Healthy Life Ad
Life Style

အတွေးမှားခြင်းနှင့် စိတ်ဝေဒနာ (၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ကျန်းမာရေးအသင်းဝင်ပညာရှင်တွေရဲ့ အပတ်စဉ် ပညာပေးဆွေးနွေးပွဲမှာ ဖြစ်ပါတယ်။
စာရေးသူ – “အိမ်သားတစ်ဦးဦး ပြောဆိုဆက်ဆံပုံ မူမမှန်ရင် သူ့အတွေးပုံသဏ္ဍာန်မှားယွင်းနေခြင်း ရှိ၊ မရှိ ဘယ်လို စမ်းသပ်ကြည့်မလဲ”
သူနာပြုမေရီ – “မိသားစုဝင်တွေက ကျန်းမာရေး ပညာရှင်တွေမှ မဟုတ်ဘဲ ဆရာ”

စာရေးသူ – “ဘယ်သူမဆို အသုံးပြုနိုင်တဲ့နည်းတွေ ရှိပါတယ်။ ပြောပါများ စကားရဆိုတာ သိတယ်မဟုတ်လား။ လူတွေကို စကားများများ ပြောခိုင်းရင် သူတို့ရဲ့အတွေးကို ပိုမိုသိရှိနားလည်နိုင်တယ်။ နေ့စဉ် ပြောဆိုဆက်ဆံနေချိန်မှာ သူတို့ရဲ့ ချို့ယွင်းချက်ကိုဖုံးကွယ်ပြီး လူနာက စကားကို ထိန်းပြောနိုင်တယ်။ ဒါပေမဲ့ ဉာဏ်စမ်းပုစ္ဆာတစ်ခုခု ဖြေခိုင်းရင် ဒါမှမဟုတ် ရုပ်ပုံကားချပ်တစ်ခုကို ပြသပြီး ဇာတ်လမ်း ထွင်ပြောခိုင်းရင် အတွေးချို့ယွင်းတာတွေ ပေါ်လွင်လာလိမ့်မယ်။”

မေရီ – “ဘယ်လို ဉာဏ်စမ်းပုစ္ဆာမျိုးလဲ”
စာရေးသူ-“အလွယ်တကူ စစ်ဆေးနိုင်တဲ့ ဉာဏ်စမ်းပုစ္ဆာတွေ စကားပုံတစ်ခုရဲ့ ဆိုလိုရင်း အနက်အဓိပ္ပာယ်ကို ရှင်းပြစေတာမျိုး ဖြစ်တယ်”
မေရီ – “စကားပုံတစ်ခုကို ရှင်းပြနိုင်ဖို့က အခြေခံပညာရေးရှိမှ ဖြစ်မယ်မဟုတ်လား ဆရာ”
စာရေးသူ – “မှန်ပါတယ်။ ဒါပေမဲ့ ရပ်ကွက်ထဲမှာ နေ့စဉ်လိုလို အသုံးပြုနေတဲ့ အများသုံး စကားပုံ တွေရှိပါတယ်။ ဥပမာ-“ဘူးသီးမှအရီးတော်တယ်”၊ ယုန်ထောင် ကြောင်မိဖြစ်နေတယ်”ဆိုတဲ့ စကားပုံမျိုးတွေပါ။ အတွေးပုံသဏ္ဍာန်ချို့ယွင်းတဲ့ လက္ခဏာ ရှိရင် စကားပုံကို ဖြေဆိုတဲ့အခါ လိုရင်းအနှစ်ချုပ် အဓိပ္ပာယ်ကို မပြောဘဲ ဝေ့လည်ကြောင်ပတ် အဖြေပေးလိမ့်မယ်။
ဘူးသီးမှ အရီးတော်တယ်ဆိုတဲ့ စကားပုံကို ရှင်းပြတဲ့အခါ ဘူးသီးအရွယ်အစားနဲ့ ဟိုဘက်ရွာက အရီးလေးအကြောင်းကိုမဆီမဆိုင် ထည့်သွင်း ပြောဆိုလာလိမ့်မယ်။ အဲဒါ အတွေးပုံသဏ္ဍာန်ချို့ယွင်းခြင်းရှိ၊ မရှိကို စမ်းသပ်တဲ့နည်းတစ်ခုဖြစ်ပါတယ်”

