Healthy Life Ad
Life Style

ရင်ထဲမှာ တင်းကျပ်ပြီး ဟာနေတယ် ဆရာ . . .

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

ဒီနေ့ ဆရာ့ဆီ ရောက်လာတဲ့

ဒေါ်ထားဝေဟာ မျက်လုံးက ပြူးကျယ်ပြီး စိတ်ထဲမှာ မွန်းကျပ်နေတဲ့ ပုံမျိုးနဲ့ . . အစ်မဖြစ်သူက အတင်းခေါ်လာလို့ရောက်လာခဲ့တာပါ။ တကယ်တော့ ဒေါ်ထားဝေက အခုမှ ဆရာ့ဆီ လာပြတဲ့ လူနာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်တုန်းက လာပြဖူးပြီး ချိန်းဆိုတဲ့အတိုင်း ပြန်မပြတော့ဘဲ ပျောက်နေတဲ့ လူနာဖြစ်ပါတယ်။

သူက ဆေးခန်းထဲက ထိုင်ခုံမှာ ပြူးကျယ်နေတဲ့ မျက်လုံးအစုံနဲ့ ငူငူငိုင်ငိုင်ထိုင်နေရှာပါတယ်။ သူ့ အစ်မဖြစ်သူက-
“ဆရာ . . သူ့အခြေအနေ တော်တော်လေး ပြန်ဆိုးလာလို့ ခေါ်လာတာပါ ဆရာ”လို့ စပြောပါတယ်။
“ဘယ်လိုတွေကြောင့် အခြေအနေ ဆိုးသွားတာလဲ ပြောပါဦး”ဆိုတော့-
“သူက အရင် ဆရာ့ဆေးတွေ မှန်မှန်သောက်နေတုန်းကတော့ အခြေအနေ ကောင်းပါတယ်။ ပုံမှန်အတိုင်းပါပဲ . .ဆေးတွေ မှန်မှန်သောက်နေရာကနေ နောက်ပိုင်းမှာ ‘ဆေးတွေ သောက်တာကြာပြီ၊ ဘာမှမဖြစ်တော့ဘူး . . သက်သာနေပြီပဲ’ဆိုပြီး သူ့ သဘောနဲ့သူဆေးတွေကို ဖြတ်လိုက်ပါတယ် ဆရာ။ ဆေးတွေဖြတ်ပြီး ၂လ-၃လအကြာမှာပဲ ဒီလိုပုံစံ ပြန်ဖြစ်သွားတော့တာပဲ”လို့ ပြောပြပါတယ်။
ဆရာက ဒေါ်ထားဝေကို “ဘယ်လိုတွေ ခံစားနေရလဲဆိုတာ ဆရာ့ကို ပြောပြပါဦး”ဆိုတော့ ဒေါ်ထားဝေက စကားလုံးတစ်လုံးထွက်လာဖို့ အလွန်အမင်းအားယူနေရတဲ့ ဟန်မျိုးနဲ့ အကြာကြီးနေမှ တစ်ခွန်းချင်း ပြောလာပါတယ်။

“ရင်ထဲမှာ တင်းကျပ်ပြီး ဟာနေတယ် ဆရာ၊ မွန်းကြပ်နေတာပဲ”
သူ့ပုံစံက ထိတ်လန့်နေတဲ့ပုံနဲ့ ဟိုကြည့်ဒီကြည့်ကြည့်ပြီး စကားပြောဖို့ အားယူနေရပါတယ်။ ဆရာနဲ့ မျက်လုံးချင်းဆုံပြီး မကြည့်ဘဲ ဘေးဘီကိုသာ အကြည့်လွှဲရင်း ပြူးကြောင်ကြောင်ဖြစ်နေပါတယ်။
“တခြားကော ဘာတွေခံစားရသေးလဲ ပြောပြပါဦး”ဆိုပြီး မေးလိုက်တော့ သူ့ပါးစပ်ကဘာစကားလုံးမှ မထွက်လာတော့ပါဘူး။ သူ့အစ်မကပဲ ပြောပြ ပါတယ်။

“ဘေးက လူတွေက သူ့အကြောင်းမကောင်း ပြောကြတယ်လို့ ပြောတယ် ဆရာ။ ပတ်ဝန်းကျင်က ပြောသမျှ စကားတိုင်း သူ့ကို စောင်းမြောင်းပြောတယ်လို့ သူထင်နေတယ်။ သူ့ဘေးက ဖြတ်သွားတဲ့ သူမှန်သမျှ သူ့ကို ကြည့်နေတယ်၊ သူ့အကြောင်းကိုပဲပြောနေတယ်လို့ သူထင်နေတယ်။ အိမ်မှာလည်း အဲဒီအတိုင်းပဲ ထင်နေတယ် ဆရာ . .
အခု ဆရာ့ဆီလာပြတဲ့ လမ်းတစ်လျှောက်မှာတောင် တွေ့သမျှလူတိုင်းက သူ့ကို ကြည့်နေပါတယ်၊ သူ့အကြောင်း တတွတ်တွတ်ပြောနေပါတယ် ဆိုပြီး ထင်နေတယ် ဆရာ . .”

