Healthy Life Ad
Life Style

အစွဲအလန်းလွန်ကဲ ထပ်တလဲလဲ ပြုမူခြင်း (၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ကျန်းမာရေး ဆေးပညာဘွဲ့လွန်သင်တန်းတစ်ခုမှာ စာရေးသူနဲ့ ဘွဲ့လွန်သင်တန်းသား ဆရာဝန်တွေ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အဲဒီနေ့က “အစွဲအလန်းလွန်ကဲ ထပ်တလဲလဲ ပြုမူခြင်းရောဂါ” (Obsessive Compulsive Disorder)အကြောင်းကို ဆွေးနွေးဖြစ်တယ်။ စိတ်ထဲမှာ ပေါ်ပေါက်လာတဲ့ အစွဲအလန်းကြောင့် တစ်ခုခုကို ထပ်တလဲလဲ ပြုမူလုပ်ကိုင်တတ်တဲ့ စိတ်ဝေဒနာ ဖြစ်ပါတယ်။ အတိုကောက် “အိုစီဒီ”(OCD)လို့ ခေါ်ကြတယ်။ အိုစီဒီ ရောဂါအကြောင်းကို အစပျိုးဖို့၊ စာရေးသူတွေ့ဖူးတဲ့ လူနာ ဒေါ်ခင်သက်(အမည်ရင်းမဟုတ်ပါ) အကြောင်းကို ပြောပြရပါတယ်။

“ဒေါ်ခင်သက်ဟာ အသက် ၄၀ လောက်ရှိတဲ့ အပျိုကြီးဖြစ်ပါတယ်။ မိဘတွေနဲ့ အတူနေထိုင်ပြီး မိဘတွေရဲ့ စီးပွားရေးလုပ်ငန်း ကုန်စုံဆိုင်မှာ ကူညီ လုပ်ကိုင်ပေးနေတယ်။ ဒေါ်ခင်သက်ဆေးခန်းကို ရောက်လာတော့ ဝေဒနာက အတော်ရင့်နေပြီ။ ရော ဂါသက် ၁၀ နှစ်လောက် ရှိပြီ။ သူ့ရောဂါက အသန့်ကြိုက်တဲ့ အကျင့်က စပါတယ်။ ဒေါ်ခင်သက်ဟာ စည်းကမ်းကြီးပြီး သေသေသပ်သပ် နေထိုင်တတ်တယ်။ အိမ်ထဲမှာ ပစ္စည်းတွေအားလုံး သူ့နေရာနဲ့သူ သန့်သန့်ရှင်းရှင်းဖြစ်နေမှ ကြိုက်တယ်။ ရောဂါစတင် ဖြစ်ပွားလာတော့ တကိုယ်ရည်သန့်ရှင်းရေးလုပ်တဲ့ အပြုအမူတွေက ပိုပြီးလွန်ကဲလာတယ်။ နာရီပိုင်းအတွင်း အကြိမ်ကြိမ်လက်ဆေးတဲ့ အကျင့်ပေါ်ပေါက်လာတယ်။ ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးရင် လက်ဆေးရမှ စိတ်ကျေနပ်တယ်။ လက်က ညစ်ပေသွားတာ မဟုတ်ဘူး။ မသန့်ရှင်းတဲ့ ပစ္စည်းလည်း မဟုတ်ဘူး။ ဈေးရောင်းနေရင် ဝယ်သူနဲ့ မထိမိအောင် သတိထားတယ်။ ဝယ်သူကပေးတဲ့ ငွေစက္ကူကို ကိုင်မိရင် ဝယ်သူပြန်သွားတာနဲ့ လက်ဆေးတော့တာပဲ”

