာ- အထက်တန်းပညာ အဆင့်မရှိတဲ့သူက ‘ကင်ဆာရောဂါကုနိုင်တဲ့ဆေးကို ငါတီထွင်ထားတယ်’လို့ ယုံကြည်နေရင်ဘယ်လို မှတ်ချက်ချမလဲ”
တွမ်- “မှားတယ်လို့ ပြောနိုင်တာပေါ့။ ဟာသသဘော နောက်ပြောင်ပြောတာမဟုတ်ဘဲ သူအမှန်တကယ် ယုံကြည်နေရင် စိတ္တဇယုံကြည်မှုမှားခြင်းလက္ခဏာလို့ ယူဆလို့ရတာပေါ့”

စာရေးသူ- “တကယ်လို့ ပြောတဲ့သူက ထိပ်တန်းကင်ဆာရောဂါ သုတေသီတစ်ယောက်ဖြစ်နေရင် သူ့အယူအဆကို မှားတယ်လို့ ကောက်ချက်ချလို့မရတော့ဘူး”

မေရီ- “ဒုတိယအချက်က ဘာလဲဆရာ”

စာရေးသူ- “လူနာတစ်ယောက်ရဲ့ ယုံကြည်မှုတစ်ခုကို မှားယွင်းတယ်လို့ ဆုံးဖြတ်ချက်မချခင် အဲဒီလူရဲ့ လူမှုရေးအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရမယ်”

မေရီ- “သူဌေးအရာရှိကြီးရဲ့ သားတစ်ယောက်က ‘ငါ့ဘဏ်ထဲမှာငွေဘီလျံကျော်ရှိတယ်’ ဒါမှမဟုတ် ဘုရင့်သားက ‘ငါဟာ မင်းလောင်းတစ်ယောက်ဖြစ်တယ်’လို့ပြောလာရင် သူပြောတာ မှန်၊ မမှန် စဉ်းစားရခက်တာမျိုးလား”

စာရေးသူ- “မှန်ပါတယ်။ ဒါပေမဲ့ သူလိုငါလို လူတစ်ယောက်က အဲဒီလို စွဲစွဲမြဲမြဲယုံကြည်နေရင်တော့ “စိတ္တဇယုံကြည်မှုမှားယွင်းခြင်း” ဖြစ်ဖို့များတာပေါ့”

တွမ်- “တတိယအချက်ရှိသေးတယ်”

မေရီ- “လူနာရဲ့ ယုံကြည်ချက်ကို သူ့ပတ်ဝန်းကျင် (အိမ်သူအိမ်သား၊ မိတ်ဆွေသူငယ်ချင်း)က လက်မခံဘူး၊ လူနာယုံကြည်သလို သဘောမတူနိုင်ဘူး”

တွမ်- “ဟုတ်ပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့ လူနာတစ်ယောက်ရှိတယ်။ အိမ်နီးနားချင်းတွေက သူ့ကိုရန်မူနေတယ်လို့ ယုံကြည်တယ်။ သူ့အသက်ကို အန္တရာယ်ပြုဖို့ အမျိုးမျိုးလုပ်ကြံနေကြတယ်လို့ ပြောနေတယ်။ ဒါပေမဲ့ သူ့အိမ်သားတွေက သူပြောတာကိုလက်မခံကြဘူး။ လက်ခံနိုင်လောက်တဲ့ အထောက်အထားလည်းမရှိဘူး”

လူနာတစ်ယောက်ရဲ့ ယုံကြည်ချက်ဟာ မှားတယ်၊ မှန်တယ်လို့မဆုံးဖြတ်ခင် သူရဲ့အိမ်သူအိမ်သား မိတ်ဆွေသူငယ်ချင်းတွေရဲ့ သဘောထားကိုမေးကြည့်သင့်တာပေါ့။ ဥပမာ-လူနာကအစိမ်းသူရဲကို ယုံကြည်တဲ့အကြောင်း၊ နတ်ကိုးကွယ်တာကို လက်ခံကျင့်သုံးတဲ့ အကြောင်းပြောလာရင် သူ့ယုံကြည်ချက်က ‘စိတ္တဇ ယုံကြည်မှုမှားယွင်းခြင်း’ လက္ခဏာလို့ ပြောလို့မရပါဘူး။ ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ . . .

