Healthy Life Ad
Life Style

ဘဝပျော်ရွှင်မှုနှင့် သိမှတ်ဖွယ်ရာ(၅)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)

ယခင်တစ်ပတ်မှအဆက်

ပျော်ရွှင်တဲ့သူ၊ အောင်မြင်တဲ့သူဆိုတာ . . .
ပျော်ရွှင်တဲ့သူ၊ အောင်မြင်တဲ့သူဆိုတာ ကိုယ်လုပ်တဲ့အလုပ်ကို သေသေချာချာ၊ စေ့စေ့စပ်စပ်နဲ့ စိတ်ဝင်တစားလုပ်ဆောင်တဲ့သူပဲ ဖြစ်တယ်။“Not all of us can do great things. But we can do small things with great love.”ဆိုတဲ့ ကမ္ဘာကျော်တဲ့ စကားတစ်ခွန်းရှိတယ်။
ဒီစကားကိုပြောခဲ့တဲ့သူက ပိုက်ဆံဆိုတာ တစ်ပြားမှမရှိဘူး။ ရုပ်ရည်ဆိုတာလည်း အရေးကြောင်းတွေအများကြီးနဲ့ . . အင်္ကျီကလည်း တစ်ထည်ပဲရှိတယ်။ သူသေဆုံးတဲ့အခါ တစ်ကမ္ဘာလုံးက လူတွေ ငိုကးကြတယ်။ သူ့နာမည်ကတော့ မာသာထရီဇာ လို့ ခေါ်တယ်။
သူဟာ သူနာပြုအတတ်ကို သင်ပြီး သူနဲ့ ဘာမှ သွေးမတော်သားမစပ်တဲ့ အိန္ဒိယနိုင်ငံကိုသွားရောက်ခဲ့တယ်။ အဲဒီက လမ်းဘေးမှာ စားစရာမရှိလို့ လဲနေတဲ့၊ ဝတ်စရာမရှိလို့ သောကရောက်နေတဲ့ သူတွေကို နေစရာလေး ဖန်တီးပြီး အစားအသောက်လေးတွေ ကျွေးတယ်။ ပြုစုပေးတယ်။ သူ့မှာ ဘာပိုင်ဆိုင်မှုမှ မရှိပေမယ့် သူသေသွားတဲ့အခါ တစ်ကမ္ဘာလုံးက ဝမ်းနည်းကြ၊ စိတ်မကောင်းဖြစ်ကြ၊ ငိုကြတယ်။ သူဟာ အင်မတန်သေးငယ်တဲ့ အလုပ်လေးတွေကို ကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့ လုပ်ခဲ့တာပဲ ဖြစ်တယ်။

တစ်ခါတလေကျရင် လူတစ်ယောက်က ကိုယ်ရည်မှန်းထားတဲ့ အရာလေးတွေနဲ့ လွဲချော်သွားတာမျိုး၊ ၁၀ တန်းမှာ အမှတ်နည်းနည်းလေးနဲ့ လွဲချော်သွားတာမျိုး ရှိတတ်တယ်။ ဆေးဘက်ပညာသင် တက္ကသိုလ်တက်နေတဲ့ ကောင်မလေးတစ်ယောက်က ဆရာ့ဆီကို ရင်ဖွင့်ဖူးတယ်။ သူက ဆရာဝန် ဖြစ်ချင်တာ။ သူ ၁၀ တန်းအောင်တော့ ဆေးကျောင်းတက်ဖို့ အမှတ် ၂ မှတ် လိုသွားတယ်။ ဒါနဲ့ ဆေး ဘက်ပညာသင်တက္ကသိုလ်ရောက်တော့ သူမပျော်ဘူး။ အလုပ်လုပ်တော့လည်း မပျော်ဘူး။ ဆရာဝန်တွေကို ကြည့်လိုက်တိုင်း သူစိတ်ညစ်နေတယ်။ သူဖြစ်ချင်တာ မဖြစ်ခဲ့လို့တဲ့။ သူက Physiotherapy အလုပ်ကို လုပ်နေပြီ။ ဆရာဝန်ဖြစ်ချင်လို့ ဘယ်ရပါတော့မလဲ။ ဘဝမှာ တစ်ခါတစ်ခါ ကိုယ်ဖြစ်ချင်တာ မဖြစ်တာတွေ ကြုံတတ်တယ်။