ထမင်းချက်ပြီးရင် မီးငြှိမ်းသတ်ပြီးရဲ့လား၊ မီးပူခလုတ်ကို ပိတ်မိရဲ့လား၊ အိမ်ကထွက်လာတော့တံခါးသော့ခတ်မိရဲ့လားစတဲ့ သံသယစိတ်နဲ့ မဝေခွဲနိုင်ခြင်းမျိုးဖြစ်တယ်။ အဲဒီလို အစွဲအလန်းကြောင့် အိမ်တော့မီးလောင်တော့မှာပဲ၊ အိမ်ထဲ သူခိုးဝင်တော့မှာပဲဆိုတဲ့ စိုးရိမ်သောကစိတ်တွေ ပွားများ လာတယ်။ ဒါကြောင့် သေချာအောင် မီးခလုတ်ကို စစ်ဆေးမယ်။ တံခါးသော့ကို စစ်ဆေးမယ်။ စစ် ဆေးပြီး မကြာခင်မှာပဲ သံသယစိတ်မဝေခွဲနိုင်တဲ့ စိတ်က ပြန်ပေါ်လာပြန်ရော . . .

“ဘာကြောင့် ဒီလို လုပ်တာလဲ”
“တစ်ခုခုကို ကိုင်တွယ်ပြီးရင် တစ်ခုခုကို ထိ တွေ့လိုက်ရင် မသန့်ရှင်းတဲ့ ဖုန်မှုန့် ဒါမှမဟုတ် ရော ဂါပိုးတစ်မျိုးမျိုး တွယ်ကပ်နေပြီလို့ စိတ်ထဲမှာ ထင်မြင်ယူဆလာတယ်။ မသန့်ရှင်းတော့ဘူးဆိုတဲ့ အတွေးတွေဟာ ထပ်ပြန်တလဲလဲ ပေါ်ပေါက်လာတယ်။ အဲဒီအတွေးတွေကြောင့် ကြောက်စိတ်၊ စိုးရိမ်စိတ် ပွားများလာတယ်။ စိတ်တင်းကျပ်လာပြီး မနေတတ်၊ မထိုင်တတ် ဖြစ်လာတယ်”

“အတွေးတွေကို ဖျောက်ဖျက်ပစ်လို့ မရဘူးလား”
“ဖျောက်ပစ်ဖို့ ကြိုးစားလေ၊ မသန့်ရှင်းဘူးလို့ ယူဆတဲ့ စိတ်က ပိုဆိုးလေ ဖြစ်လာတယ်။ လူနာက လက်မခံချင်ပေမယ့် တားဆီးလို့ မရဘူး။ ဒဏ်မခံနိုင်တော့ အရှုံးပေးလိုက်တယ်”

“ဘာလုပ်လိုက်သလဲ”
“ထိုင်ရာက ထပြီး လက်ဆေးလိုက်တာပေါ့။ သေသေချာချာ ဆပ်ပြာနဲ့ ပွတ်တိုက်ပြီး လက်ဆေးလိုက်ပြီးရင် ခေတ္တခဏတော့ ကျေနပ်မှု ရရှိသွားတယ်။ ဒါပေမဲ့ မကြာခင် အဲဒီအတွေးက အလိုအလျောက် ပြန်ပြီး ပေါ်လာတယ်။ ဒါမှမဟုတ် ညစ်ပေတယ်လို့ထင်တဲ့ ပစ္စည်းတစ်ခုခုနဲ့ ထိတွေ့မိတာနဲ့ ခြေလက်တွေ မသန့်ရှင်းဘူးလို့ ထင်မြင်လာပြန်ရော။ အဲဒီတော့ နေမထိ ထိုင်မသာဖြစ်လာပြီး လက်ဆေးလိုက်ရမှ သက်သာသွားတယ်။

ဒေါ်ခင်သက် ဆေးခန်းကို ရောက်လာတော့ တစ်နေ့လုံးအကြိမ်ကြိမ် လက်ဆေးတဲ့အကျင့်သာ မကတော့ဘူး။ တစ်နေ့သုံးလေးကြိမ်ရေချိုးတဲ့ အကျင့်ပါရှိနေပြီ”

