Healthy Life Ad
Life Style

လောင်းကစားစွဲခြင်းနှင့် စိတ်ဝေဒနာ (၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

ရပ်ကွက်တွင်း စိတ်ကျန်းမာရေးဆေးခန်းမှာ မစ္စတာဘီတီကိုစစ်ဆေးတော့ သူ့ဇနီးဘင်ဒီလည်း တက်ရောက်လာတယ်။ ဘင်ဒီက လူနာရှင်တွေမေးမြန်းလေ့ရှိတဲ့ မေးခွန်းနဲ့ စကားစပါတယ်။

“ကိုဘီ ဘာကြောင့် လောင်းကစားစွဲတဲ့အကျင့်ပေါ်လာတာလဲ ဒေါက်တာ”

စာရေးသူကလည်း ထုံးစံအတိုင်း မမှားနိုင်တဲ့အဖြေကိုပေးတယ်။

“အကြောင်းရင်းအမျိုးမျိုး စုစည်းလာလို့၊ တိုက်ဆိုင်လာလို့ဖြစ်ပွားတာပါ။ အကြောင်းရင်း တစ်ခုတည်းကို ထောက်ပြနိုင်တာတော့ မရှိသေးပါဘူး”

“အကြောင်းရင်းအမျိုးမျိုးတွေက ဘာလဲဒေါက်တာ”

“ဆွေမျိုးရင်းချာ၊ ညီအစ်ကိုမောင်နှမတွေထဲမှာ တစ်ဦးလောင်းကစားစွဲရောဂါရှိရင် တခြားတစ်ဦးမှာလည်း အလားတူရောဂါဖြစ်ပွားဖို့ အလားအလာများပါတယ်။ ဥပမာ သားဥတူအမြွှာပူး (ဗီဇမျိုးစေ့ပုံတူပါရှိတဲ့မမြွှာပူး)တွေထဲမှာ တစ်ဦးက လောင်းကစားတဲ့အကျင့်ရှိရင် ကျန်တစ်ဦးမှာ အလားတူရောဂါဖြစ်ပွားဖို့ ၄၅ ရာခိုင်နှုန်းရှိပါတယ်”

“ ဒီလိုဆိုတော့ ပတ်ဝန်းကျင်လွှမ်းမိုးမှုက အရေးမကြီးဘူးပေါ့”

“မဟုတ်ပါဘူး။ ပတ်ဝန်းကျင်လွှမ်းမိုးမှုကလည်း အရေးကြီးတယ်။ ဘာသာရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ လူမှုပတ်ဝန်းကျင်နဲ့ မိသားစုပတ်ဝန်းကျင်တို့ရဲ့ လွှမ်းမိုးမှုကလည်း အရေးကြီးပါတယ်။ လောင်းကစားတာကို တားမြစ်ချုပ်ခြယ်ခြင်းမရှိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရရင် လောင်းကစားစွဲတဲ့အကျင့် ရရှိလာဖို့အလားအလာများပါတယ်။

လောင်းကစား အဆောက်အအုံအနီးအနားမှာ နေထိုင်တာ၊ လောင်းကစားဖို့ အခွင့်အရေးရရှိနိုင်တဲ့ အလုပ်ကိုလုပ်ကိုင်တာ စတဲ့အချက်တွေက လောင်းကစားစွဲရောဂါဖြစ်ဖို့ အထောက်အကူပြုပါတယ်။ ကာစီနိုလောင်းကစားရုံနဲ့ လောင်းကစားစက်ရှိတဲ့ ညကလပ်ရုံလုပ်သားတွေထဲမှာ လောင်းကစားစွဲ ရောဂါဖြစ်ပွားနှုန်းဟာ လူထုထဲမှာဖြစ်ပွားနှုန်းထက် ခြောက်ဆလောက် ပိုမိုများပြားပါတယ် . . .

လောင်းကစားအဆောက်အအုံအနီးအနားမှာ နေထိုင်တာ၊ လောင်းကစားဖို့ အခွင့်အရေးရရှိနိုင်တဲ့ အလုပ်ကိုလုပ်ကိုင်တာ စတဲ့အချက်တွေက လောင်းကစားစွဲရောဂါဖြစ်ဖို့ အထောက်အကူပြုပါတယ်။ ကာစီနိုလောင်းကစားရုံနဲ့ လောင်းကစားစက်ရှိတဲ့ ညကလပ်ရုံလုပ်သားတွေထဲမှာ လောင်းကစားစွဲရောဂါဖြစ်ပွားနှုန်းဟာ လူထုထဲမှာဖြစ်ပွားနှုန်းထက် ခြောက်ဆလောက် ပိုမိုများပြားပါတယ်။ နောက်ပြီး လောင်းကစားစက်ရှိတဲ့ အဆောက်အအုံနဲ့ မီတာ ၅၀ဝအတွင်း နေထိုင်သူတွေထဲမှာ လောင်းကစားစွဲတဲ့အကျင့် ပိုမိုဖြစ်ပွားတာတွေ့ရှိရတယ်။

