Healthy Life Ad
Life Style

အတွေးမှားခြင်းနှင့် စိတ်ဝေဒနာ (၃)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ကျန်းမာရေးအသင်းဝင်ပညာရှင်တွေရဲ့ အပတ်စဉ် ပညာပေးဆွေးနွေးပွဲမှာ အတွေးမှားခြင်း အကြောင်းကို ဆက်လက်ဆွေးနွေးနေကြတာဖြစ်ပါ တယ်။
သူနာပြုမေရီ- “လူနာတစ်ယောက်ရဲ့ မှတ် တမ်းကိုရေးဖို့ ကျွန်မ စဉ်းစားနေချိန်မှာ ဒေါက်တာ တွမ် စကားလာပြောတော့ ကျွန်မစဉ်းစားနေတာတွေ ပျောက်သွားတယ်။ အဲဒါ “အတွေးပိတ်ဆို့သွားခြင်း” (Thought Block)လက္ခဏာလား”

စာရေးသူ-“ဒီလို မဟုတ်ပါဘူး။ ဘေးက အနှောင့်အယှက်တစ်ခုခုကြောင့် စဉ်းစားလို့ မရတာ။ အာရုံပျက်ပြားသွားတာက သဘာဝကျပါတယ်။ အတွေးပိတ်ဆို့ခြင်းလက္ခဏာမှာတော့ လူနာ တစ်ခုခု စဉ်းစားနေတုန်း အတွေးမျှင်က အလိုအလျောက် ပျောက်သွားပြီး သူဘာကို စဉ်းစားတွေးတောနေ တယ်ဆိုတာကို မသိဖြစ်သွားတယ်။ စကားမဆုံးခင် စကားပြော ဗြုန်းကနဲ ရပ်သွားတယ်။ လူနာအမူအရာ ကြောင်တောင်တောင် ဖြစ်သွားတာကို တွေ့ရလိမ့်မယ်”

ဒေါက်တာတွမ်-“အဲဒီလက္ခဏာကိုစိတ်ကစဉ့်ကလျား စိတ္တဇရောဂါရှိသူတွေမှာ တွေ့ရတာများပါတယ်”

မေရီ-“အဲဒီလို ဘာကြောင့်ဖြစ်ရသလဲ”

တွမ်-“အတိအကျတော့ မပြောနိုင်ဘူး။ လူနာ ရောဂါ သက်သာလာတဲ့အခါ မေးမြန်းကြည့်လို့ သိရတာတော့ ရှိတယ်။ တစ်ခုခု စဉ်းစားနေချိန်မှာ ကာယကံရှင်ရဲ့ အတွေးမျှင်တွေကို တစ်စုံတစ်ယောက်က ဆွဲနှုတ်ယူသွားသလို ခံစားရတယ်တဲ့။ ဒါကြောင့် အဲဒီတဒင်္ဂအချိန်လေးမှာ လူနာရဲ့ဦးခေါင်းထဲမှာ အတွေး လုံးဝမရှိသလို ခံစားရတယ်”

မေရီ-“အတွေးလေဟာနယ်ဖြစ်သွားတာပေါ့”

စာရေးသူ-“မှန်ပါတယ်။ တစ်စုံတစ်ယောက် ဒါမှမဟုတ် စွမ်းအင်တစ်မျိုးမျိုးက လူနာရဲ့ စိတ်ကို ထိန်းချုပ်ထားသလို ခံစားရတဲ့ အတွေ့အကြုံဖြစ်တယ်။ ထူးခြားတဲ့ စိတ်ဖြစ်စဉ်လို့ ဆိုနိုင်ပါတယ်။ကိုယ့်အတွေးကို ကိုယ်မပိုင်သလို ခံစားရတဲ့ တခြားလက္ခဏာတွေလည်း ရှိသေးတယ်။ ဥပမာ- “အတွေးထည့်သွင်းပေးခံရခြင်းလက္ခဏာ (Thought Insertion) ဖြစ်ပါတယ်”

