Healthy Life Ad
Life Style

ဆီးချိုစင်တာ (၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲ ရောဂါအပေါင်းတို့ကလည်း အစောဆုံးအဆင့်ပြုပြင်လို့ရတဲ့အဆင့်တွေမှာ ဘာမှမသိသာပါဘူး။ လူကောင်းအတိုင်းပါပဲ။ ဒီရောဂါတွေဟာ မသိမသာတဖြည်းဖြည်းဖြစ်လာနေတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ သိပ်ဆိုးလာလို့ ဝေဒနာတွေခံစားလာရပြီး တော့မှသိရရင် ပြုပြင်လို့မရတော့တဲ့ အဆင့်ရောက်သွားပါမယ်။ ဒီအချိန်ကျမှ သွေးချိုအကောင်းဆုံး ဖြစ်အောင် ဘယ်လောက်ပဲလုပ်လုပ်၊ သွေးချိုကြောင့် ပျက်စီးပြီးသားဖြစ်သွားတဲ့ အမည်းမှတ်တွေကိုပြန် ဖျောက်ဖျက်လို့မရတော့ပါဘူး။ နောက်ဆက်တွဲရောဂါတွေကို အပြည့်အဝတားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နောက်ဆက်တွဲရောဂါတွေကိုလည်း အစောဆုံးသိအောင်ပြုလုပ်ဖို့ အရေးကြီးပါတယ်။ အပေါ်ယံကောင်းနေပေမယ့် အတွင်းထဲမှာ ပုပ်နေတတ်တဲ့ ပန်းသီးရဲ့အတွင်းသဘောကို သိရအောင် ခွဲကြည့်မှသိရမှာဖြစ်သလို ဆီးချိုရောဂါရဲ့နောက်ဆက်တွဲရောဂါကို စစ်ဆေးမှသာဖော်ထုတ်နိုင်ပါမယ်။

“စစ်ဆေးခြင်း”ဆိုရာမှာ “စစ်-စစ်-စစ်” ဆို တဲ့ မဖြစ်မနေစစ်ဆေးရမယ့် စစ်ဆေးခြင်းသုံးခုကို မမေ့ဖို့အရေးကြီးလှပါတယ်။
ပထမ “စစ်”ဆိုတာက မိမိသွေးချိုတွေကိုသွေးချိုတိုင်းစက်နဲ့ အိမ်မှာ စစ်ဆေးနေဖို့ပါပဲ။ (Self Monitoring Of Blood Glucose)
ဒုတိယ “စစ်”ကတော့ သုံးလလျှင်တစ်ကြိမ် စစ်ရတဲ့ ပျမ်းမျှသွေးချို HbA စစ်ဆေးဖို့ပဲဖြစ်ပါတယ်။
တတိယ “စစ်”ကတော့ ရောဂါစတင်ကုသချိန် ကနဦးစစ်ဆေးခြင်းနဲ့ နှစ်စဉ်တစ်နှစ်ပြည့်တိုင်း တစ်ကြိမ် ကျန်းမာရေးစစ်ဆေးပြီးနောက်ဆက်တွဲ ရောဂါတွေကို ရှာဖွေနေရခြင်းပဲဖြစ်ပါတယ်။
ဆီးချိုရောဂါကုထုံးမှာ စစ်ဆေးတာမပါရင် မှောင်မည်းနေတဲ့ညမှာ မျက်စိမှိတ်ထားပြီး လျှောက်သွားနေတာနဲ့ တူပါတယ်။