“ဒီလိုဆိုရင် ကိုဘီကို အိမ်ပြောင်းခိုင်းရင် ကောင်းမလားဆရာ”

“တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး ဆိုပေမယ့် ဘယ်သူမပြု မိမိမှုပါ။ ကာယကံရှင်မှာ လောင်းကစားစွဲဖို့ အထောက်အကူပြုတဲ့ စိတ်အခြေအနေတွေရှိနေရင်လည်း လောင်းကစားစွဲတဲ့အကျင့် ပေါ်လာနိုင်ပါတယ်”

“ဘယ်လိုစိတ်အခြေအနေကို ပြောတာလဲ”

“အစဉ်အမြဲ ငြီးငွေ့သလိုခံစားနေရရင် လောင်းကစားမှုနဲ့ ထွက်ပေါက်ရှာတတ်ပါတယ်။ တစ်ယောက်ထီးတည်းရှိနေသလို အထီးကျန်တဲ့စိတ်ကြောင့် ကစားဝိုင်းမှာအဖော်ရှာမိမယ်။ မိမိဘဝကို မကျေနပ်ဘဲ စိတ်ဖိစီးမှုများပြားနေရင် လောင်းကစားလုပ်တာနဲ့ ဖြေဖျောက်တဲ့အကျင့် ရရှိလာနိုင်တယ်။ ဘေးဒုက္ခကြုံကြိုက်ရလို့ ဒဏ်မခံနိုင်တော့ဘဲ လောင်းကစားခြင်းမှာ ပျော်မွေ့သွားတတ်တယ်။ ငွေရေးကြေးရေးပြဿနာရှိလို့ လွယ်လွယ်နဲ့ငွေရနိုင်တဲ့နည်းကို လိုက်မိမယ်။

ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် လောင်းကစားမှုပြုလုပ်တဲ့အခါ အနိုင်ရတဲ့အကြိမ်ရှိနိုင်ပါတယ်။ လောင်းကစားလုပ်လို့ အနိုင်ရရင် နိုင်ကြေးအပြင် စိတ်ထဲမှာစွဲမြဲတပ်မက်စရာ ခံစားရမှုတစ်မျိုး ဖြစ်ပေါ်လာတယ်။ အောင်မြင်မှုရရှိတဲ့အခါ၊ ဆုရတဲ့အခါ ခံစားရတဲ့ပျော်ရွှင်မှုမျိုးဖြစ်ပါတယ်။ ဦးနှောက်ထဲမှာ စိတ်ပျော်ရွှင်တက်ကြွမှုကို ဖြစ်ပေါ်စေတဲ့ အင်္ဂါပိုင်းတစ်ခုရှိတယ်။ လောင်းကစားနေစဉ် အနိုင်ရဖို့မျှော် မှန်းနေတဲ့အချိန်နဲ့ အနိုင်ရတဲ့အချိန်မှာ အဲဒီဦးနှောက်ပိုင်းမှာ လှုံ့ဆော်မှုများပြားလာပါတယ်။ ဒါကြောင့် စိတ်ပျော်ရွှင်တက်ကြွမှုခံစားရတယ်။ လောင်းကစားစွဲတဲ့သူတွေဟာ အဲဒီစိတ်ခံစားမှုကို တောင့်တနေတတ်တယ်။ အဲဒီလိုစိတ်ခံစားမှုကို လောင်းကစားလုပ်တာနဲ့ရယူဖို့ အကျင့်ဖြစ်လာပါတယ်”

“လောင်းကစားနေတဲ့အချိန်မှာ ခံစားရတဲ့ ပျော်ရွှင်တက်ကြွစိတ်ဟာ စိတ်ကြွမူးယစ်ဆေးသုံးစွဲရင် ရရှိတဲ့ခံစားရမှုမျိုးဖြစ်ပါတယ်။ ဒါကြောင့် လောင်းကစားစွဲရောဂါဟာ မူးယစ်ဆေးစွဲရောဂါနဲ့ သဘာဝချင်းဆင်တူပါတယ်။ မူးယစ်ဆေးစွဲရောဂါနဲ့ လောင်းကစားစွဲရောဂါရရှိဖို့ အလားအလာများတဲ့ ကိုယ်ရည်ကိုယ်သွေး လက္ခဏာတစ်ခုရှိတယ်”

“ပြောပြပါ ဒေါက်တာ”

“စိတ်တက်ကြွပျော်ရွှင်မှုရရှိအောင် စွန့်စွန့်စားစားပြုလုပ်ဖို့ ဝန်မလေးသူ၊ စိတ်ဆန္ဒအတိုင်း တဇွတ်ထိုး ပြုမူလုပ်ကိုင်တတ်သူမျိုးဖြစ်တယ်။ ဒါကြောင့် စိတ်တက်ကြွပျော်ရွှင်မှုကိုရရှိစေတဲ့ လောင်းကစားတာနဲ့ မူးယစ်ဆေးသုံးစွဲတာကို မဆင်မခြင်ပြုမူဆောင်ရွက်ဖို့ ဝန်မလေးဘူး”

