Healthy Life Ad
Life Style

ဆံပင်တွေ ဘာကြောင့် ပိုပါးလာရတာပါလိမ့်

၊ လရိပ်မေ ၊

– ကွန်ဒီရှင်နာအားလုံး ကုန်အောင် မသန့်စင်ခြင်း

ကွန်ဒီရှင်နာဆိုတာ ဆံပင်တွေကို နူးညံ့ပျော့ပျောင်းစေတဲ့ အသုံးအဆောင်ဖြစ်ပေမယ့် ကွန်ဒီရှင်နာလိမ်းပြီး ဆံပင်သားကို စင်ကြယ်တဲ့အထိ သန့်စင်မှုမလုပ်ဖြစ်ဘူးဆိုရင် ဆံပင်သားက အောက်ကိုတွဲကျပြီး ပြားကပ်ကာ အနည်းငယ် စေးထန်းထန်းဖြစ်နေနိုင်ပါတယ်။ အဲဒီအချိန်မှာ ဆံပင်သားက ချောမွတ်နေပေမယ့် ပါးလျနေပါလိမ့်မယ်။

– ဆံပင်အဖျားကို ဖြောင့်စက်သုံးပြီး အပူပေးခြင်း

ယေဘုယျအားဖြင့် ဆံပင်တွေကို ဖြောင့်စက်နဲ့အပူပေးတာကြောင့် ဆံပင်သားကို ပိုမိုပါးလျစေနိုင်ပါတယ်။ တကယ်လို့ ဆံပင်အဖျားတွေကိုပဲပြားကပ်နေအောင် ဖြောင့်စက်နဲ့အပူပေးမိရင် သင့်ဆံပင်သားက ပိုပြီးပါးလျနေပါလိမ့်မယ်။ ဒီလိုလုပ်မယ့်အစား ဆံပင်အဖျားတွေကို ကောက်စက်နဲ့ကောက်ပြီး ဆံပင်သားကို ပိုမိုအုံထူလာသယောင်ထင်ရအောင် လုပ်ဆောင်လိုက်ပါ။

– ဆံပင် အရောင်တစ်မျိုးတည်း ဆိုးထားခြင်း

ပင်ကိုအရ ဆံပင်သားက ရောင်ပြေးဖြစ်ပါတယ်။ တကယ်လို့ ဆံသဆိုင်သွားပြီး အရောင်တစ်မျိုးတည်း ညီညီညာညာ ဆိုးလိုက်ရင် ဒီလိုလုပ်တာက သင့်ဆံပင်သားကို ပိုပြီးပြားကပ်သွားစေနိုင်ပါတယ်။ ဆံပင်ကို ရောင်ပြေးဖြစ်အောင်ဆိုးတာက မတူညီတဲ့အလင်းရောင်ကို ဖမ်းဆုပ်ထားနိုင်တဲ့အတွက် ဆံပင်သားကိုပိုထူပြီး ပိုကျန်းမာသယောင် ထင်ရစေပါတယ်။

– ဆံပင်ကို အလွှာလိုက် မညှပ်ခြင်း

ဆံပင်ထူသယောင် ထင်ရစေမယ့် အလွယ်ဆုံးနည်းက မျက်နှာကျနဲ့ လိုက်ဖက်အောင် ဆံပင်သားကို အလွှာလိုက် ညှပ်ပေးဖို့ဖြစ်ပါတယ်။ ဆံပင်ကရှည်လေလေ၊ ဆံပင်သားကို အောက်ကို ဆွဲချသယောင်ဖြစ်စေလေလေဖြစ်ပြီး ပိုမိုပါးလျလေလေပါ။ ဒါကြောင့် မျက်နှာကျနဲ့လိုက်ဖက်အောင် ဆံပင်သားကို အလွှာလိုက်ညှပ်တာမျိုးကို လုပ်ဆောင်ပေးသင့်ပါတယ်။

– ဘရိတ်ဓားသုံးပြီး ဆံပင်ညှပ်ခြင်း

ဆံပင်ညှပ်တဲ့သူက ထူထဲတဲ့ဆံပင်သားကို ပါးတဲ့အခါ ဘရိတ်ဓားကိုသုံးလေ့ရှိပါတယ်။ တကယ်လို့ သူက ကျွမ်းကျင်ဆံသဆရာမဟုတ်ရင် ဆံပင်က ပိုပြီးပါးလျသွားစေနိုင်ပါတယ်။

– ဆံပင်လိမ်းဆီ မလိမ်းဘဲ အပူပေးပြုပြင်ခြင်း

ဆံပင်ကို လေမှုတ်တာ၊ ကောက်တာ၊ ဖြောင့်တာတွေလုပ်တဲ့အခါ ဆံပင်သားထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ ဆံပင်လိမ်းဆီကို လိမ်းထားသင့်ပါတယ်။ အထူးသဖြင့် ဆံပင်အရင်းမှာ ဆီများများ လိမ်းပေးရပါမယ်။ ဆံပင်လိမ်းဆီမလိမ်းဘဲ အပူပေးပြုပြင်တာကြောင့် ဆံပင်ကျွတ်နှုန်းများကာ ဆံပင်ပါးတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top