Healthy Life Ad
Life Style

ညာဘက်ပါးမှာ ပါးချိုင့်နဲ့ ကောင်မလေး

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော်(ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

ကေသီဟာ မိုးရဲ့ ပါးချိုင့်လေးကို ငေးကြည့်နေတယ်။ မိုးကိုတွေ့တဲ့သူတိုင်းက “ပါးချိုင့်လေးနဲ့ ချစ်စရာလေး . . ချစ်စရာလေး”လို့ပြောကြတယ်။ ဟုတ်တယ် . . ပါးချိုင့်လေးပါတော့ မိုးက ပိုလှသွားတယ်။ ဒီတော့ ရွက်ကြမ်းရေကျိုရုပ်ရည်လောက်ပဲရှိတဲ့ ကေသီဟာ မိုးလို ချစ်စရာကောင်းတဲ့ ကောင်မလေး ဖြစ်ချင်မိတယ်။ ပါးချိုင့်လေးပါချင်လိုက်တာ . . ကေသီစိတ်ထဲ ပြင်းပြင်းပြပြတောင့်တမိတယ်။

၁၀တန်းအရွယ်ကတည်းက ပါးပြင်မှာ ပါးချိုင့်လေးပါချင်တဲ့ ကေသီဟာ ဘွဲ့ရတဲ့အထိ သူ့စိတ် ပြောင်းမသွားခဲ့ဘူး။ ပါးချိုင့်လေးပါရင် ငါက ချစ်စရာကောင်မလေး ဖြစ်သွားမှာ . . လူတွေကြား ရေပန်းစားမှာ . . ပါးတစ်ဖက်မှာ ပါးချိုင့်လေးပါချင်တဲ့ ကေသီရဲ့ စိတ်ကူးကို အလှပြုပြင်တဲ့ စင်တာ (Asthetic Center) တစ်ခုက ဆရာဝန်ကြောင့် အထမြောက်သွားခဲ့ရတယ်။

ကေသီသိပ်လိုချင်ခဲ့တဲ့ ပါးပြင်က ပါးချိုင့်လေးပိုင်ဆိုင်ခဲ့ပြီလေ။ ကေသီဆယ်ကျော်သက်အရွယ်ကတည်းက ဖြစ်ချင်ခဲ့တဲ့ဆန္ဒလေး အသက် အစိတ်မှာ ပိုင်ဆိုင်ခွင့်ရတော့ ပျော်စရာပေါ့။ ဒါပေမဲ့ ကေသီ အဲဒီလို မပျော်နိုင်ခဲ့ဘူးလေ။ ပါးချိုင့်လုပ်ပြီး ကတည်းက ကေသီ့ပါးတစ်ခြမ်းရယ်၊ မေးရိုးရယ် တင်းပြီး နာနေတယ်။ ဆရာဝန်က “ပါးချိုင့်လုပ်ပြီးပြီးချင်း နေသားမကျသေးလို့ ဖြစ်တာ၊ မကြာခင် သက်သာသွားမှာ”လို့ ပြောပေမယ့်

ကေသီဟာ တစ်လလည်း မသက်သာ၊ နှစ်လလည်း မသက်သာ . .ပါးနဲ့ မေးရိုးပုံမှန်မဟုတ်ဘဲ နာနေတယ်ဆိုတဲ့ ခံစားချက်က လေးငါးလနဲ့လည်း မသက်သာလာတော့ဘူး။ ဒါနဲ့ အလှပြုပြင်တဲ့ စင်တာကို ပြန်သွားပြီး ပါးချိုင့်ကို ပြန်ဖယ်ပေးပါလို့ တောင်းဆိုခဲ့တယ်။