“အဲဒီလို အစွဲအလန်းဖြစ်နေတာကို လူနာက တကယ်ယုံကြည်နေသလား။ သူ့လက်မှာ ရောဂါပိုးတွေ တွယ်ကပ်နေပြီဆိုတာ တကယ်ယုံကြည်သလား”

“လူနာက သူ့အတွေးတွေကို ယုံကြည်လက်ခံတာတော့ မဟုတ်ဘူး။ စဉ်းစားကြည့်ရင် သူထင်နေတာက ယုတ္တိမတန်ဘူးဆိုတာ သိတယ်။ ဘေးလူက ရှင်းပြရင် အလွယ်တကူ လက်ခံတယ်။ နောက်ပြီး သူ့အတွေးတွေကိုလည်း ကြိုးစားပြီး ဖျောက်ကြည့်တယ်။ ဒါကြောင့် အိုစီဒီအတွေးတွေဟာ ‘အယူမှားကို စွဲမြဲယုံကြည်ခြင်း’(Delusion) မဟုတ်ဘူး။ ကိုယ်မယုံကြည်တဲ့ အတွေးတွေကို ဖျောက်ဖျက်မပစ်နိုင်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်”

“နားလည်ပါပြီ ဆရာ။ ဒီတော့ ဒေါ်ခင်သက်ဟာ သူ့အတွေးနဲ့ သူ့စိတ်ထဲမှာ တိုက်ပွဲဝင်နေသလို ဖြစ်မှာပေါ့။ အထပ်ထပ် လက်ဆေးတာကို လက်နက် လိုအသုံးပြုတာပေါ့။ “လက်ဆေးသူ”လို့ခေါ်ရမယ်”

“အိုစီဒီရောဂါမှာ အစွဲအလန်းကြီးတဲ့ တခြားအတွေးမျိုးလည်း ရှိသေးတယ်”

“ဘယ်လိုအတွေးမျိုးလဲ ဆရာ”

“မိမိရဲ့ အပြုအမူတစ်ခုခုကြောင့် အန္တရာယ် ဖြစ်တော့မယ်လို့ သံသယဝင်နေတဲ့ စိတ်၊ မဝေခွဲနိုင် ဖြစ်နေတဲ့ စိတ် ဖြစ်တယ်။ ဥပမာ- ထမင်းချက်ပြီးရင် မီးငြှိမ်းသတ်ပြီးရဲ့လား၊ မီးပူခလုတ်ကို ပိတ်မိရဲ့လား၊ အိမ်ကထွက်လာတော့တံခါးသော့ခတ်မိရဲ့လား စတဲ့ သံသယစိတ်နဲ့ မဝေခွဲနိုင်ခြင်းမျိုး ဖြစ်တယ်။ အဲဒီလို အစွဲအလန်းကြောင့် အိမ်တော့ မီးလောင်တော့မှာပဲ၊ အိမ်ထဲ သူခိုးဝင်တော့မှာပဲ ဆိုတဲ့ စိုးရိမ်သောကစိတ် တွေ ပွားများလာတယ်။ ဒါကြောင့် သေချာအောင် မီးခလုတ်ကို စစ်ဆေးမယ်။ တံခါးသော့ကို စစ်ဆေး မယ်။ စစ်ဆေးပြီး မကြာခင်မှာပဲသံသယစိတ် မဝေခွဲ နိုင်တဲ့ စိတ်က ပြန်ပေါ်လာပြန်ရော။ ဒီတော့ တစ် ကြိမ် ထပ်ပြီး စစ်ဆေးရပြန်ရော။ ဒါကြောင့် မဝေခွဲ နိုင်တဲ့သံသယစိတ်နဲ့ တိုက်ပွဲဝင်နေရသူမှာ တစ်ခုခု ကို အကြိမ်ကြိမ်စစ်ဆေးတတ်တဲ့အကျင့် ပေါ်ပေါက် လာပါတယ်”
“ဒီလို လူမျိုးကို “စစ်ဆေးသူ”လို့ ခေါ်ရမယ် ထင်တယ်ဆရာ”

