Healthy Life Ad
Life Style

လောင်းကစားစွဲခြင်းနှင့် စိတ်ဝေဒနာ . . . (၃)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

မစ္စတာဘီတီရဲ့ ဇနီးဘင်ဒီက အားကိုးတဲ့အ ကြည့်နဲ့ မေးမြန်းပါတယ်။

“လောင်းကစားရောဂါကို ကုသလို့ရသလား ဒေါက်တာ”
“ကုသတဲ့ ကုထုံးတွေရှိပါတယ်။ ပထမဆုံး အရေးကြီးတဲ့အချက်ကတော့ ဝေဒနာရှင်ကိုယ်တိုင်က ကုသမှု ခံယူလိုတဲ့ ဆန္ဒရှိရမယ်။ လောင်းကစားတဲ့ အပြုအမူဟာ ပြဿနာမဟုတ်ဘူး။ ဝေဒနာမဟုတ်ဘူး၊ ရောဂါမဟုတ်ဘူးလို့ လောင်းကစားစွဲရောဂါရှိသူ တချို့က ဆင်ခြေတက်တတ်ပါတယ်။ ဝါသနာပါလို့ အပျော်ကစားတာ။ ငါ ငွေကြေးတတ်နိုင်လို့ လောင်းကစားလုပ်တာ။ မူးယစ်ဆေးစွဲတဲ့လူက နေ့စဉ်နေ့တိုင်း ဆေးသုံးစွဲရတယ်။

ငါက နေ့တိုင်းလောင်းက စားလုပ်နေတာမဟုတ်ဘူး။ အရက်သမားလို ငါက ဘေးကလူတွေကို ဒုက္ခပေးနေတာလည်း မဟုတ်ဘူး စသဖြင့် သူတိုရဲ့အပြုအမူကို ကာကွယ်ပြောဆိုတတ် ပါတယ်။ ဒါကြောင့် လောင်းကစားစွဲသူက သူ့အခြေအနေကို သူကိုယ်တိုင် အမှန်အတိုင်းမြင်နိုင်အောင် မေးမြန်းစစ်ဆေးဆွေးနွေးရမယ်။ ပြဿနာကိုလက်ခံပြီး ကုသချင်စိတ် ပေါ်ပေါက်လာအောင် တိုက်တွန်းရမယ်။ မစ္စတာဘီတီက ဘယ်လိုသဘောရပါသလဲ။

လောင်းကစားလုပ်ချင်စိတ်ပေါ်လာရင် တစ်ယောက်တည်းမနေရဘူး၊ အဖော်ရှာရမယ်။ အိမ်သားတစ်ဦးဦးနဲ့တွဲပြီးတစ်ခုခုလုပ်လိုက်။ ခင်မင်တဲ့ဆွေမျိုးရင်းချာတစ်ဦးဦးနဲ့ဖြစ်ဖြစ် လောင်းကစားလုပ်တဲ့ အကျင့်မရှိတဲ့ မိတ်ဆွေတစ်ယောက်ယောက်နဲ့ ဖြစ်ဖြစ် ဆက်သွယ်လိုက်။ လူချင်းမတွေ့နိုင်ရင် တယ်လီဖုန်းထဲမှာ စကားပြောလိုက်ပါ. . .

“ဘင်ဒီနဲ့ သားသမီးတွေကို ကျွန်တော် ချစ်ပါ တယ်။ ဘင်ဒီစိတ်ကြိုက်ဖြစ်ဖို့ ကုသမှုခံယူပါမယ်”
“အိမ်ထောင်ရေး ပျက်စီးမှာစိုးရိမ်တဲ့ စိတ်က တော့ ကောင်းပါတယ်။ ကုသမှုကို ခံယူဖို့ တိုက်တွန်း ပေးတဲ့ စေ့ဆော်မှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ ဘင်ဒီဖြစ်စေချင်တာထက် ဘီတီရဲ့ စိတ်ထဲမှာ လှိုက် လှိုက်လှဲလှဲ ခံယူဖို့ လိုပါတယ်”

