Healthy Life Ad
Life Style

ဗိုက်ပူခြင်းအမျိုးအစား ငါးမျိုးကို ဘယ်လိုဖြေရှင်းမလဲ . . .


(၁) ဗိုက်သား အထစ်အထစ်များ ဖြစ်နေခြင်း
ဗိုက်နဲ့ ခါးဘေးဘက်တွေမှာ အဆီပိုတွေနဲ့ အထစ်အထစ်တွေ ဖြစ်ပြီး ဗိုက်ပူနေတာပါ။
ဘာကြောင့် ဖြစ်ရသလဲ – အထိုင်များတဲ့ နေထိုင်စားသောက်မှုပုံစံရှိလို့၊ အချိုကြိုက်လို့၊ အ ရက်အလွန်အမင်းသောက်လို့၊ သကြားနဲ့ အခွံချွတ်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ (ထမင်းဖြူ၊ ကိတ် မုန့်)အစားများလို့ ဖြစ်တတ်ပါတယ်။

ဗိုက်ချပ်ရပ်အောင် ဘယ်လိုနေထိုင်ရမလဲ
အရက်လျှော့သောက်ပါ
တစ်ပတ်မှာ သုံး-လေးကြိမ်လောက် ဝိုင်ဖန်ခွက်အများအပြား ဒါမှမဟုတ် ဘီယာကို မကြာခဏ သောက်မယ်ဆိုရင် ဗိုက်ပူပြီး ခါးဘေးဘက်တွေမှာ အဆီပိုတွေ အထစ်လိုက်ရှိနေတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် အယ်လ်ကိုဟောကို ရှောင်ပါ။
အစားအသောက်ကို ပြန်စဉ်းစားပါ။
အဆီနည်းတဲ့ အစားအသောက်တွေကို ရွေးချယ်ပါ။ အဆီနည်းအသား၊ ဟင်းသီးဟင်းရွက်၊ ဥအမျိုးမျိုး၊ ထောပတ်သီး၊ အခွံမာတဲ့ အစေ့အဆန် နဲ့ အဆီများတဲ့ ငါးတွေကို ရွေးချယ်စားသုံးပါ။

လေ့ကျင့်ခန်းလုပ်ပါ
အားကစားခန်းမကို တကူးတကသွားပြီး လေ့ကျင့်ခန်းမလုပ်နိုင်ရင်တောင် အိမ်မှာ လမ်းလျှောက်ပြီး အိပ်ထမတင် လေ့ကျင့်ခန်းလုပ်တာ၊ ဆောင့်ကြောင့်ထိုင်တာနဲ့ အကြောလျှော့လေ့ကျင့်ခန်းလုပ်တာတို့ကို လုပ်ဆောင်ပေးပါ။

အထူးညွှန်ကြားချက်
လေ့ကျင့်ခန်းလုပ်တာနဲ့ သင့်တင့်တဲ့ အစားအသောက်စားတာတို့လုပ်ဆောင်ပေးရင် ဗိုက်ပူတာက တဖြည်းဖြည်းလျော့သွားပြီး သန်စွမ်းကျစ်လျစ်လာပါလိမ့်မယ်။


(၂) စိတ်ဖိစီးမှုများပြီးဖြစ်သော ဗိုက်ပူခြင်း
စိတ်ဖိစီးမှုများတဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဝမ်းဗိုက်တစ်ဝိုက်မှာအဆီတွေ စုပုံပြီး ဗိုက်ပူတတ်ပါတယ်။
ဘာကြောင့် ဖြစ်ရသလဲ – နာတာရှည် စိတ်ဖိစီးမှုများတာကြောင့် ခန္ဓာကိုယ်ထဲမှာ ဖိစီးမှုဟော် မုန်းကော်တီစောအဆင့် လွန်ကဲလာပါတယ်။ အဲဒီအခါ အစားအသောက်တွေကို မကြာခဏ ပျက် ကွက်လာပါတယ်၊ ကော်ဖီများများ သောက်ဖြစ်လာပါတယ်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာ(ဆား ကဲတဲ့ အခွံမာစေ့၊ အာလူးချောင်းကြော်)တွေ စားဖြစ်လာပါတယ်၊ အူရောင်ရမ်းတဲ့ ရောဂါစုဖြစ်လာပါတယ်။

ဗိုက်ချပ်ရပ်အောင် ဘယ်လိုနေထိုင်ရမလဲ
အိပ်ရာ စောစောဝင်ပါ
စိတ်ဖိစီးမှုများတဲ့အခါ အိပ်ရေးမဝဘဲ အိပ်ချိန်လည်း နည်းတတ်ပါတယ်။ အဲဒီအခါ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ လက်ပ်တင်ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေပါတယ်။
မအိပ်မီ အနားယူပါ
အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ရေချိုးတာနဲ့ တရားထိုင်တာတွေက ကောင်းကောင်း အိပ်မောကျစေတဲ့ အလေ့အကျင့်တွေပါ။ ညဘက်မှာ ကော်ဖီမသောက်ပါနဲ့။ နေ့ခင်းဘက်မှာ ကော်ဖီနှစ်ခွက်ထက် ပိုမသောက်သင့်ပါ။