ဒါနဲ့ ဆရာက သူ့ကို ပြောလိုက်တယ်။
“ဆေးကျောင်းသားတိုင်းကလည်း ပျော်တယ်များထင်နေသလား”လို့။ တချို့ဆို ၁၀ တန်းမှာ အမှတ်တွေများပြီး ဆေးကျောင်းရောက်လာတာ။ ဒါနဲ့ သူ့ကိုဘဝမှာ ဆရာဝန်လုပ်ရမှ ပျော်မှာလား။ အဓိက ဘယ်နေရာရောက်ရောက် ပျော်ရွှင်ဖို့ပဲ မဟုတ်လား လို့မေးလိုက်တယ်။ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ခြင်း မေတ္တာအပြည့်နဲ့လုပ်တဲ့သူက ပျော်ရွှင်တာပဲလို့ဆရာဖြေလိုက်တယ်။
နောက်ပိုင်း သူ့ခံယူချက်ကို ပြောင်းလဲပြီး သူလုပ်တဲ့ အလုပ်ကို စိတ်မညစ်တော့ဘူး။ သူလုပ်တဲ့ အလုပ်ကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ လုပ်တော့မယ်လို့ ပြောတယ်။ အခုဆို သူလုပ်တာကို သဘောကျလို့ စင်ကာပူနိုင်ငံက ဆရာဝန်တွေ ရောက်လာတဲ့အခါ သူ့ကို စင်ကာပူလိုက်ခဲ့ပါလားလို့ အတင်းခေါ်တယ်။ အဲဒီလောက်အထိ အောင်မြင်သွားပါတယ်။
နောက်ထပ်ဥပမာတစ်ခုပေးရရင် ကျွန်တော့်တူမလေးတစ်ယောက်ရှိတယ်။ သူကလည်းဆရာဝန် ဖြစ်ချင်တယ်။ ကျွန်တော်ကလည်း ဆရာဝန်ဖြစ်စေချင်တယ်။ ၁၀ တန်းဖြေတော့ သူက နေမကောင်းဖြစ်ရော။ အဲဒါနဲ့ သူက စီးပွားရေးတက္ကသိုလ်ပဲ တက်ခဲ့ရတယ်။ သူကအင်္ဂလိပ်စာလေ့လာတယ်။ ကျောင်းပြီးသွားရော အလုပ်ဝင်တဲ့အခါ နိုင်ငံခြားကို သွားရောက်ခွင့်ရသွားတယ်။ သူက ၁၀ နှစ်ကြာသွားတဲ့ အချိန်မှာ အလုပ်တွေ ဘာတွေလုပ်ပြီး တစ်လတစ်လဝင်ငွေက အများကြီး။ ဒါကြောင့် လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ဘာအလုပ်လုပ်တယ်ဆို တာထက် ကိုယ်လုပ်တဲ့အလုပ်ကို ဘယ်လောက်အထိတန်ဖိုးထားပြီး ပျော်ရွှင်စွာနဲ့ လုပ်ဆောင်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။

အနားယူခြင်း
ကျွန်တော့်ကို လူတွေက မေးကြတယ်။
“ဆရာ ဘယ်အချိန်မှာအနားယူလဲ”
နေ့ဆိုလည်း ဆေးရုံ၊ ဆေးခန်းအလုပ်တွေနဲ့ ပြည့်နေတာ။ ညဆိုလည်း အိပ်ချိန်က နည်းနည်းပဲ ရှိတယ်။ အနားယူတယ်ဆိုတာ ဆေးကုပြီး စာသင်တယ်၊ အားရင်စာဖတ်တယ်၊ စာရေးတယ် . .အဲဒီလို တစ်ခုပြီး တစ်ခုပြောင်းလုပ်တာက ကျွန်တော့်အတွက် အနားယူတာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အနားယူပုံချင်းကတော့ မတူဘူးပေါ့လေ။ ကိုယ်ပျော်တတ်တဲ့ ပုံစံနဲ့အနားယူသင့်ပါတယ်။