“ကိုဘီ သဘောတူရင် သူ့အတွက် ဘယ်လို ကုသမှု အစီအစဉ်ရှိသလဲ ဒေါက်တာ”

“ကာယကံရှင်ကိုယ်တိုင်လေ့ကျင့်နိုင်တဲ့ နည်း ပရိယာယ်တွေရှိပါတယ်။ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ဆေးဘက်ဆိုင်ရာ စိတ်ပညာရှင်တွေကိုယ်တိုင် ကြပ်မတ်ကုသပေးတဲ့စိတ်ကုထုံးတွေလည်း ရှိတယ်။ လောင်းကစားမှု ပြုလုပ်ချင်တဲ့ တောင့်တစိတ် (Craving)ကို လျော့နည်းပေးနိုင်တဲ့ဆေးကိုလည်း အသုံးပြုနိုင်ပါတယ်”

“ကာယကံရှင်ကိုယ်တိုင် လေ့ကျင့်နိုင်တဲ့နည်း ပရိယာယ်တွေကို ပြောပြပါ ဒေါက်တာ၊ ကျွန်မ ကိုဘီနဲ့အတူ ပြန်နေပြီး သူ့ကို ကူညီအားပေးပါမယ်”
_ _ _

ကာယကံရှင်ဆောင်ရွက်နိုင်တဲ့ နည်းပရိယာယ်တွေကို ပြောပြမယ်။

(က) လောင်းကစားဖို့ အခွင့်အရေး နည်းပါးအောင် ပြုလုပ်နိုင်တဲ့ အရာတွေရှိတယ်။

– လောင်းကစားချင်တဲ့ တောင့်တစိတ်ကို လှုံ့ဆော်ပေးတဲ့ အခြေအနေတွေကို ရှောင်ရမယ်။ အရက်စွဲရောဂါရှိသူဟာ အရက်ဆိုင်ရှေ့ရောက်သွားရင် အရက်သောက်ချင်စိတ် ပိုမိုပြင်းပြလာပါတယ်။ လောင်းကစားစွဲရောဂါရှိသူဟာလည်း မိတ်ဆွေက လောင်းကစားလုပ်ဖို့ ဖုန်းဆက်ရင်၊ အင်တာနက်ထဲမှာ လောင်းကစားဝက်ဘ်ဆိုက်ကို ဖွင့်မိရင်၊ လောင်းကစားဝိုင်းအနားရောက်သွားရင် လောင်းကစားလုပ် ချင်စိတ်ပိုမိုများလာတတ်ပါတယ်။ ဒါကြောင့် အဲဒီလို အခြေအနေတွေနဲ့ မကြုံကြိုက်အောင်ကြည့်ပြီး ရှောင်ကြဉ်ရမယ်။ လောင်းကစားလုပ်ဖို့ အချိန်ရှိလာတဲ့နေရမှာ တယ်လီဖုန်းမြည်ရင် မဖြေနဲ့၊ အင်တာနက်ကို ပိတ်ထား၊ လောင်းကစားပွဲရှိမယ့်နေရာကို ခြေဦးမလှည့်နဲ့။

– လောင်းကစားလုပ်ဖို့ ငွေလိုတယ်။ ငွေအလွယ်တကူရရှိနိုင်တဲ့နည်းတွေကို ပိတ်ပင်ထားနိုင် ရင်ကောင်းပါတယ်။ ခရက်ဒစ်ကတ်၊ ဘဏ်ကတ်တွေကိုအိတ်ထဲမှာ မထားနဲ့၊ အိတ်ထဲမှာ ငွေများများ ထည့်မထားနဲ့၊ အင်တာနက်ထဲမှာ လောင်းကစားစာရင်းဖွင့်ထားရင် ပိတ်ပစ်လိုက်။ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် အိမ်သားတစ်ဦးဦးကိုလွှဲထား။ တာဝန်ပေးထား။