“မစ္စတာဘီတီမှာ တခြားစိတ်ရောဂါရှိတဲ့ ရာဇဝင်ရှိသလား”

“မရှိပါဘူး။ ဘာကြောင့်မေးတာလဲဒေါက်တာ”

“တချို့စိတ်ရောဂါကြောင့် လောင်းကစားတဲ့အကျင့် ပေါ်ပေါက်လာတတ်လို့ စုံစမ်းကြည့်တာပါ။ ဥပမာ-အစွဲအလန်းကြီးပြီး ထပ်တလဲလဲပြုမူတတ်တဲ့ OCD ရောဂါ၊ စိတ်ကြွရောဂါ၊ စေ့ဆော်မှုကို ထိန်းချုပ်နိုင်အားနည်းတဲ့ရောဂါနဲ့ အာရုံစိုက်မှုချို့ယွင်းလှုပ်ရှားမှုလွန်ကဲ (ADHD) ရောဂါရှိသူတွေထဲမှာ လောင်းကစားတဲ့အကျင့်ရှိသူ ပိုမိုတွေ့ရှိရပါတယ်”

“မစ္စတာဘီတီ အမြဲစားသုံးနေတဲ့ ဆေးရှိသလား”

“မရှိပါဘူး”

“ဒိုပါမင်း (Dopamine)ဓာတ် ဦးနှောက်ထဲမှာ များပြားလာစေတဲ့ဆေးကို အမြဲစားသုံးနေရင်လည်း လောင်းကစားတဲ့အကျင့် ပေါ်ပေါက်လာတတ်ပါတယ်။ ဥပမာ- ပါကင်ဆန်အကြောစွဲရောဂါကုသဆေးမျိုး (Pramipexole) ဖြစ်ပါတယ်။ သဘောကတော့ ဦးနှောက်အင်္ဂါပိုင်းတချို့မှာ ဒိုပါမင်းဓာတ် လှုံ့ဆော်မှုများနေရင် လောင်ကစားလုပ်တာကို မထိန်းချုပ်နိုင်ရှိပါတယ်။ ဒါကြောင့် စိတ်ကြွရောဂါရောဂါသူနဲ့ စိတ်ကြွမူးယစ်ဆေးသုံးစွဲသူတွေထဲမှာ လောင်းကစားလုပ်တဲ့အကျင့် ပေါ်ပေါက်လာတာဖြစ်တယ်”

တစ်ချိန်လုံးထိုင်ပြီး နားထောင်နေတဲ့ မစ္စတာဘီတီက ပါဝင်ဆွေးနွေးလာပါတယ်။

“ဒေါက်တာပြောပြနေတဲ့ လောင်းကစားစွဲရောဂါဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေဟာ ကျွန်တော်နဲ့သိပ်ပြီး မသက်ဆိုင်ပါဘူး”

“မထူးဆန်းပါဘူး မစ္စတာဘီ၊ စိတ်ရောဂါ အတော်များများဟာ သိသာထင်ရှားတဲ့အကြောင်းရင်းမရှိဘဲ ဖြစ်ပွားတာတွေ ရှိနေရတုန်းပါ။ ဒီနေရာမှာ စိတ်ကျန်းမာရေးဆေးပညာရဲ့တိုးတက်မှုက ထင်သလောက် ခရီးမပေါက်သေးပါဘူး။ ဘယ်လိုလူမျိုးတွေမှာဖြစ်ဖြစ် လောင်းကစားလုပ်တဲ့အကျင့်ကိုစွဲစေတဲ့ အတွေ့အကြုံရှိရင် လောင်းကစားရောဂါရရှိနိုင်ပါတယ်”

“ဘယ်လို အတွေ့အကြုံကိုပြောတာလဲ ဒေါက်တာ”

“လောင်းကစား စတင်ပြုလုပ်တဲ့အခါ အနိုင်ရတဲ့အတွေ့အကြုံ (Beginner Luck) ကိုပြောတာပါ။ ပထမဆုံးအနိုင်ရတဲ့အခါ တက်ကြွပျော်ရွှင်စိတ် အရှိန်ပြင်းပြင်းနဲ့ ခံစားရတယ်။ စိတ်ကြွမူးယစ်ဆေး ပထမဆုံးအကြိမ်သောက်သုံးရင်လည်း အဲဒီလိုခံစားရတယ်။ တချို့လူတွေဟာ အဲဒီလိုခံစားရမှုကို ပြန်လည်တောင့်တနေတတ်တယ်။ အဲဒီလိုခံစားရမှုတွေရရှိဖို့ နောက်ထပ်ကြိုးစားကြည့်ဖို့ ဝန်မလေးဘူး။ ဒါကြောင့် တဖြည်းဖြည်း လောင်းကစားစွဲရောဂါရရှိလာနိုင်တာပါ။ မှန်ပါတယ်။ လောင်းကစားရောဂါကို ကာကွယ်ချင်ရင် လောင်းကစားလုပ်တာကို မစမိအောင်ထိန်းချုပ်တာက အကောင်းဆုံးပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top