အဲဒီအချိန်မှာ ဒေါ်ထားဝေက တစ်လုံးချင်း ဝင်ပြောပါတယ်။
“သူတို့ပြောတဲ့ စကားတွေထဲမှာ ကောင်းတာလည်း ပါတယ်၊ မကောင်းတာလည်း ပါတယ် . . ဒါပေမဲ့ မကောင်းတာက ပိုများတယ်”
“အစားအသောက်ကတော့ အရင်လို မစားနိုင်တော့ဘူး၊ စားချင်သောက်ချင်စိတ်နည်းသွားတယ်”လို့ အစ်မဖြစ်သူက ပြောပြခဲ့ပြီး ဆီးဝမ်းမှန်ရဲ့လားလို့ မေးတော့ ဒေါ်ထားဝေက ဖြေးဖြေးလေးလေးနဲ့ဖြေပါတယ်။
“ဝမ်းချုပ်တယ်။ ဝမ်းနုတ်ဆေးမှ မသောက်ရင် ၂ရက်-၃ရက်ကြာတဲ့အထိ ဝမ်းမသွားဘူး”လို့ ဖြေပါတယ်။
အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့လည်း လုပ်ငန်းတိုးချဲ့ဖို့မပြောနဲ့၊ ရှိတဲ့လုပ်ငန်းကိုတောင် ကောင်းကောင်းအာရုံစိုက်ပြီး မလုပ်နိုင်ဘူးလို့ သိရပါတယ်။
_ _ _

တကယ်တော့ အသက် ၄၅ နှစ်အရွယ် ဒေါ်ထားဝေဟာ အရင်က အရောင်းအဝယ် အလုပ်တွေကို သွက်သွက်လက်လက် ရောင်းဝယ်ဖောက်ကားနိုင်တဲ့သူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကလည်း ဒီလို သူ့ကိုပဲ ဝိုင်းကြည့်နေပြီး သူ့အကြောင်း မကောင်းတာတွေ ပြောနေတယ်လို့ထင်နေတဲ့ သံသယလွန်စိတ်များတဲ့ ဝေဒနာတွေ ခံစားရပြီး ဆရာ့ဆီ လာပြခဲ့ဖူးပါတယ်။
အဲဒီတုန်းက သံသယလွန်စိတ်များတဲ့အပြင် စိတ်ဓာတ်အလွန်အမင်းကျနေတဲ့အတွက် သံသယလွန်စိတ် လျော့ပါးစေမယ့် ဆေးဝါး၊ စိတ်ကျဝေဒနာ သက်သာစေမယ့်ဆေးတွေကိုပါ စနစ်တကျပေးခဲ့တဲ့အတွက် ဝေဒနာသက်သာသွားခဲ့ပါတယ်။ ဒါပေမဲ့ ရောဂါသက်သာသွားပေမယ့် ဆေးတွေကို အနည်းဆုံး ခြောက်လ-တစ်နှစ်လောက် ဆက်သောက်ဖို့ လိုတယ်၊ ဆရာ့ဆီကို သုံးလတစ်ခါလောက်တော့ မှန်မှန်လာပြစေချင်တယ်လို့ မှာလိုက်ပါတယ်။

ဒါပေမဲ့ ဒေါ်ထားဝေက ရောဂါသက်သာသွားပြီလို့ သူ့ကိုယ်သူထင်မြင်ပြီး ဆရာ့ဆီ လာမပြတော့တဲ့အပြင် ဆေးတွေကို သူ့သဘောနဲ့သူ ဖြတ်ပစ်လိုက်ပါတော့တယ်။ အဲဒီအတွက် ရောဂါလက္ခဏာ တွေပြန်ပေါ်လာပြီး လုပ်ငန်းကိုင်ငန်းကိုလည်း ပုံမှန်အတိုင်း မလုပ်နိုင်တော့ဘဲ အိပ်ရေးတွေပျက်၊ အစားတွေ ပျက်ရာက ကြောက်စိတ်၊ လန့်စိတ်၊ စိတ်ဓာတ်ကျဝေဒနာအပြင် သံသယလွန်စိတ်တွေနဲ့ သူ့ကို ဝိုင်းကြည့်နေကြတယ်၊ မကောင်းပြောနေကြတယ်လို့ လွန်လွန်ကဲကဲ ထင်လာမှ ပြန်ရောက်လာတာဖြစ်ပါတယ်။

သူ့ကိုရော သူ့မိသားစုကိုပါ ဆေးတွေကို စနစ်တကျ မှန်မှန်ပြန်သောက်ဖို့၊ ဆရာချိန်းတဲ့ ရက်အတိုင်းမှန်မှန်လာဖို့နဲ့ဝေဒနာသက်သာသွားတဲ့ နောက်ပိုင်းမှာလည်း ဆေးတွေကို ခြောက်လ-တစ်နှစ် လောက် မှန်မှန် ဆက်သောက်ဖို့ သေချာမှာရပါတယ်။ ဒါ့အပြင် ဝမ်းမှန်အောင် ရေများများ သောက် ရမယ်၊ အသီးအရွက်များများစားရမယ်၊ အာဟာရ ပြည့်ဝအောင် အစားအသောက် ပုံမှန်စားရမယ်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးကို ပုံမှန်လုပ် ရမယ်လို့လည်း လူနာကို ညွှန်ကြားရပါတယ်။ ဒါမှ သာဝေဒနာတွေ အမြန်ဆုံးသက်သာပြီး လုပ်ငန်းတွေ ကို အကောင်းဆုံးပြန်လုပ်နိုင်မှာ ဖြစ်တယ်လို့ ပြော ရင်း နောက်တစ်ပတ်ပြန်လာပြဖို့ မှာလိုက်ရပါတယ်။
အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top