– လောင်းကစားလုပ်ဖို့အချိန်လည်း လိုပါတယ်။ လောင်းကစားလုပ်ချင်စိတ်ပေါ်လာရင်တခြားနည်းနဲ့ အချိန်ဖြုန်းဖို့ ကြိုးစားရမယ်။ အချိန်ပိုတွေကို ဘယ်လိုအသုံးချမလဲဆိုတာ မိသားစုထဲမှာ အချင်းချင်း တိုင်ပင်ဆွေးနွေးအဖြေရှာနိုင်တယ်။

(ခ) လောင်းကစားလုပ်ချင်တဲ့ တောင့်တစိတ် ပေါ်ပေါက်လာရင် အဲဒီဆန္ဒဇောကို ထိန်းချုပ်ပေးနိုင်တဲ့ နည်းတွေလည်း ရှိပါတယ်”

“ပြောပြပါ ဒေါက်တာ”
လောင်းကစားလုပ်ချင်စိတ်ပေါ်လာရင် တစ်ယောက်တည်း မနေရဘူး၊ အဖော်ရှာရမယ်။ အိမ် သားတစ်ဦးဦးနဲ့တွဲပြီး တစ်ခုခုလုပ်လိုက်။ ခင်မင်တဲ့ ဆွေမျိုးရင်းချာတစ်ဦးဦးနဲ့ဖြစ်ဖြစ် လောင်းကစားလုပ် တဲ့အကျင့်မရှိတဲ့ မိတ်ဆွေတစ်ယောက်ယောက်နဲ့ ဖြစ်ဖြစ် ဆက်သွယ်လိုက်။ လူချင်း မတွေ့နိုင်ရင် တယ် လီဖုန်းထဲမှာ စကားပြောလိုက်။

– ပျင်းရိငြီးငွေ့လာရင်၊ စိတ်ဖိစီးမှု ခံစားလာရရင် လောင်းကစားလုပ်ချင်တဲ့ တောင့်တစိတ် ပိုမို အားသန်လာလိမ့်မယ်။ စိတ်အာရုံပြောင်းသွားအောင် မိမိနှစ်ခြိုက်ဝါသနာပါတဲ့ တခြားလှုပ်ရှားမှုတစ်ခုခုနဲ့ အစားထိုးပြီး စိတ်ဖြေဖျောက်နိုင်ပါတယ်။

– လောင်းကစားလုပ်ချင်တဲ့ တောင့်တစိတ်ပေါ်လာရင် လောင်းကစားလုပ်ဖို့ အစီအစဉ်မလုပ်ဘဲ ၁၀ မိနစ်-၁၅မိနစ်ခန့် ရွှေ့ဆိုင်းထားလိုက်ပါ။ အဲဒီအချိန်အတွင်းမှာ လောင်းကစားလုပ်ချင်တဲ့ ဆန္ဒဇောအရှိန် ကျသွားပါလိမ့်မယ်။

– လောင်းကစား လုပ်ချင်စိတ်ပေါ်လာရင် လောင်းကစားလုပ်ခြင်းရဲ့ အကျိုးအပြစ်တွေကို စဉ်းစားကြည့်ပါ။ လောင်းကစားလုပ်တာကြောင့် မိမိတွေ့ကြုံရမယ့် ဒုက္ခတွေ၊ ပြဿနာတွေကို မြင်ယောင်လာအောင် တွေးကြည့်ပါ။ အဲဒီလေို့လကျင့်ရင် လောင်းကစားလုပ်ရမှာကို ကြောက်ရွံ့လာပါလိမ့်မယ်။

(ဂ) နေထိုင်မှုပုံစံ ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။ လောင်းကစားလုပ်တဲ့အကျင့်ကို ရပ်နားလိုက်ရင် နေ့စဉ်ဇယားထဲမှာ အချိန်ပိုတွေ ရှိလာလိမ့်မယ်။ အဲဒီ “ဟာကွက်”ကို တခြားလှုပ်ရှားမှုတွေနဲ့ အစား ထိုးပေးသင့်တယ်။ ဝါသနာတစ်ခုခုကို စတင်ပျိုးထောင်ကြည့်ပါ။ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက် နိုင်တယ်။

