Healthy Life Ad
Health Tips

ပျော်ရွှင်စေမယ့်ဆီရိုတိုနင်အထွက်တိုးဖို့ဆိုရင် . . .

၊ ငွေကြယ်စင်ယံ ၊

ဆီရိုတိုနင်ဆိုတာ စိတ်ခံစားမှုနဲ့ ပျော်ရွှင်ကြည်နူးမှုတို့အတွက် အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဆီရိုတိုနင် အတက်အကျဖြစ်တာက လူတစ်ယောက်ရဲ့စိတ်ခံစားမှု၊ အိပ်စက်မှုနဲ့ လေ့လာသင်ယူနိုင်စွမ်းတို့အပေါ် သက်ရောက်မှုဖြစ်ပေါ်စေပါတယ်။ ဆီရိုတိုနင်အဆင့်ကို မြင့်တက်အောင် လုပ်ဆောင်ပေးနိုင်မယ့် သဘာဝအစာတွေရှိပါတယ်။

– သစ်သီးများ

သစ်သီးတွေမှာ ဗီတာမင်နဲ့သတ္တုဓာတ်အပြင် အရေးကြီးတဲ့ အာဟာရဓာတ်အပြည့်ပါဝင်တာကြောင့် ဆီရိုတိုနင်နဲ့ တခြားစိတ်ခံစားမှုကောင်းစေတဲ့ ဓာတ်တွေကိုတိုးမြင့်စေပါတယ်။ မယ်လတိုနင်ဓာတ်ပါဝင်တဲ့ တချို့သစ်သီးတွေက အိပ်မောကျစေပြီး စိတ်ဓာတ်ကျတာနဲ့ဝမ်းနည်းမှုကို သက်သာစေပါတယ်။

ဘယ်အသီးတွေကို စားသင့်သလဲ

ဆီးသီး၊ နာနတ်သီး၊ ငှက်ပျောသီးနဲ့ ချယ်ရီသီးတွေက ဆီရိုတိုနင်ဓာတ်ကို အထွက်တိုးစေပါတယ်။

– ကာဗိုဟိုက်ဒရိတ်အစာများ

လူအများစုက ကာဗိုဟိုက်ဒရိတ်ဟာ ကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်တယ်ဆိုတာကြောင့် ကာဗိုဟိုက်ဒရိတ်ရဲ့ အရေးပါပုံကို လျစ်လျူရှုထားကြပါတယ်။ တကယ်တော့ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန်အသုံးဝင်ပြီး မရှိမဖြစ်အရေးပါတဲ့အရာပါ။ လေ့လာမှုတွေအရ ကာဗိုဟိုက်ဒရိတ်ဟာစိတ်ခံစားမှုကို ကောင်းမွန်စေတယ်လို့သိရပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစာကိုစားလိုက်ရင် ပျော်ရွှင်ကျေနပ်မှုရရှိတာက ဗိုက်ပြည့်စေတဲ့အပြင် ဆီရိုတိုနင်အထွက်တိုးကာ ဦးနှောက်ဆီကို ဆီရိုတိုနင်ရောက်ရှိအောင် ပံ့ပိုးပေးပြီး စိတ်ပျော်ရွှင်ကျန်းမာစေတာကြောင့်ပါ။

ဘယ်လို ကာဗိုဟိုက်ဒရိတ်အစာကို စားသင့်သလဲ

နွားနို့၊ ဒိန်ခဲ၊ ပေါင်မုန့်ညိုနဲ့ အညိုရောင်ခေါက်ဆွဲတို့ကိုစားပြီး ကာဗိုဟိုက်ဒရိတ်ကို ရယူသင့်ပါတယ်။

– အခြား အစာများ

ဥအမျိုးမျိုး၊ အမဲသားနဲ့ ငါးတွေမှာလည်း ဆီရိုတိုနင်ပါဝင်မှုများသလို ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ပါဝင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top