လေ့ကျင့်ခန်းကို ပြင်းထန်စွာ မလုပ်သင့်
သင့်ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းလုပ်ပြီး ပင်ပန်းအောင် မလုပ်ပါနဲ့။ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာကြောင့် ကိုယ်တွင်း ကော်တီစောအဆင့်ကို မြင့် တက်စေနိုင်ပါတယ်။ ယောဂကျင့်တာ၊ လမ်းလျှောက်တာ၊ အားကစားခန်းမကို အချိန်ပိုင်း သွားကစားတာ တို့ကိုလုပ်ပေးရင် စိတ်သက်သာရာ ရစေပါတယ်။
အစားအသောက်ထဲ မဂ္ဂနီဆီယမ်ပါအောင် ထည့်စားပါ
အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ အခွံမာတဲ့ အစေ့အဆန်တွေထဲမှာ ပါတဲ့ မဂ္ဂနီဆီယမ်ဓာတ်က ဖိစီးမှုလျော့ကျပြီး စိတ်အပန်းပြေစေပါတယ်။

အထူးညွှန်ကြားချက်
ယောဂကျင့်ပါ၊ အကြောဆွဲဆန့်လေ့ကျင့်ခန်း လုပ်ပါ၊ အိပ်ရာမဝင်ခင် လက်ဖက်စိမ်းရေနွေးကြမ်း တစ်ခွက်သောက်ပါ။ ကိုယ်တွင်း ကော်တီစောအဆင့် လျော့ကျပြီး တောင့်တင်းမှုကို သက်သာစေပါတယ်။


(၃) ဗိုက်အောက်ပိုင်း ပူခြင်း
ခန္ဓာကိုယ်သွယ်လျပေမယ့် ဗိုက်အောင်ပိုင်းက အနည်းငယ် စူထွက်နေပါတယ်။
ဘာကြောင့် ဖြစ်ရသလဲ – သားသမီးမွေးထားဖူးတဲ့အခါ ဖြစ်တတ်ပါတယ်။ အားကစားလုပ်တဲ့အခါ နည်းလမ်းမမှန်ရင်လည်း ဖြစ်တတ်သလို အစားအသောက်ပုံစံမမှန်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဗိုက်ချပ်ရပ်အောင် ဘယ်လိုနေထိုင်ရမလဲ
အမျှင်ဓာတ်များပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစာစားပါ
အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးစာနဲ့ အမျှင်ဓာတ်ပါတဲ့ အစာတွေကို စားပါ။
ဆောင့်ကြောင့်မထိုင်သင့်
ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားအုပ်စုတိုင်းမှာ ထိရောက်မှုရှိစေဖို့ လေ့ကျင့်ခန်းကို မျှတအောင်လုပ်ပါ။

အထူးညွှန်ကြားချက်
ရေများများသောက်ပါ၊ ကြေညက်လွယ်တဲ့ အစားအသောက်တွေ (အစိမ်းရောင် ဟင်းသီးဟင်းရွက် အပါအဝင်) စားပါ။ ငါးနဲ့ ကြက်သားလို အဆီနည်း ပရိုတင်းဓာတ်ကို စားပါ။


(၄) ကလေးမွေးပြီး ဗိုက်ပူခြင်း
ကလေးမွေးပြီးပေမယ့် သင့်ဗိုက်က ကိုယ်ဝန်ရှိသလို ထင်ရတာမျိုးပါ။
ဘာကြောင့် ဖြစ်ရသလဲ – ကလေးမွေးပြီး သားအိမ်ကျသွားတဲ့အခါ ကိုယ်ဝန်မဆောင်ခင်ကလိုခန္ဓာ ကိုယ်မျိုးဖြစ်ဖို့ ပိုခက်ခဲပါတယ်။ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ အနည်းဆုံးခြောက်ပတ်လောက် အချိန်ယူရပါတယ်။
ကလေးမွေးပြီး ၂-၃လကြာ နားပြီးမှ လေ့ကျင့်ခန်းလုပ်ပေးရင် ပိုကောင်းပါတယ်။
တင်ပဆုံတွင်းကြွက်သားတွေ အားနည်းနေပါတယ်။