လောင်းကစားလုပ်တာကို ရပ်နားလိုက်ရင် မူလကရှိနေတဲ့ စိုးရိမ်စိတ်၊ ပျင်းရိငြီးငွေ့စိတ်နဲ့ စိတ် ညစ်ညူးတာတွေ ပြန်လည် အသက်ဝင်လာလိမ့်မယ်။ ဒါကြောင့် စိုးရိမ်ပူပင်စိတ်ကို လျော့နည်းစေတဲ့နည်း တွေကို လေ့ကျင့်ရမယ်။ ဥပမာ-ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာ၊ ကမ္မဋ္ဌာန်းထိုင်တာ၊ ကြွက်သား ဖြေလျှော့လေ့ကျင့်ခန်းလုပ်တာ။

လောင်းကစားလုပ်တဲ့ အကျင့်ကို ရပ်နားပြီးရင် အရင်က ကစားဖော်ကစားဖက်တွေနဲ့ အဆက်အ သွယ်မလုပ်သင့်ဘူး။ ဒါကြောင့် မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖို့ လိုလာတယ်။ သင့်တော်တဲ့ အဖွဲ့အစည်း ထဲမှာ ပါဝင်လှုပ်ရှားဖို့ ကြိုးစားရမယ်။
“ဘီတီနဲ့ ဘင်ဒီတို့ အမည်ဝှက်လောင်းကစား သမားဟောင်းများအသင်း”( Gamblers Anony­mous) ဆိုတာ ကြားဖူးလား”
“ကျွန်တော့်မိတ်ဆွေတစ်ယောက်က အဲဒီအ သင်းနဲ့ ဆက်သွယ်ဖို့ အကြံပေးဖူးပါတယ်”
“အခြေအနေပေးရင် အဲဒီအသင်းမှာ စာရင်းသွင်းပါ။ အသင်းအစည်းအဝေးမှာ ပါဝင်ဆွေးနွေးပါ။ အကျိုးရှိနိုင်ပါတယ်”
“ဒေါက်တာတို့ဘက်က ဘယ်လိုကူညီနိုင်ပါသလဲ
_ _ _

အခုဆွေးနွေးခဲ့တဲ့အချက်တွေနဲ့ သဘောသဘာဝချင်း တူညီတဲ့ စိတ်ကုထုံးကုနည်းကို အသုံးပြုနိုင်ပါတယ်။ အတွေးအခေါ်နဲ့ အပြုအမူကို ပြုပြင်ပြောင်းလဲပေးတဲ့ ကုထုံးမျိုး ဖြစ်တယ်။ အသုံးများတဲ့ ကုထုံးတစ်မျိုးကို ‘ခြေလှမ်းလေးလှမ်း'(Four Step)ကုထုံးလို့ ခေါ်ပါတယ်။ ဝေဒနာရှင် နားလည် သဘောပေါက်အောင် ဆောင်ရွက်ပေးတဲ့ အဆင့်လေးဆင့်ကတော့-

(၁) လောင်းကစားတဲ့ အကျင့်ဟာ ရောဂါတစ်မျိုးသာ ဖြစ်တယ်။ လောင်းကစားချင်တဲ့ တောင့်တစိတ်ဟာ ရောဂါရဲ့ လက္ခဏာဖြစ်တယ်ဆိုတာကို လက်ခံဖို့ ဆွေးနွေးပါတယ်။ ပြဿနာကို “နာမည် ပြောင်းပေးခြင်း” (Relabel)လို့ ခေါ်ပါတယ်။