ဒေါက်တာတွမ် – “အရာဝတ္ထုပစ္စည်းအမျိုးမျိုးကို အုပ်စုခွဲနိုင်တာကို စမ်းသပ်ကြည့်ရင်လည်း အ တွေးပုံသဏ္ဍာန်ချို့ယွင်းမှု ရှိ၊ မရှိ သိနိုင်ပါတယ်။ ဥပမာ အဆောက်အအုံထဲမှာ ပါဝင်တဲ့ အရာတွေကို ပြောခိုင်းနိုင်မယ်”
မေရီ – “စာသင်ကျောင်း၊ အိမ်၊ စက်ရုံ၊ ဆေးရုံ စသဖြင့်ပေါ့”

တွမ် – “မေရီ အောင်မှတ်ရပါတယ်။ အဲဒီသဘောအတိုင်းပဲ ပစ္စည်းတွေ အမည်ကွဲနေပေမယ့် သူတို့ထဲမှာ ရှိတဲ့ တူညီချက်ကို မေးမြန်းတာလည်း ရှိပါတယ်”
မေရီ – “တူညီချက်ကို စမ်းသပ်ခြင်း (Similarity Test)လို့ ကျွန်မ ထင်တယ်။”
တွမ် – “မှန်ပါတယ်။ ဥပမာ- မီးရထားနဲ့ လေယာဉ်ပျံမှာ တူညီတာ ဘာလဲ။ ခဲတံနဲ့ စာရွက်မှာ တူညီတာ ဘာလဲ . . စသဖြင့်ပေါ့”

စာရေးသူ – “နောက်ထပ်စမ်းသပ်နည်းတစ်ခု ရှိသေးတယ်။ ဝေဒနာရှင်ကို ပုံပြောခိုင်းတာ၊ ရုပ်ပုံတစ်ခုကိုပြပြီး အဲဒီရုပ်ပုံနဲ့ ပတ်သက်ပြီး ဇာတ်လမ်းထွင် ပြောခိုင်းတာမျိုးပါ။ ဝေဒနာရှင်ပြောတဲ့ ဇာတ်လမ်းကို နားထောင်ကြည့်ရင် အတွေးချို့ယွင်းတဲ့ အပြောအဆို၊ အယူအဆတွေကို တွေ့ရှိရလိမ့်မယ်”
မေရီ – “အခု ကျွန်မတို့ ဆွေးနွေးခဲ့တဲ့ စမ်းသပ်နည်းတွေရဲ့ အခြေခံသဘောက ဘာလဲဆရာ”
စာရေးသူ – “သာမန်လူတွေ စဉ်းစားတွေးတောတဲ့အခါ ပြဿနာနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုသာ ထည့်သွင်းစဉ်းစားပါတယ်။ မသက်ဆိုင်တဲ့ အချက်အလက်တွေကို ဖယ်ထုတ်ထားနိုင်တယ်၊ မလိုတာကိုပယ်၊ လိုတာကို ဆယ်ယူပြီး စဉ်းစားပါတယ်။ အတွေးပုံသဏ္ဍာန် ချို့ယွင်းမှု ရှိတဲ့ ဝေဒနာရှင်တွေ ပြဿနာတစ်ခုကို စဉ်းစားရင် အဲဒီလို ရှင်းရှင်းလင်းလင်း မတွေးတတ်ဘူး။ သူတို့စိတ်ထဲမှာ ပေါ်လာတဲ့ အကြောင်းအရာအားလုံး ကိုလိုတာ၊ မလိုတာ ခွဲခြားမနေဘဲ ရောနှောတွေးတောစဉ်းစားတယ်။ ဒါကြောင့် သူတို့စကားပြောရင် မဆီမဆိုင်တာ တွေပါလာပြီး နားလည်ဖို့ ခက်တာပါ။ ဆေးပညာမှာ အဲဒီလို အတွေးဖရိုဖရဲ ဖြစ်နေတဲ့ လက္ခဏာကို “အတွေးမျှင် လျော့ရဲရဲဖြစ်နေခြင်း” (Loosening of Association) လို့ ခေါ်ပါတယ်။ မလိုတဲ့အတွေးကို စစ်ထုတ်ပေးတဲ့ “အတွေးသံဆန်ခါ” ပေါက်ပြဲနေတယ်လို့ဆိုပါတော့”