မေရီ-“သူများတွေးခိုင်းသလို တွေးလိုက်ရတာက ဦးနှောက်ဆေးကြောပေးတာ (Thought Broadcasting) ခံရသလိုလား။ ဒီလိုဆိုရင် အာဏာရှင်ခေတ်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ အတွေ့အကြုံကို ဘယ်လိုပြောမလဲ”

စာရေးသူ-“ကွာခြားချက်ရှိပါတယ်။ စိတ်ရောဂါခံစားရတာက သူ့စိတ်ထဲမှာ သူ့စိတ်နဲ့သူ ဖြစ်နေတာပါ။ အပြင်က ပယောဂမပါပါဘူး။ စွမ်းအားတစ် ခုက လွှမ်းမိုးသလို ခံစားရတာပါ”

တွမ်-“မေရီပြောသလို နိုင်ငံရေးစကားနဲ့ ပြောရရင် အတွေးကို ထောက်လှမ်းရေး (စပိုင်)လုပ်ခံရတဲ့ လက္ခဏာလည်းရှိသေးတယ်။ ဆေးပညာမှာ “အတွေးအသံလွှင့်ခြင်း(Thought Broadcasting) လို့ ခေါ်ပါတယ်။

ကျွန်တော်တွေ့ဖူးတဲ့ လူနာလိုဖြစ်မယ်။ တခြားလူနာတွေနဲ့ ထမင်းစားပွဲမှာ စားသောက်နေရင်း ဘာမပြော ညာမပြောနဲ့ စားပွဲခင်းကို ဆွဲလှန်ပစ်လိုက်တယ်။ ဘာဖြစ်တာလဲလို့ မေးကြည့်တော့ လူနာက ပြောပြပါတယ်။ ‘ဓာတ်မှန်ခန်းထဲကနေ ကျွန်တော့်ဦးခေါင်းထဲကို ဝင်လာတဲ့ ‘လုပ်ချင်စိတ်’ကြောင့် ထိန်းမရဖြစ်ပြီး ကျွန်တော်လုပ်မိတာပါ’ …

စာရေးသူ-“မှန်ပါတယ်။ အဲဒါလည်း ကိုယ့်အတွေးကို ကိုယ်မပိုင်တဲ့သဘောပါပဲ။ ကာယကံရှင် တွေးတော စဉ်းစားနေတာကို ဘေးကလူတွေ အလိုလိုသိရှိနေကြတယ်လို့ ခံစားရတဲ့လက္ခဏာပါ။ ကိုယ့် အတွေးကို လျှို့ဝှက်ထားလို့ မရ ဖြစ်နေပါတယ်။ လူနာရဲ့ စိတ်ထဲမှာ လုံခြုံမှုမရှိတော့ဘူးပေါ့။ ခင်ဗျားတို့ စဉ်းစားကြည့်ပါလား . . ခင်ဗျားတို့စိတ်ထဲမှာရှိတဲ့ လျှို့ဝှက်ချက်တွေကို ပတ်ဝန်းကျင်က ဖမ်းယူနား ထောင်နိုင်တယ်၊ အလိုလို သိရှိနေကြတယ်လို့ ခံစားနေရရင် ဘယ်လိုနေမလဲ”

တွမ်-“ဒဏ်ပိတာပေါ့ ဆရာ။ အဲဒီလို စိတ်ဝေဒနာအတွေ့အကြုံမျိုးကို သာမန်လူတွေအနေနဲ့ စိတ်ကူးကြည့်ဖို့ ခက်ခဲမယ်ထင်ပါတယ်။ ကျွန်တော့် အတွေးကို ကျွန်တော်ဖွင့်ဟမပြောဘဲနဲ့ ‘လူမသိစေချင်ဘူး’ဆရာ”

