Healthy Life Ad
Life Style

အပူချိန်လွန်ကဲခြင်း (Heat Stroke)

မေး. အပူချိန်လွန်ကဲမှုမဖြစ်အောင် ဘယ်လို ဂရုစိုက်သင့်ပါသလဲရှင်။
ဒေါ်နွယ်ဝင်း၊ ညောင်ဦး။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အခုနောက်ပိုင်း အပူချိန်လွန်တော့ Heat Stroke ဆိုတာဖြစ်လာတယ်။ ဒါက အပူချိန်လွန်ကဲတယ်ဆိုတာကို ပြောတာပါ။ ဥပမာ အညာလိုနေရာမျိုးမှာ အပူချိန်က ၁၀၆ ဒီဂရီ ဖာရင်ဟိုက်လောက်ရှိတယ်။ အဲဒီနေပူကျဲတဲကြီးမှာသွားလာရင် Heat Stroke တွေရတတ်ပါတယ်။ Heat Stroke ဆိုတာ ဘာလဲဆိုတော့ ပတ်ဝန်းကျင်အပူချိန် မြင့်လွန်းအားကြီးတဲ့အတွက် အပူချိန်လွန်ကဲတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုရာသီဥတုမှာ ဘယ်သူတွေက စိုးရိမ်ရလဲဆိုရင် အသက်ကြီးတဲ့သူတွေ၊ အသက်ငယ်တဲ့သူတွေက စိုးရိမ်ရတယ်။ သူတို့တွေက အသက်အန္တရာယ်ရှိတယ်။ ဒါကြောင့် သူတို့တွေဖျားပြီး ကယောင်ကတမ်းဖြစ်ရင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပြသင့်ပါတယ်။

Heat Stroke မရစေဖို့အတွက်

– ချွေးတိတ်လွယ်တဲ့ ချည်သားအင်္ကျီပွပွကိုဝတ်ပါ၊

– ရေများများသောက်ပါ၊

– တတ်နိုင်သမျှ အရိပ်ထဲမှာနေပါ၊ နေပူလွန်းအားကြီးတဲ့အချိန်မှာ အပြင်မထွက်ပါနဲ့.. စတဲ့ အချက်တွေကို လိုက်နာဖို့လိုပါတယ်။

– ပြီးတော့ အဝတ်အစားဝတ်တဲ့အခါ အနက်ရောင်ကိုတော့ ရှောင်သင့်ပါတယ်။ အနက်ရောင်က အပူကိုစုပ်တဲ့အတွက် ပိုပူနိုင်ပါတယ်။ တတ်နိုင်သမျှ အရောင်နုနုကိုသာ ဝတ်သင့်ပါတယ်။ တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေကို တတ်နိုင်သမျှရှောင်ကြဉ်ပြီး ပေါ့ပေါ့ပါးပါး၊ ချောင်ချောင်ချိချိဖြစ်စေမယ့် ဝတ်စုံမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

– နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်ဝတ်တာမျိုးတွေ လုပ်သင့်ပါတယ်။

– ချွေးအရမ်းထွက်တဲ့အချိန်မှာ ဓာတ်ဆားရေကို သောက်ပေးသင့်ပါတယ်။ ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်ထဲက ထွက်သွားတဲ့ ဓာတ်ဆားပမာဏနဲ့ ဝမ်းလျှောရင်ထွက်သွားတဲ့ ဓာတ်ဆားပမာဏဟာ မတူပါဘူး။ ဝမ်းလျှောရင်ပါသွားတဲ့ ဓာတ်ဆားပမာဏက ချွေးထွက်ရင်ပါသွားတဲ့ ဓာတ်ဆားပမာဏထက် သုံးဆပိုများပါတယ်။ ဓာတ်ဆားထုပ်တွေက အဓိက ဝမ်းပျက်ဝမ်းလျှောရင်သောက်ဖို့ အဓိက ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ချွေးထွက်လို့ ဓာတ်ဆားရည်ကို ဖျော်သောက်မယ်ဆိုရင် အညွှန်းမှာ ဖော်ပြထားတဲ့ရေထက် သုံးဆပိုရောပြီး သောက်ပေးသင့်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတဲ့အခါ ဓာတ်ဆားသောက်မယ်ဆိုရင်တော့ ပုံမှန်အတိုင်း၊ အညွှန်းအတိုင်းပဲ သောက်ပေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top