Healthy Life Ad
Child

သင့်ကလေး ဝမ်းချုပ်နေသလား

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လူကြီးတွေလို ထမင်းဟင်းစားနေပြီဖြစ်တဲ့ ကလေးတွေမှာ တစ်ပတ်မှာသုံးကြိမ်ထက် လျော့နည်းပြီး ဝမ်းသွားတာကို ဝမ်းချုပ်တယ်လို့ ခေါ်ပါတယ်။ ကလေးတွေ ဝမ်းမချုပ်စေဖို့ အာဟာရပြည့်ပြည့်ဝ၀ ကျွေးဖို့လိုသလို ကိုယ်လက်လှုပ်ရှားမှုတွေလည်း ပြုလုပ်ခိုင်းဖို့လိုပါတယ်။

ဝမ်းချုပ်ခြင်းဖြစ်စေသော အကြောင်းရင်းများ

– ကလေးအများစု ဝမ်းချုပ်ရတဲ့အကြောင်းရင်းက အစားအသောက်ကြောင့် ဖြစ်တတ်ပါတယ်။ ဆိုလိုတာက စားတဲ့အစားအသောက်မှာ ရေအလုံအလောက်မပါတာနဲ့ အမျှင်ဓာတ်မပါဝင်လို့ ဖြစ်တတ်ပါတယ်။ ရေနဲ့အမျှင်ဓာတ်က ဝမ်းမှန်မှန်သွားစေနိုင်ပါတယ်။ အဆီများတဲ့ အဆင်သင့်အစာ (ဥပမာ-ဟမ်ဘာဂါ၊ ဆီကြော်စာစတာတွေ)နဲ့ သကြားလုံး၊ ကွတ်ကီးမုန့်နဲ့ သကြားပါတဲ့ အချိုရည်တွေလို ပြုပြင်ထားတဲ့ အချိုသရေစာတွေကိုစားတဲ့ ကလေးတွေက မကြာခဏဝမ်းချုပ်တတ်ပါတယ်။

– သံဓာတ်ချို့တဲ့မှုကို ကုသတဲ့အခါမှာ သုံးတဲ့ဆေးတွေကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။ ကလေးတွေမှာ မိခင်နို့တိုက်ရာကနေ ဖော်မြူလာနို့မှုန့်ပြောင်းလိုက်တဲ့အချိန်နဲ့ ဖြည့်စွက်စာကို ပြောင်းကျွေးတဲ့အချိန်တွေမှာ ဝမ်းချုပ်ရတတ်ပါတယ်။

– တချို့ကလေးတွေက ဝမ်းသွားချင်ရင်တောင် ကစားမက်ပြီး ဝမ်းသွားချင်စိတ်ကို အောင့်ထားတတ်ပါတယ်။ အဲဒီအကြောင်းကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။

– စိတ်ဖိစီးမှုကြောင့်လည်း ဝမ်းချုပ်ရတတ်ပါတယ်။ ကလေးတွေက တစ်ခုခုနဲ့ပတ်သက်ပြီး ပူပန်စိတ်များတဲ့အခါ (ဥပမာ- ကျောင်းစတက်ရမှာ၊ မိဘနှစ်ပါးရန်ဖြစ်တာ) ဝမ်းချုပ်တတ်ပါတယ်။

– ရှားပါးတဲ့ဖြစ်ရပ်အနေနဲ့ ဝမ်းချုပ်တာက ကျန်းမာရေးပြဿနာတစ်ခုခုရဲ့ လက္ခဏာတစ်ရပ်ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ကလေးက နှစ်ပတ်-သုံးပတ်ခန့်အထိ ဝမ်းချုပ်နေရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။

ဝမ်းချုပ်ခြင်း၏ လက္ခဏာများ

ကလေးတွေရဲ့ ဝမ်းသွားတဲ့အကျင့်က တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ နေ့စဉ် ဝမ်းမှန်မှန်မသွားတိုင်း ဝမ်းချုပ်တယ်လို့ ပြောလို့မရသလို တစ်နေ့သုံးကြိမ်လောက် ဝမ်းသွားတာကိုလည်း ဝမ်းလျှောတယ်လို့မဆိုနိုင်ပါ။ ကလေးဟာ သူဝမ်းသွားနေကျ အကြိမ်ရေထက် လျော့နည်းပြီးသွားရင်၊ အစာမစားဘဲ ဗိုက်ပြည့်နေတယ်၊ လေပွနေတယ်၊ ဗိုက်အောင့်တယ်လို့ပြောနေရင် ဝမ်းချုပ်တာဖြစ်ပါတယ်။

သင့်ကလေး ဝမ်းချုပ်ခြင်းကင်းပြီး ဝမ်းမှန်မှန်သွားအောင် ဘယ်လိုကျင့်ပေးသင့်သလဲ . .

(၁) သင့်ကလေးကို အရည်များများတိုက်ပါ

ကလေးကို ရေနဲ့တခြားအရည်တွေ အလုံအလောက်တိုက်ကျွေးရင် ဝမ်းပျော့ပျော့သွားနိုင်ပါတယ်။ ခုန်ပေါက်ကစားနေတဲ့ ကျောင်းသားလူငယ်တွေဆိုရင် တစ်နေ့ကို ရေသုံးဖန်ခွက် – လေးဖန်ခွက် လောက်တိုက်ဖို့လိုပါတယ်။ ကလေးကဝမ်းချုပ်နေရင် ဆီးသီး(ဇီးသီး)ဖျော်ရည်တိုက်သင့်ပါတယ်။

(၂) အမျှင်ဓာတ် များများကျွေးပါ

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံးနဲ့လုပ်ထားတဲ့ အစာတွေမှာ အမျှင်ဓာတ်ပါဝင်မှုမြင့်မားတာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ အာလူးမီးဖုတ်စတာတွေကိုလည်းကျွေးပါ။

(၃) ကလေးကို ကစားချိန်ပေးပါ
ကိုယ်လက်လှုပ်ရှားမှုလုပ်တာက ကလေးတွေကို အူလှုပ်ရှားမှုကောင်းပြီး ဝမ်းမှန်မှန်သွားဖြစ်စေပါတယ်။

(၄) ပုံမှန်အစာစားချိန်ထားပါ

ကလေးတွေကို နံနက်စာစောစောကျွေးရင် အူလှုပ်ရှားမှုကို လှုံ့ဆော်ပေးနိုင်ပြီး ကျောင်းမတက်ခင်မှာ ဝမ်းမှန်မှန်သွားပါလိမ့်မယ်။

(၅) ပုံမှန်ဝမ်းသွားသော အလေ့အထရှိအောင်တိုက်တွန်းပါ

ကလေးကို နံနက်စာစားပြီးတိုင်း ဝမ်းသွားချင်စိတ်အနည်းငယ်ပေါ်တာနဲ့ အိမ်သာကြွေခွက်မှာ အနည်းဆုံး ငါးမိနစ်လောက်ထိုင်ဖို့ တိုက်တွန်းပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top