“နဘေထပ်ကောင်းတဲ့ ဆရာဝန်နဲ့ တွေ့နေပြီ။ ခင်ဗျားပြောတဲ့ “လက်ဆေးသူ”နဲ့ “စစ်ဆေးသူ”အ ပြင်တခြားအိုစီဒီလက္ခဏာတွေလည်းရှိသေးတယ်”

“ဘာတွေလဲ ဆရာ”
“ခင်ဗျားနောက်က လိုက်ပြီး နဘေထပ်နဲ့ ပြောရရင် “ရှောင်ပြေးသူ”လို့ ခေါ်ရမယ်”

“ရှင်းပြပါဆရာ”
“စေ့ဆော်တိုက်တွန်းမှု (Impulse)တစ်ခုခု စိတ်ထဲမှာ အလိုအလျောက် ပေါ်ပေါက်လာတဲ့ လက္ခ ဏာဖြစ်ပါတယ်။ ဥပမာ-တစ်ဦးတစ်ယောက်ကို ရိုက်နှက်သတ်ဖြတ်လိုတဲ့ စေ့ဆော်မှုမျိုး ဖြစ်ပါတယ်။ ဒီအကြောင်း ပြောတော့ ဆရာရဲ့ လူနာတစ်ယောက် ကို သတိရလာတယ်”

“ပြောပြပါ ဆရာ”
“အမျိုးသမီးလူနာတစ်ဦးပါ။ သူရဲ့ ၅နှစ်သား သမီးလေးကို ရိုက်နှက်သတ်ဖြတ်ချင်တဲ့ စေ့ဆော်မှု စိတ်ထဲမှာပေါ်လာတာ ဖြစ်ပါတယ်။ သမီးလေးအပေါ် မှာ ဒေါသပွားနေတာ မဟုတ်ဘူး။ ဒီလိုအတွေးမျိုးကို လက်မခံဘူး။ စိတ်ထဲမှာလည်း မရှိချင်ဘူး။ ဒါပေမဲ့ တားဆီးလို့ မရဘူး။ အလိုအလျောက် တိုးထွက်လာ တာ။ အဲဒီစေ့ဆော်တိုက်တွန်းမှုနဲ့အတူ ကလေးကို သတ်မိတဲ့ ပုံရိပ်တွေလည်း စိတ်ထဲမှာ ပေါ်လာတယ်။ ဒါကြောင့် လူနာရဲ့စိတ်ထဲမှာ အလွန်အမင်း စိုးရိမ် ကြောက်ရွံ့လာတယ်။ စေ့ဆော်တိုက်တွန်းစိတ်ကို လည်း ဖျောက်လို့မရဘူး။ ကြောက်စိတ်ကိုလည်း ထိန်းချုပ်လို့ မရဘူး။ ဒီတော့ ဘာလုပ်သလဲ။ ဓားလက်နက်နဲ့ချွန်ထက်တဲ့ ပစ္စည်းတွေကို မထိဝံ့မကိုင် ဝံ့ဖြစ်လာတယ်။ ဒီပစ္စည်းတွေကို သတိထားပြီး ရှောင်တယ်။ သမီးအနားကိုလည်း မကပ်ရဲတော့ဘူး။ ကလေးကို မထိရဲတော့ဘူး။ အဲဒီလိုအပြုအမူတွေဟာ ထပ်ပြန်တလဲလဲ ပြုလုပ်နေတဲ့အကျင့် ဖြစ်လာတယ်”
“ပစ္စည်းတစ်ခုခုကိုမထိရဲမကိုင်ရဲဖြစ်ပြီး ရှောင်ကြဉ်တဲ့ အပြုအမူကို ‘ကြောက်စိတ်လွန်ကဲဝေဒနာ’ (Phobia)လို့ မခေါ်ဆိုနိုင်ဘူးလား ဆရာ”
“ဒီလိုပြောလို့ မရပါဘူး။ ဓားကို မကိုင်ဝံ့တာ၊ ကလေးကိုမထိချင်တာက ဓားနဲ့ကလေးကို ကြောက်လို့ မဟုတ်ဘူး။ အကြမ်းဖက်ချင်တဲ့ စေ့ဆော်တိုက်တွန်းမှု (Aggressive Impulse)ကို ကြောက်နေတာ။ ကလေးကို ဓားနဲ့ ထိုးမိသွားမှာကို ကြောက်နေ တာဖြစ်တယ်။ စေ့ဆော်တိုက်တွန်းမှု ခံစားရတဲ့အ တိုင်း မလုပ်မိအောင် ရှောင်ကြဉ်တဲ့ ပရိယာယ်ဖြစ်ပါ တယ်။ ရောဂါသက်ရင့်လာတော့ သမီးနဲ့ တစ်အိမ် တည်း မနေရဲတော့ဘူး၊ အိမ်မှာ မနေတော့ဘူး။ ဆွေမျိုးတစ်ယောက် အိမ်မှာ ကပ်နေတယ်။ ဒီအခြေအ နေရောက်မှ လူနာက ဆရာ့ဆေးခန်းကို ရောက်လာတာပါ”