ဒီလိုစစ်တာတစ်ခုတည်းနဲ့ မပြီးသေးပါဘူး။ ဒုတိယအရေးကြီးတာကတော့ မိမိကိုယ်ကိုမိမိ စောင့်ရှောက်ဖို့ပါပဲ။ နေ့စဉ်နေထိုင် စားသောက်နေတဲ့ လူနေမှုဘဝကို ပြုပြင်ရမှာက မိမိတာဝန်ပဲဖြစ်ပါတယ်။ မိမိကိုယ်မိမိ စောင့်ကြည့်ထိန်းသိမ်းနိုင်ဖို့ အတွက် ဒီရောဂါအကြောင်း ထဲထဲဝင်ဝင် သိရှိနားလည်ထားဖို့လည်းလိုပါတယ်။ သိရှိပြီးနောက်မှာ အရေးကြီးဆုံးအဆင့်ကတော့ အမြဲလက်တွေ့လိုက်နာကျင့်သုံးနေဖို့ပဲဖြစ်ပါတယ်။ ဒါတွေတတ်မြောက်အောင် လူနာဘက်ကရော၊ ဆေးကုသပေးသူတွေဘက်ကရော လုံလောက်တဲ့အချိန် ပေးဖို့လိုအပ်ပါတယ်။ လူနာများကတော့ ဆေးဝယ်ယူသွားမယ်၊ ဆေးကိုညွှန်ထားတဲ့အတိုင်းသောက်နေရင်ရပြီလို့ ယူဆထားကြတာများပါတယ်။ အဆင့်အတန်းမီတဲ့ ဆီးချိုကုထုံးကတော့ အချိန်ပေးဖို့လိုအပ်ပါတယ်။

တတိယအဆင့်မှာတော့ မှန်ကန်ထိရောက်တဲ့ ဆီးချိုဆေးတွေအပြင်နှလုံးနဲ့သွေးကြောတွေမှာ နောက်ဆက်တွဲရောဂါမဖြစ်အောင် တားဆီးရမယ့် တခြားဆေးတွေကိုလည်းပေးရပါမယ်။
ခက်တာက

ဆီးချိုဆေးတွေ ညွှန်ပေးရတာက သွေးချိုအနိမ့်အမြင့်ကိုမူတည်ပြီး ညွှန်ပေးရတာ ဖြစ်လို့တစ်စုံတစ်ယောက်က လိုက်လံကြည့်ရှုပြီး အခါအားလျော်စွာ ပြုပြင်ညွှန်ကြားပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်မှလိုအပ်တဲ့ သွေးချိုပန်းတိုင်ကို လုံခြုံစိတ်ချစွာရောက်ရှိနိုင်မှာဖြစ်ပါတယ်။

အထူးသဖြင့် သွေးချိုအကျမြန်ဆန်တဲ့ ဆေး .. ဥပမာ အင်ဆူလင်၊ ဆာလ်ဖွန်နိုင်းယူရိယား (ဒိုင်ယာမိုင်ခရွန်၊ မီနီဒိုင်း ယက်နဲ့ဂလိုင်မီပရိုက်ဒ်)တွေသုံးရင် သွေးချိုကောင်းလာတာနဲ့အမျှ အချိုဓာတ်အကျလွန်တဲ့ အန္တရာယ် ရှိကြောင်း သိထားသင့်ပါတယ်။ ဆေးအကြောင်းကို အသင့်အတင့်နားလည်ရပါမယ်။ ဒီအလုပ်တွေအား လုံးကိုဆရာဝန်တစ်ဦးတည်းလုပ်လို့မရပါဘူး။ ဆရာမတစ်ဦးတည်းလည်း မရပါဘူး။ ဒါကြောင့် အဖွဲ့အစည်းလိုက် တိတိကျကျ၊ အလေးအနက်ထားပြီး ပြုလုပ်ပေးနိုင်အောင် “ဆီးချိုသွေးချိုစင်တာ” (Diabetes center)တွေ ထားရှိကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဆေးရုံတွေမှာ ဆီးချိုစင်တာတွေကို ပီပီပြင်ပြင်ပြည့်ပြည့်စုံစုံ ဖွဲ့စည်းထားပေးဖို့ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောလိုပါတယ်။ ဒီလိုတိကျကောင်းမွန်တဲ့ ဆီးချိုကုစနစ်တွေရှိမှသာ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top