ပါးချိုင့်ကို ဖယ်ပေးပြီးတဲ့အချိန်မှာ ကေသီ အရင်လို ကျေနပ်သွားသလားဆိုတော့လည်း မကျေနပ်ပြန်ပါဘူး။ ကေသီဟာ ကိုယ့်မျက်နှာကို ပြန်ကြည့်တိုင်းအလိုမကျဘဲ ပါးတစ်ခြမ်းနဲ့ ခေါင်းတစ်ခြမ်းက အာရုံကြောတွေ လွဲနေတယ်လို့ ခံစားရတယ်။ အဲဒီစိတ်နဲ့ ကေသီနေလို့ထိုင်လို့မရ ဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့ မျက်နှာညာဘက်တစ်ခြမ်းတင်မက ခန္ဓာကိုယ်ညာဘက်တစ်ခြမ်းပါ တစ်မျိုးကြီး ခံစားလာရပါတယ်။ နောက်ပိုင်းမှာ အလိုလိုနေရင်းနဲ့ကို ခန္ဓာကိုယ်ညာဘက်ခြမ်းကြီးက ရှေ့ရွေ့ပြီး ဘယ်ဘက်ခြမ်းက နောက်မှာရွေ့နေသလို ကေသီ ခံစားလာရတယ်။ ကေသီဘယ်လိုမှနေလို့မရတော့ ဆရာ ဝန်တွေဆီသွားပြတယ်။ အာရုံကြောဆေးတွေသောက်တယ်၊ မသက်သာဘူး။ ဆရာဝန်အမျိုးမျိုး ပြောင်းပြ တော့ “သမီးမျက်နှာကလည်း ပုံမှန်ပဲ။ ခန္ဓာကိုယ်ကလည်း ပုံမှန်ပဲ၊ အာရုံကြောတွေကလည်း ပုံမှန်ပဲ”လို့ ဆရာဝန်တွေက ပြောတယ်။
မဟုတ်ဘူး၊ ပုံမှန်မဟုတ်ဘူး။ မျက်နှာတစ်ခြမ်းကလည်း တောင့်တင်းနေတယ်၊ ခန္ဓာကိုယ်တစ်ခြမ်း နဲ့တစ်ခြမ်းကလည်း လှုပ်ရှားပုံမတူဘူး . . ကေသီကတော့ အဲဒီလိုပဲငြင်းတယ်။ ဒါနဲ့ ဆရာဝန်ကြီးတစ်ယောက်က ဆရာ့ဆီကို လွှဲလိုက်ပါတယ်။
_ _ _
“သမီး ဘယ်လိုဖြစ်သလဲပြောပြပါဦး”လို့ ဆရာက မေးလိုက်တော့ ကေသီက ပြန်ဖြေပါတယ်။
“ဆရာ . . ကျွန်မ မျက်နှာကိုကြည့်လိုက်ပါ .. မျက်နှာရဲ့ ညာဘက်ခြမ်းက ရှေ့ရောက်ပြီး ဘယ်ဘက်ခြမ်းက နောက်ရောက်နေတာကို မတွေ့ဘူးလားဆရာ”
ဆရာ့လက်ထောက် ဆရာဝန်မလေးနဲ့ အကူ သူနာပြုဆရာမတွေကို ဆရာက –
“သမီးတို့ . .သူ့မျက်နှာနဲ့ သူ့ခန္ဓာကိုယ်ကို သေသေချာချာ ကြည့်လိုက်ကြပါဦး . . ဘယ်လိုမြင်ရလဲ ပြောပြကြပါဦး . .သူကတော့ ညာခြမ်းက ရှေ့ရောက်ပြီး ဘယ်ခြမ်းက နောက်ရောက်နေတယ်လို့ ပြောနေ တယ်”လို့ ပြောတော့ သူတို့ကလည်း “ဟုတ်ကဲ့ပါ ဆရာကြီး၊ မျက်နှာကော၊ ခန္ဓာကိုယ်ကော ပုံမှန်လို့ပဲ မြင်ရပါတယ်”လို့ ဖြေပါတယ်။