ဘဝမှာ ဘာအရေးကြီးဆုံးလဲ

ဘဝမှာ ဘာအရေးကြီးဆုံးလဲဆိုရင် တချို့က စာတွေအများကြီး သင်ပြီး ပညာတတ်တာက ဘဝမှာ အရေးကြီးဆုံးလို့ထင်ကြတယ်။ တကယ်က မဟုတ်ပါဘူး။ မဟာဂန္ဓာရုံစာသင်တိုက်ကြီးမှာ ရေးထား တဲ့အရေးကြီးဆုံး ၁၀ချက်မှာ နံပါတ်တစ်က “စိတ်ကောင်းရှိဖို့”ပါပဲ။ စာတတ်ဖို့က နံပါတ် ၁၀နေရာမှာပဲရှိပါတယ်။

ဘဝမှာ အရေးကြီးဆုံးက စိတ်ထားကောင်းဖို့ ဖြစ်တယ်။ ပြီးတော့ ကျန်းမာရမယ်၊ သန့်ရှင်းရမယ်၊ အပြောအဆိုတတ်ရမယ်၊ အဝတ်အစား ဝတ်တတ်ရမယ်၊ စည်းကမ်းရှိရမယ်၊ အနေအထိုင်တတ်ရမယ်၊ အသွားအလာတတ်ရမယ်။ ဒါတွေက ဘဝမှာအောင်မြင်ဖို့အတွက် လိုအပ်တဲ့အချက်တွေပါပဲ။
ဘဝဆိုတာ ကိုယ်ပေးလိုက်တဲ့အရာတွေက ကိုယ့်ဆီကို ပုံစံမျိုးစုံနဲ့ ပြန်ရောက်လာတာပါပဲ။ဒီတော့ ကိုယ်ပျော်ချင်လား . . သူများကို ပျော်အောင်လုပ်ပေးလိုက်ပါ။ကိုယ်စိတ်ချမ်းသာချင်လား . . သူများကို စိတ်ချမ်းသာအောင် ထားပေးလိုက်ပါ။ကိုယ်မကောင်းတာတွေပေးလိုက်ရင်လည်း အကုန်လုံး ကိုယ့်ဆီပြန်ရောက်လာမှာပါပဲ။

လူ့လောကမှာ မေတ္တာဆိုတာ အရေးကြီးဆုံးပါပဲ။ ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်တယ်ဆိုရင် မေတ္တာစစ် မေတ္တာမှန်နဲ့ ပေးဆပ်တတ်ရမယ်။ ဒါ့အပြင် အသိပညာတွေ ရအောင် ကြိုးစားရမယ်။ အဲဒီပညာဆိုတာ အမှား၊ အမှန်၊ အကောင်း၊ အဆိုးကို ခွဲခြားနားလည်တတ်တဲ့ ပညာကို ပြောတာပါ။ ဒီအသိပညာရရှိဖို့အတွက် ကျောင်းစာတွေတင်မက စာကောင်းပေမွန်တွေကိုပါ ဖတ်ရှုဖို့လိုအပ်ပါတယ်။ ရောက်တဲ့နေရာမှာ ကိုယ်ပေးလိုက်တဲ့အချိန်ကို ဘယ်လိုအကျိုးရှိရှိ အသုံးချနိုင်သလဲ၊ အချိန်ကို ဘယ်လောက်အကျိုးရှိရှိ အသုံးချနိုင်သလဲဆိုတာကလည်းအရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top