စာရေးသူ- “ဒါကြောင့် လူနာတစ်ယောက်ရဲ့ ယုံကြည်ချက်ဟာ မှားတယ်၊ မှန်တယ်လို့ မဆုံးဖြတ်ခင် သူရဲ့အိမ်သူအိမ်သား မိတ်ဆွေသူငယ်ချင်းတွေရဲ့ သဘောထားကို မေးကြည့်သင့်တာပေါ့။ ဥပမာ- လူနာက အစိမ်းသူရဲကို ယုံကြည်တဲ့အကြောင်း၊ နတ်ကိုးကွယ်တာကို လက်ခံကျင့်သုံးတဲ့အကြောင်း ပြောလာရင် သူ့ယုံကြည်ချက်က “စိတ္တဇယုံကြည်မှု မှားယွင်းခြင်း” လက္ခဏာလို့ ပြောလို့မရပါဘူး။ ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ ရပ်ကွက်ထဲမှာ လက်ခံကျင့်သုံးနေတဲ့ ယုံကြည်မှုသာဖြစ်နိုင်တယ်”

တွမ်- နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုရှိသေးတယ်။ အဲဒါကတော့ မှားယွင်းနေတဲ့ ယုံကြည်ချက်ကို စွဲစွဲမြဲမြဲ လက်ခံကျင့်သုံးနေတာဖြစ်ပါတယ်”

မေရီ- “စွဲစွဲမြဲမြဲ ယုံကြည်နေတာ ဟုတ်၊ မဟုတ် ဘယ်လိုသိနိုင်မလဲ”

တွမ်- “လူနာရဲ့ မှားယွင်းနေတဲ့ယုံကြည်ချက်ကို ဆန့်ကျင်တဲ့ အထောက်အထားတွေပြပြီး ဆွေးနွေးကြည့်နိုင်တယ်။ လူနာဘာကြောင့် ဒီလိုယုံကြည်တာလဲလို့မေးပြီး သူရဲ့အဖြေကို ချေပဆွေးနွေးနိုင်တယ်။ ယုတ္တိမတန်တာကိုထောက်ပြနိုင်တယ်။ ဒါပေမဲ့ အချေအတင်ငြင်းခုံတာမျိုးတော့ မဖြစ်စေရဘူး။ စိတ္တဇယုံကြည်မှုမှားယွင်းတာရှိရင် လူနာရဲ့ အယူအဆကိုပြောင်းလဲပေးဖို့ခက်တယ်။ အကျိုးအကြောင်း ရှင်းပြပေမယ့် လူနာကလက်ခံမှာမဟုတ်ဘူး။ နောက်ပြီး လူနာဟာ သူ့ယုံကြည်ချက်နဲ့အညီ စိတ်ခံစားတုန့်ပြန်မှုရှိတယ်။ အိမ်နီးနားချင်းတွေက သူ့ကိုမကောင်းကြံနေတယ်လို့ ယုံကြည်နေတဲ့ ကျွန်တော့်လူနာကို သိတယ်မဟုတ်လား။ အဲဒီလူနာ ဆေးရုံမရောက်ခင် အိမ်နီးနားချင်းတွေကို နေ့တိုင်းရန်မူဆဲဆိုနေတယ်တဲ့”

စာရေးသူ- “အခုအထိ ဆွေးနွေးခဲ့တာကတော့ “စိတ္တဇယုံကြည်မှု မှားယွင်းခြင်း”လို့ ကင်ပွန်းတပ်နိုင်ဖို့ ထည့်သွင်းစဉ်းစားရမယ့် အချက်အလက် အင်္ဂါရပ်တွေဖြစ်ပါတယ်”

မေရီ- “စိတ္တဇယုံကြည်မှုမှားယွင်းခြင်း” အမျိုးမျိုးရှိတယ်မဟုတ်လား ဆရာ”

စာရေးသူ- မှန်ပါတယ်။ ယုံကြည်တဲ့အကြောင်း အရာပေါ်မှာမူတည်ပြီး အမျိုးအစားခွဲခြားထားတာရှိပါတယ်”

တွမ်- “ကျွန်တော် အကြံတစ်ခုပေးမယ်။ ရှေ့လာမယ့်အပတ်မှာ စိတ္တဇယုံကြည်မှုမှားယွင်းတဲ့ လက္ခဏာရှိတဲ့ လူနာရဲ့ရာဇဝင်ကို တင်ပြဆွေးနွေးရင် မကောင်းဘူးလား”

စာရေးသူ- “ကောင်းတဲ့ အကြံဉာဏ်ပါ။ မေရီ၊ တွမ်နဲ့ ရောဘတ်(စိတ်ပညာရှင်)က တာဝန်ယူပါ။ အချင်းချင်း ညှိနှိုင်းပြီး စိတ်ဝင်စားစရာကောင်းမယ့် လူနာအကြောင်း တင်ပြဆွေးနွေးပေါ့”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top