တွမ် – “အတွေးအလျင်နှုန်း မြန်လွန်းရင်လည်း ရေအားများလို့ ရေကာတာ ကျိုးသွားသလို မလိုအပ်တဲ့ အတွေးတွေကို တားဆီးမရ ဖြစ်လာပါတယ်။ ဒါကြောင့် အတွေးအလျင်နှုန်း မြန်လွန်းတဲ့ လက္ခဏာရှိတဲ့ စိတ်ကြွရောဂါ (Mania) လူနာ စကားပြောရင်လည်း နားလည်ဖို့ ခက်ခဲတတ်ပါတယ်။ အခြေခံသဘောကတော့ အတွေးအလျင်နှုန်း ချို့ယွင်းခြင်း (Disorder of Stream of Thought) ဖြစ်ပါတယ်။ ဟုတ်ရဲ့လားဆရာ”

_ _ _

စာရေးသူ – “မှန်ပါတယ်။ အတွေးအလျင်နှုန်းဆိုတာ စဉ်းစားတွေးတောတဲ့အခါ နှေးနှေးကွေးကွေး တွေးတတ်တာ ဒါမှမဟုတ် လျင်လျင်မြန်မြန် တွေးတတ်တာလို့ ပြောတာပါ”
မေရီ – “ကျွန်မ အဖေ စကားပြောရင် တစ်လုံးချင်း ခပ်နှေးနှေးပြောတတ်တယ်။ သူပြောတာကို စောင့်မျှော်ပြီး နားထောင်ကြရတယ်။ အမေကတော့ တစ်မျိုး။ အမေစကားပြောရင် ခရားရေလွှတ် တတွတ်တွတ်ပဲ။ သူ့နောက်က အပြေးလိုက်ပြီး နားထောင်ကြရတယ်။ အဲဒါ အတွေးအလျင်နှုန်း ချို့ယွင်းတာလား”

စာရေးသူ – “တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားချက် ရှိတာပဲ ဖြစ်ပါလိမ့်မယ်။ သာမန်ဘောင်အတွင်းမှာ ခြားနားနေတာကို ချို့ယွင်းချက်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ တွမ်ပြောတဲ့စိတ်ကြွရောဂါရှိသူစကားပြောပုံကတော့ သာမန်ထက် လွန်ကဲနေပါတယ်။ အတွေးက မြန်လည်းမြန်၊ များလည်းများ၊ လေကြောရှည်ပြီး မဆုံးနိုင် ဖြစ်နေတတ်တယ်”
တွမ် – “ကျွန်တော်က ခင်ဗျား နံနက်စာ စားပြီးပြီလား”လို့ မေးတော့ သူက နံနက်စာကနေ လေကြောရှည်ပြီး အစားအစာအကြောင်း၊ သူ အချက်အပြုတ်တော်တဲ့အကြောင်း၊ ဈေးတန်းအကြောင်း၊ သူဈေးကြီးတဲ့ ပစ္စည်းတွေ ဝယ်ယူခဲ့တဲ့အကြောင်းတွေ ကို ဆက်တိုက်ပြောတော့တာပဲ။ ပျက်လုံးတွေ၊ ကြွားလုံးတွေကို ကြားညှပ်ပြောတာလည်းပါတယ်”

