Healthy Life Ad
Child

စိတ်ဒဏ်ရာရနေတဲ့ ကလေးတွေကိုဘယ်လို နှစ်သိမ့်ပေးကြမလဲ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကလေးရှေ့မှာ အကြီးအကျယ်ရန်ဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ထိခိုက်နာကျင်အောင်လုပ်ရင် ကလေးမှာ စိတ်ဒဏ်ရာရနိုင်ပါတယ်။ ဒါ့အပြင် မီးအကြီးအကျယ်လောင်တာ၊ ငလျင်လှုပ်တာ၊ ရေကြီးတာစတဲ့ သဘာဝဘေးအန္တရာယ်တွေကြုံရရင်လည်း ကလေးမှာ စိတ်ဒဏ်ရာရတတ်ပါတယ်။ စိတ်ဒဏ်ရာရနေချိန်မှာ ကလေးငယ်ကို လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ရောက်ရှိသွားပြီဆိုတဲ့ စိတ်ခံစားချက်ရတဲ့အထိ ဖေးမပေးဖို့လိုပါတယ်။

ကလေး၏ စိတ်ခံစားချက်များကို မေးမြန်းပါ
ကလေးခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကိုသေချာမေးမြန်းပြီး အားပေးပါ။ ကလေးစိတ်ထဲမှာ မကောင်းတဲ့ ခံစားချက်၊ စိတ်ဒဏ်ရာမရတော့တဲ့အထိ သေချာအောင် မေးမြန်းအားပေးပါ။

ကလေးကို ပွေ့ဖက်နှစ်သိမ့်ပါ
ကလေးတွေကိုပွေ့ဖက်ပေးတာက အခြေအနေ အရပ်ရပ်အပေါ် ယုံကြည်စိတ်တိုးပွားစေပြီး သူ့ကိုယ်သူယုံကြည်မှု ရှိလာတတ်ပါတယ်။ “သား သူငယ်ချင်းတောင် မကြောက်ဘူး၊ သားက ဘာလို့ ကြောက်နေတာလဲ” ဆိုပြီး တခြားကလေးတွေနဲ့ ယှဉ်မပြောဘဲ ကလေးကို ပွေ့ဖက်နှစ်သိမ့် အားပေးပါ။

“ကလေးကို ကြောက်ရွံ့မှု ထပ်မဖြစ်စေသင့်”
စိတ်ဒဏ်ရာအနာမကျက်သေးချိန်မှာ “ဒါမျိုးထပ်ကြုံရဦးမှာ”ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ ကလေးကို ထပ်မကြောက်ပါစေနဲ့။ ကလေးရင်ဆိုင်နိုင်ခဲ့တဲ့ သတ္တိကိုအားပေးရင်း ကလေးရဲ့ ကြောက်စိတ်ကို တွန်းလှန်ပေးပါ။

တီဗီကြည့်ရာတွင် အနိဋ္ဌာရုံများ မပါစေသင့်
သဘာဝဘေးအန္တရာယ်ကြုံကြိုက်ပြီးချိန်မှာ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတွေပါတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို ကလေး မကြည့်မိပါစေနဲ့။ ကလေး ပျော်ရွှင်ကျေနပ်စေမယ့် ကာတွန်းကား၊ ရဲရင့်စေမယ့် ပါဝါရိန်းဂျား၊ စူပါမင်း ဇာတ်ကား စတာတွေကိုပဲပြသပြီး ကလေးရဲ့ စိတ်နာကျင်မှုကို ကုစားပေးပါ။

ကလေး၏ အခြေအနေကို မကြာခဏ စူးစမ်းပါ
ကလေးက သူကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ကြောက်နေဆဲပဲလားဆိုတာ ဆန်းစစ်ပါ။ လူကြီးတွေရဲ့ရန်ပွဲက ပြီးဆုံးသွားပြီဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သွားတဲ့ အခြေအနေတွေကို ပြန်လည်ပြုပြင်ပြီး ဖြစ်ကြောင်းရှင်းပြပါ။ အေးဆေးတည်ငြိမ်သွားတဲ့ နေရာတွေကို လိုက်ပြပါ။

စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်သော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများကို စောင့်ကြည့်ပါ
စိတ်ထိခိုက်မှုကြောင့် ခန္ဓာကိုယ်ကျန်းမာရေးလည်း ထိခိုက်ရတတ်ပါတယ်။ ကလေးတွေမှာ စိတ်ဖိစီးပင်ပန်းမှု ဖြစ်ရတဲ့အခါ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာနဲ့ အိပ်ရေးပျက်တာစတဲ့ ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါ တွေရှိ၊ မရှိဆန်းစစ်ပေးပြီး အဲဒီဝေဒနာတွေနဲ့အတူ စိတ်ထိခိုက်မှုကိုပါ ကုသပေးဖို့အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top