မေရီ-“ကျွန်မတို့ကလည်း မသိချင်ပါဘူး”

စာရေးသူ-“ပြင်ပစွမ်းအင်တစ်ခုက လွှမ်းမိုး နေတယ်လို့ခံစားရတဲ့ ထူးခြားတဲ့ဖြစ်စဉ်ကို တခြားစိတ်အင်္ဂါပိုင်းတွေမှာလည်းတွေ့ရှိနိုင်တယ်။ ဥပမာ- စိတ်ခံစားမှုပိုင်းမှာဆိုပါတော့။ ဗြုန်းကနဲ စိတ်ညစ်တဲ့ အမူအရာပေါ်လာပြီး ငိုချလိုက်တဲ့ လူနာတစ်ယောက် ကို ဆရာတွေ့ဖူးတယ်။ စိတ်ညစ်လွန်းနေသလားလို့ မေးတော့ သူဖြေတာကို ပြောပြမယ်။’မသိဘူး ဒေါက်တာ။ ဒီလိူတွေက “စိတ်ညစ်တဲ့ စိတ်ကို ကျွန်မဦးနှောက်ထဲ ထည့်ပေးနေကြတာပါ”တဲ့။ အဲဒီလက္ခဏာကို “ဖန်တီးပေးတဲ့ စိတ်ခံစားမှု” (Make Affect) လို့ ခေါ်တယ်။

မေရီ-“ကျွန်မ ပြောခဲ့တဲ့ စိတ်ကစဉ့်ကလျား စိတ္တဇရောဂါရှင်လူနာက ဆေးရုံမရောက်ခင်အိမ်မှာ ပစ္စည်းတွေကို ပေါက်ခွဲပစ်ခဲ့တဲ့ ရာဇဝင်ရှိတယ်။ ဘာ ကြောင့် ဒီလိုလုပ်တာလဲလို့ မေးတော့- “ကျွန်တော် ဒီလိုလုပ်နေချိန်မှာ ကျွန်တော်က ကျွန်တော်လုပ်နေတာကို ကြည့်နေရတဲ့လူ။ သူတို့က လုပ်နေကြတာ” လို့ဖြေတယ်ဆရာ။ အဲဒါ ကိုယ့်စိတ်ကို ကိုယ်မပိုင်တဲ့ သဘောလက္ခဏာလား”

စာရေးသူ-“ပြောနိုင်ပါတယ်။ ဆေးပညာမှာ “ဖန်တီးပေးတဲ့အပြုအမူ”(Made Acts) လို့ ခေါ်ပါတယ်။ အဲဒါနဲ့ သဘောသဘာဝချင်း ဆင်တူတဲ့ လက္ခဏာတစ်ခုကတော့ “ဖန်တီးပေးတဲ့ စေ့ဆော်မှု” (Made Will) ဖြစ်တယ်။ လူနာရဲ့ စိတ်ထဲမှာ တစ်စုံ တစ်ခုကို ပြုလုပ်လိုတဲ့ ဆန္ဒဇောစေ့ဆော်မှု ဖြစ်ပေါ်လာတယ်။ အဲဒီဆန္ဒဇောကို ကိုယ်ပိုင်တဲ့ စိတ်လို့ မခံစားရဘူး။ လူစိမ်းတစ်ဦးတစ်ယောက် ဒါမှမဟုတ် စွမ်းအင်တစ်မျိုးက တိုက်တွန်းနှိုးဆော်ပေးသလို ခံစားရတယ်။ တစ်ခါတစ်ရံမှာ လူနာဟာ အဲဒီလိုတိုက် တွန်းနှိုးဆော်မှုကို မတွန်းလှန်နိုင်ဘဲ အကြောင်းမဲ့ ထူးထူးဆန်းဆန်း အပြုအမူတစ်ခုကို ပြုလုပ်မိတယ်”