ကေသီက “မဟုတ်ဘူး ဆရာ၊ မျက်နှာတင်မကဘူး၊ ခန္ဓာကိုယ်ကြီးကလည်းရှေ့တစ်ခြမ်း၊ နောက်တစ်ခြမ်း ရောက်နေတယ်”လို့ ပြောပြန်တယ်။
“မျက်နှာကော ခန္ဓာကိုယ်ကော ပုံမှန်ပဲ”လို့ ဝိုင်းပြောကြပေမယ့် ကေသီက လက်မခံခဲ့ဘူး။ ကေသီ့ကို အမျိုးမျိုးစမ်းသပ်မေးမြန်းကြည့်တော့ သူ့ခန္ဓာကိုယ်ပုံမှန်မဟုတ်ဘူး၊ အာရုံကြောတွေက ဆွဲလိမ်ပြီး ညှစ်ထားသလို ခံစားနေရတယ်လို့ သူက ပြောပြပါတယ်။
တကယ်တော့ ကေသီ့မှာ Body Dysmorphic Disorder လို့ ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ ပုံပန်းသဏ္ဍာန် ပျက်ယွင်းနေတယ်၊ အာရုံကြောအနေအထားတွေ မမှန်ဘူးလို့ သူ့စိတ်ထဲမှာ ထင်နေတဲ့ ယုံမှားလွန်တဲ့ ရောဂါတစ်မျိုးခံစားနေရတယ်ဆိုတာ ဆရာသိလိုက်ရပါတယ်။
“ကဲ . . သမီးရဲ့မျက်နှာနဲ့ ခန္ဓာကိုယ် ပုံမှန်ဖြစ်သွားအောင် . . အာရုံကြောတွေက ဆွဲလိမ်ပြီး မညှစ်တော့ဘဲ ပုံမှန်ဖြစ်သွားအောင် ဆေးတွေပေးလိုက်မယ်” ဆိုပြီး လိုအပ်တဲ့ ဆေးဝါးတွေ ပေးလိုက်ပါတယ်။ ဒါ့အပြင် အသက်ပြင်းပြင်း မှန်မှန် ရှူသွင်း ရှူထုတ်လုပ်ရမယ့် လေ့ကျင့်ခန်း၊ ခန္ဓာကိုယ်အကြောပြေလျော့စေမယ့် လေ့ကျင့်ခန်းတွေကို မှန်မှန်ပြုလုပ်ဖို့ မှာလိုက်ပါတယ်။
တစ်ပတ်ကြာတဲ့အခါ ကေသီဟာ ဆရာ့ချိန်းဆိုချက်အတိုင်း ပြန်ရောက်လာခဲ့ပါတယ်။

“အာရုံကြောတွေ ဆွဲလိမ်တာကော ခန္ဓာကိုယ် နဲ့ မျက်နှာပုံမှန်မဟုတ်တာကပါ နည်းနည်းလေးသက်သာသလို ထင်ရပေမယ့် လုံးဝတော့ ပုံမှန်မဟုတ်သေးဘူး ဆရာ။ အာရုံကြောတွေကတော့ ဆွဲလိမ်ထားသလို ဖြစ်နေသေးတယ် . .”
“သမီး မှန်ထဲကို သေချာကြည့်လိုက်ပါဦး”လို့ ဆရာက ပြောတော့-
“ဆရာရယ် . . မှန်ထဲမှာ မျက်စိနဲ့ တွေ့နေရ တာတော့ ပုံမှန်လိုဖြစ်နေတယ်. . စိတ်ထဲမှာ အလိုလိုသိနေရတာက မျက်နှာညာခြမ်းက ရှေ့ရောက်နေပြီး မျက်နှာဘယ်ခြမ်းက နောက်ကျန်နေတယ်”လို့ ထပ်ပြောတာနဲ့ ဆေးတွေကို ပြန်ချိန်ညှိပြီး ပေးရပါတယ်။
အရင်တစ်ခါက လုပ်ခိုင်းလိုက်တဲ့ လေ့ကျင့်ခန်းတွေအပြင် လက်ကိုဘယ်ညာလွှဲ၊ ခန္ဓာကိုယ်ကို ဘယ်ညာတစ်လှည့်စီ လှုပ်ရှားပြီး လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကို စနစ်တကျလုပ်ဖို့၊ ဒီလေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်တစ်ခြမ်းက ရှေ့ရောက်၊ နောက်ရောက်တာတွေမဖြစ်ဘဲ အတည့်အတိုင်း ဖြစ်သွားလိမ့်မယ်ဆိုပြီး စိတ်ကုထုံး၊ စိတ်လေ့ကျင့်ခန်းတွေ ပေးရပါတယ်။

၁၀ ရက်လောက် အကြာမှာတော့ တော်တော်လေးသက်သာလာပြီလို့ ကေသီက ဆိုတာကြောင့် ဆေးတွေဆက်သောက်ဖို့နဲ့ လေ့ကျင့်ခန်းတွေ ဆက်လုပ်ဖို့ မှာလိုက်ရင်း ဒီအတိုင်းသာဆိုရင် နှစ်ပတ်- သုံးပတ်အတွင်း အာရုံကြောတွေ ပုံမှန်ဖြစ်ပြီး ခန္ဓာကိုယ်နဲ့ မျက်နှာကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွား လိမ့်မယ်လို့ ပြောလိုက်ရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top