ဗိုက်ချပ်ရပ်အောင် ဘယ်လိုနေထိုင်ရမလဲ
နေ့စဉ် ကောင်းသော အဆီထည့်စားပါ
အခွံမာစေ့၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ၊ ငါးအဆီ စတာတွေက ပင်ပန်းနုံးချည့်တာကို သက်သာစေပြီး မိခင်ဘဝဗိုက်ပူတာကို လျော့စေပါတယ်။
Kegal လေ့ကျင့်ခန်းလုပ်ပါ
ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်အလှ ပုံမှန်ဖြစ်အောင်ပြန်ထိန်းပေးပါတယ်။ လုပ်ရမှာက တင်ပဆုံ တွင်းကြွက်သားတွေကို ကျုံ့လိုက်၊ ပြန်ဖြေလျှော့လိုက် ၁၅-၂၀ ကြိမ် လုပ်ပေးပါ။ တစ်နေ့မှာ ငါးကြိမ်လောက် ပြန်လုပ်ပေးပါ။
ဆောင့်ကြောင့်ထိုင်ခြင်း၊ အိပ်ထမတင်လုပ်ခြင်း မလုပ်သင့်
ကလေးမွေးပြီးချိန်မှာ မလုပ်သင့်သေးပါဘူး။
ဗိုက်ရှပ်ပါ
ဗိုက်ရှပ်ပေးတဲ့နည်းက ကြွက်သားတွေကို တင်းရင်းစေတဲ့ အလေ့အထ ဖြစ်ပါတယ်။

အထူးညွှန်ကြားချက်
နေ့ခင်း တစ်ရေးအိပ်ပြီး မအိပ်ခင် အကြောလျှော့ပေးပါ။ အခန်းကို မှောင်အောင်လုပ်ပြီး အိပ်ပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျရင် အိပ်စက်မှု ဟော်မုန်းတွေက အဆီလောင်ကျွမ်းမှုကို အားပေးပါတယ်။


(၅) မနက်ချပ်ပြီး ညပူသောဗိုက်
သင့်ဗိုက်က မနက်ခင်းမှာ ချပ်ရပ်ပေမယ့် ညနေခင်းမှာ ပူနေပါသလား။
ဘာကြောင့်ဖြစ်ရသလဲ – အစာနဲ့ ဓာတ်မတည့်လို့ ဖြစ်တတ်သလို အူလမ်းကြောင်းရှိ ပိုးမွှားတွေ ဟန်ချက်မညီတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဗိုက်ချပ်ရပ်အောင် ဘယ်လိုနေထိုင်ရမလဲ
သင့်ခန္ဓာကိုယ်နှင့် မတည့်သော အစားအသောက်ကို ဖယ်ထုတ်ပါ
ပေါင်မုန့်၊ ခေါက်ဆွဲ စတဲ့ ဂလူတင်၊ အယ်လ်ကိုဟော၊ ပြုပြင်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း (နွားနို့၊ ဒိန်ခဲ၊ ထောပတ်) စတာတွေက သင့်ခန္ဓာကိုယ်နဲ့ မတည့်ဖူးလားဆိုတာ ဆန်းစစ်ပြီး ဖယ်ထုတ်ပါ။
ဟင်းသီးဟင်းရွက်၊ အသား၊ ငါးကို ရွေးချယ်ပါ
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးတွေကို ရွေးချယ်ပြီး ဗိုက်ပူစေတဲ့ ပေါင်မုန့်နဲ့ ခေါက်ဆွဲတွေကို နှစ်ပတ်လောက်ရှောင်ပါ။

နံနက်စာမရှောင်သင့်
မနက်ခင်းမှာ တစ်နေ့လုံး စားသမျှ အစာပမာဏရဲ့ အများဆုံးပမာဏကို စားပါ။ နံနက်ခင်းက အစာချေဖျက်မှုအမြင့်ဆုံးအချိန်ဖြစ်လို့ပါ။ ညဘက်မှာ မစားပါနဲ့။ ရေများများသောက်ပါ။ အစာကို ကြေညက်အောင် ဝါးစားပါ။
ရောင်ရမ်းခြင်းရှိ၊ မရှိ ဆန်းစစ်ပါ
အူလမ်းကြောင်းမှာ ပိုးမွှားတွေ ဟန်ချက်မညီရင်ရောင်ရမ်းမှုဖြစ်ပြီး ဗိုက်ပူတတ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားပါတဲ့ အစာကိုစားပါ။ ဂေါ်ဖီထုပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ တခြားဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ များများစားပါ။ ကျန်းမာတဲ့ ဝမ်းဗိုက်ဆိုတာ ချပ်ရပ်နေပါတယ်။

အထူးညွှန်ကြားချက်
မနက်တိုင်း အသက်ရှူသွင်းတဲ့ လေ့ကျင့်ခန်းလုပ်ပါ။ လှဲလျောင်းပြီး လုံးဝအနားယူကာ ၁၀ ကြိမ်လောက် အသက်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပါ။ အစာစားပြီး လမ်းလျှောက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top