(၂) လောင်းကစားတဲ့ အကျင့်ကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်နဲ့။ ပတ်ဝန်းကျင်ကိုလည်း အပြစ်မတင်နဲ့။ လောင်းကစားစွဲတာက ဦးနှောက်ထဲမှာ ဓာတ်သဘာဝပြောင်းလဲလို့ ဖြစ်ပွား လာတဲ့ခန္ဓာကိုယ်ရောဂါ။ ဝေဒနာရှင်ဟာ လောင်းကစားသမား မဟုတ်ဘူး၊ နှလုံးရောဂါရှိသူလို လောင်းကစားစွဲရောဂါ ခံစားနေရသူသာ ဖြစ်တယ်။ ဒါကြောင့် ခန္ဓာကိုယ်ရောဂါကို ကုသချင်သလိုလောင်း ကစားစွဲရောဂါကို ကုသဖို့ ကြိုးစားအားထုတ်ရမယ်။ “အကြောင်းရင်းကို ပြန်လည်သုံးသပ်ခြင်း”လို့ ခေါ်ပါတယ်။

(၃) လောင်းကစားလုပ်ချင်တဲ့ တောင့်တစိတ်က လွှမ်းမိုးလာရင် အာရုံပြောင်းပေးနိုင်တဲ့ နည်းပရိယာယ်တွေကို ဆွေးနွေးပါတယ်။ အပြုသဘောပါတဲ့ အကျိုးရှိမယ့် လှုပ်ရှားမှုတစ်ခုခုကို အစားထိုးပြုမူ ဆောင်ရွက်တတ်အောင်သင်ကြားပေးပါမယ်။ “အာရုံပြောင်းလဲပြုမူခြင်း” (Refocus)လို့ ခေါ်တယ်။

(၄) လောင်းကစားစွဲရောဂါရှိသူဟာ လောင်း ကစားလုပ်တာနဲ့ပတ်သက်ပြီး “အကောင်း”တွေကို ပဲတွေးတောတတ်တယ်။ လောင်းကစားလုပ်တာကို ဂုဏ်ပြုချီးကျူးတတ်တယ်။ လောင်းကစားလုပ်တာ ရဲ့ဆိုးကျိုးတွေကို မစဉ်းစားဘူး၊ မတွေးမိဘူး။ ကုသသူပညာရှင်က လူနာနဲ့ ဆွေးနွေးတဲ့အခါ အဲဒီလို အ ယူမှားတွေကို ပြုပြင်ပေးပါတယ်။ “အကျိုးအပြစ်ကို ပြန်လည်သုံးသပ်ခြင်း”( Revalue)လို့ ခေါ်ပါတယ်။

အဲဒီလို စိတ်ကုထုံးကုနည်းကိုအသုံးပြုပြီး တစ်ဦးချင်းကုသခြင်း၊ ဒါမှမဟုတ် အုပ်စုလိုက်ကုသခြင်း ဆိုတာရှိပါတယ်။
“စားဆေးရှိတယ်ဆိုတော့ အဲဒီဆေးကိုလည်း ညွှန်ကြားပေးမှာလား”
“အရက်စွဲရောဂါနဲ့ ဘိန်းစွဲရောဂါမှာ အသုံးပြုနေတဲ့ Naltrexone ဆေးကို အသုံးပြုလာကြပါတယ်။ ဒီဆေးက အစွဲရောဂါတွေရဲ့ လက္ခဏာတစ်ခု ဖြစ်တဲ့ “တောင့်တစိတ်”( Craving)ကို လျော့နည်း စေပါတယ်။ အကျိုးရှိသလို ဘေးထွက်ဆိုးကျိုးတွေ လည်း ရှိပါတယ်။ ဆရာဝန်နဲ့ လူနာပွင့်ပွင့်လင်းလင်း ဆွေးနွေးသဘောတူဖို့လိုအပ်ပါတယ်။
“ဒါပေမဲ့ ဆေးကိုချည်း အားမကိုးသင့်ဘူး။ ဒီနေ့ ဆွေးနွေးခဲ့တဲ့ စိတ်ကုထုံး၊ အပြုအမူကုထုံးတွေ ကိုသာ အာရုံစိုက်ပြီး ကြိုးစားသင့်ပါတယ် မစ္စတာဘီတီ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top