မေရီ – “ဂီယာအကုန်တင်၊ လီဘာအဆုံးထိ နင်းပြီး ကားမောင်းသလိုလား”
တွမ် – “စကားပြောဖို့ ဖိအားအပြည့်ရှိနေလို့ အဲဒီလက္ခဏာကို (Pressure of Speech)လို့ ခေါ်ပါတယ်။”
စာရေးသူ – “အဲဒါထက် ပိုဆိုးလာရင် လူနာ စကားပြောတာကို နားလည်ဖို့ ခက်ခဲလာနိုင်ပါတယ်။ သူ့ပြောစကားတွေက ခုန်ပျံကျော်လွှားပြီး အဆက်အစပ်မရှိသလို ဖြစ်လာတယ်။ ဘေးပတ်ဝန်းကျင်မှာ မြင်ရကြားရတာတွေကို မဆီမဆိုင် ထည့်သွင်းပြောဆိုလာတယ်။ အဲဒီလက္ခဏာကိုတော့ “အတွေးခုန်ပျံ ကျော်လွှားခြင်း” (Flight of Idea)လို့ ခေါ်ပါ တယ်။ စကားပြောမြန်လွန်းတဲ့ လက္ခဏာကို စိတ်ကြွမူးယစ်ဆေး နဲ့ ကိုကိန်းမူးယစ်ဆေးသုံးလို့ ဆေးမူးနေတဲ့ အချိန်မှာလည်း တွေ့ရှိနိုင်တယ်”
မေရီ – “စကားများလွန်းတဲ့ လူနာတွေ့ရင် စိတ်ဝေဒနာအခြေအနေကို ခန့်မှန်းဖို့ လွယ်ပါတယ်ဆရာ။ ဒါပေမဲ့ စကားပြောနှေးလွန်းတဲ့ လူနာကိုတော့ သူဘာဖြစ်နေသလဲဆိုတာ ပတ်ဝန်းကျင်က အလွယ်တကူ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ စိတ်ကျရောဂါ ခံစားနေရတဲ့ ကျွန်မရဲ့ လူနာတစ်ယောက်ဟာ အခြေအနေဆိုးလာတော့မှ ဆေးရုံရောက်လာတယ်”
တွမ်- “ဘာကြောင့်လဲ”

မေရီ-

“သူ ခံစားနေရတဲ့ ဝေဒနာကို အိမ်သားတွေ သိအောင် ရေရေလည်လည် မပြောဘူး။ အိမ်သားတွေက လည်း သူ စကားပြောနှေးတာကို ရောဂါလက္ခဏာလို့ မယူဆကြဘူး။ သူနဲ့ စကားပြောကြည့်တဲ့အခါ သူ ပြောတာကို တစ်လုံးချင်း စောင့်ပြီး နားထောင်ရတယ်။ ဖြေဆိုပြန်တော့လည်း ပြည့်ပြည့်စုံစုံ မဖြေဘူး။ အဲဒါ အတွေးအလျင်နှုန်း နှေးလွန်းတဲ့ လက္ခဏာလား”

စာရေးသူ – “ပြောလို့ရပါတယ်။ အတွေးအလျင်နှုန်း နှေးကွေးလွန်းရင် တွေးတောနိုင်တဲ့ အကြောင်းအရာတွေ လည်း လျော့နည်းလာပါတယ်။ အတွေးခေါင်းပါးလာတယ်။ “အတွေးဆင်းရဲခြင်း” လက္ခဏာ (Poverty of Speech)လို့ ခေါ်ပါတယ်။”
တွမ် – “ရေစီးနှေးတဲ့ ချောင်းမှာ ရေခမ်းလာသလိုလား”
စာရေးသူ – “အဲဒီလက္ခဏာကို စိတ်ကျရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရသူနဲ့ နာတာရှည် စိတ်ကစဉ့်ကလျား ရောဂါရှင်တွေမှာ တွေ့ရှိပါတယ်”

တွမ် – “အတွေးပိတ်ဆို့ခြင်း” (Thought Block) လက္ခဏာက အတွေးအလျင်နှုန်း ချို့ယွင်းမှု တစ်မျိုးလား”
စာရေးသူ – “အဲဒီဖြစ်စဉ်ကတော့ ကိုယ့်အတွေးကို တစ်စုံတစ်ယောက်က ချုပ်ကိုင်လွှမ်းမိုးထားသလိုခံစားရတဲ့ လက္ခဏာဖြစ်တယ်။ ကိုယ့်အတွေးကို ကိုယ်မပိုင်သလို ခံစားရတဲ့အခြေအနေလို့ဆိုနိုင်ပါတယ်”
မေရီ – “ရှင်းပြပါဆရာ”
_ _ _

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top