တွမ် -“ကျွန်တော် တွေ့ဖူးတဲ့ လူနာလို ဖြစ်မယ်။ တခြားလူနာတွေနဲ့ ထမင်းစားပွဲမှာ စားသောက်နေရင်း ဘာမပြော ညာမပြောနဲ့ စားပွဲခင်းကို ဆွဲလှန်ပစ်လိုက်တယ်။ ဘာဖြစ်တာလဲလို့ မေးကြည့်တော့ လူနာက ပြောပြပါတယ်။ “ဓာတ်မှန်ခန်းထဲကနေ ကျွန်တော့်ဦးခေါင်းထဲကို ဝင်လာတဲ့ ‘လုပ်ချင်စိတ်’ကြောင့် ထိန်းမရဖြစ်ပြီး ကျွန်တော် လုပ်မိတာပါ”လို့။

စာရေးသူ-“အခု ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ ကိုယ့်စိတ်ကို ကိုယ်မပိုင်တဲ့ လက္ခဏာတွေကို ဘယ် စိတ်ရောဂါမျိုးမှာ တွေ့ရှိရသလဲ”
မေရီ-“စိတ်ကစဉ့်ကလျားစိတ္တဇရောဂါမှာပါ ဆရာ။ အဲဒီဝေဒနာရဲ့ အခြေခံရောဂါလက္ခဏာတွေလို့ ကျွန်မဖတ်ရပါတယ်”

စာရေးသူ-“မေရီ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ တခြားစိတ်ရောဂါနဲ့ ဦးနှောက်ရောဂါတွေမှာလည်း တွေ့ရှိနိုင်ပါတယ်။ စိတ်ကြွစိတ်ကျရောဂါရှင် ၁၅ ရာခိုင်နှုန်းခန့်မှာ ကိုယ့်အတွေးကို ကိုယ်မပိုင်တဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။ စိတ္တဇမူးယစ်ဆေး သုံးစွဲရင်လည်း ဆေးမူးချိန်မှာ အဲဒီလက္ခဏာတွေ ဖြစ်ပွား နိုင်တယ်။ နားထင်အောက် ဦးနှောက်ပိုင်း ဒဏ်ထိလို့ ဖြစ်ပွားတဲ့ အတက်ရောဂါ (Temporal Lobe Epilepsy) မှာလည်း တွေ့ရှိရမယ်”

တွမ်-“ကိုယ့်စိတ်ကို ကိုယ်မပိုင်တဲ့ လက္ခဏာတွေကို စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ ဖြစ်စအချိန်နဲ့ ရောဂါနုစအချိန်မှာ ပိုမိုတွေ့ရှိရပါတယ်။ ဒါကြောင့် လူနာဟာ ဆေးကုသမှုမရရှိခင် မထင်မှတ်ဘဲ အကြမ်းဖက် တိုက်ခိုက်တာမျိုးကို ပြုမူမိတတ်ပါတယ်”

စာရေးသူ-“အရေးကြီးတဲ့ အချက်ပါ တွမ်။ မိသားစုထဲက တစ်ဦးဦးစိတ်ပြောင်းလဲလာသလို တွေ့ရရင် ဒီလိုလက္ခဏာတွေ ရှိ၊ မရှိ အိမ်သားအချင်းချင်း စစ်ဆေးကြည့်နိုင်ရင် ကောင်းတာပေါ့။ မဖြစ်သင့်တာကို ကြိုတင် ကာကွယ်နိုင်တာပေါ့။ရောဂါရင့်လာရင်တော့ အဲဒီလို အတွေ့အကြုံ တွေကနေပြီး”ထပ်ဆင့်အတွေးမှားခြင်း”လက္ခဏာ ဖြစ်ပေါ်လာနိုင်ပါတယ်”

မေရီ-“ယုံကြည်ချက် လွဲချော်တာ၊ ယုံကြည် မှုမှားယွင်းတာမျိုးလား ဆရာ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top