“ဒါကြောင့် ဒီလို အိုစီဒီဝေဒနာရှင်ကို “ရှောင်ပြေးသူ”လို့ ခေါ်တာလား။ အိုစီဒီရောဂါ ဖြစ်ပွားတာ ဘယ်လောက်များသလဲ ဆရာ”
“လေ့လာမှုတွေအားလုံးကို ခြုံပြီး ပြောရရင် လူထုအတွင်းမှာ အိုစီဒီရောဂါ ခံစားနေရသူ တစ်ရာ မှာ ၂ ယောက် (၂ ရာခိုင်နှုန်း) ရှိနိုင်ပါတယ်။ အိုစီဒီ ရောဂါရှင် ၆၀ ရာခိုင်နှုန်းဟာ ‘လက်ဆေးသူ’တွေ ဖြစ်ပါတယ်။ ၅၀ ရာခိုင်နှုန်းက ‘စစ်ဆေးသူ’ဖြစ် တယ်။ ၂၈ ရာခိုင်နှုန်းကတော့ ‘ရှောင်ပြေးသူတွေ ဖြစ်ပါတယ်။ လူနာတစ်ဦးမှာ ရောဂါလက္ခဏာတစ်မျိုး ထက်ပိုပြီး ရှိနိုင်ပါတယ်”
“အစွဲအလန်းကြီးတဲ့ အတွေး (Obsessional Thoughts) တွေထဲမှာ လူနာကို ပိုပြီး ဒုက္ခပေးတဲ့ အတွေးမျိုးတွေလည်း ရှိသေးတယ်”

“ဘယ်လိုအတွေးတွေလဲ ဆရာ”
“လိင်နဲ့ ပတ်သက်ပြီး လက်မခံနိုင်တဲ့ အတွေး၊ မိမိကိုးကွယ်တဲ့ ဘာသာကို စော်ကားတဲ့ အတွေးမျိုး တွေဖြစ်တယ်။ တချို့လူနာတွေကတော့ တစ်ခုခုကို ပြုလုပ်ရင် အလွန်အမင်း နှေးနှေးကွေးကွေး လုပ် တယ်။ အနှေးဆွဲပြန်ပြတဲ့ရုပ်ရှင်ထဲကလိုပဲ။ တချို့က တော့ မလိုအပ်ဘဲ ပစ္စည်းမျိုးစုံကို စုဆောင်းသိမ်း ဆည်းတတ်တဲ့ အလေ့အထရှိပါတယ်”
“ဆက်ပြီး ပြောပြပေးပါဦး ဆရာ”

– နောက်တစ်ပတ်ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top