Healthy Life Ad
Life Style

နွေကာလ အသားအရေထိန်းနည်း လျှို့ဝှက်ချက်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဘယ်အသက်အရွယ်ပဲ ရောက်ရောက်၊ ဘယ်ရာသီမှာပဲ ဖြစ်ဖြစ် အသားအရေ ကျန်းမာလှပပြီး ကြည့်ကောင်းနေစေဖို့ မြန်ဆန်ထိရောက်တဲ့ အသားအရေထိန်းနည်းတွေရဲ့ လျှို့ဝှက်ချက်တွေကို လိုက်နာဖို့ လိုပါတယ်။

(၁) အသားအရေ ထိခိုက်စေသော အမူအကျင့်များ ရှောင်ရှားခြင်း
အသားအရေ ထိခိုက်စေတဲ့ ဆေးလိပ်သောက်တာ၊ နေပူထဲသွားတာနဲ့ အရက်သောက်တာတို့လို အသားအရေထိခိုက်စေတဲ့ အမူအကျင့်သုံးရပ်ကို ရှောင်သင့်ပါတယ်။ အခုလို နွေရာသီမှာ နေပူထဲကို မဖြစ်မနေ သွားရတဲ့အခါ SPF ပါတဲ့ နေကာခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ ဆေးလိပ်သောက်တာနဲ့ အရက်ကို အလွန်အမင်းသောက်သုံးတာတွေက အသားအရေကို ထိခိုက်စေတဲ့အပြင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေပါတယ်။

(၂) မျက်နှာကို တစ်နေ့ နှစ်ကြိမ် သန့်စင်ခြင်း
မျက်နှာနဲ့ လည်ပင်းကို ပုံမှန်ဆေးကြောသန့်စင်ပေးတာကြောင့် အရေပြားထိခိုက်စေတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ကင်းစင်စေရုံသာမက အရေပြားကို ကြည်လင်ဝင်းပလာစေပါတယ်။

(၃) မျက်နှာကို လက်ဖြင့် ထိတွေ့မှု မရှိခြင်း
လက်ဆိုတာ မျက်နှာပြင်အမျိုးမျိုးကို ထိတွေ့ကိုင်တွယ်တဲ့ အရာဖြစ်လို့ လူ့ခန္ဓာကိုယ်မှာ အညစ် ပတ်ဆုံးအင်္ဂါအစိတ်အပိုင်းလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီလိုညစ်ပတ်နေတဲ့ လက်နဲ့ မျက်စိ ကိုပွတ်တဲ့အခါ၊ မေးစေ့ကိုထိတွေ့တဲ့အခါ၊ ပါးပြင်ကို အုပ်မိုးပြီး ကိုင်တဲ့အခါ သင့်လက်က ပိုးတွေကို မျက် နှာပြင်ဆီရောက်အောင် ပို့ဆောင်သလို ဖြစ်စေပါတယ်။

(၄) အယ်လ်ကိုဟော ရှောင်ခြင်း
အရက်ကို မသောက်တာ အကောင်းဆုံးပါ။ မသောက်ရမနေနိုင်ပါက သင့်အသားအရေ ကျန်းမာလှပရေးတွက် အယ်လ်ကိုဟောကို အနည်းဆုံး ပမာဏပဲ သောက်ပါ။ အရက်ကို အလွန်အမင်း သောက်သုံးတာကြောင့် မျက်နှာအရေပြားအပေါ်ယံလွှာနဲ့ ကပ်နေတဲ့ သွေးကြောတွေကို ကျယ်စေနိုင်ပါတယ်။

(၅) အဆီပိုများ ကင်းစင်စေခြင်း
မျက်နှာပေါ်ကအဆီပိုတွေ ကင်းစင်စေဖို့ရာအတွက် ပေါင်ဒါမှုန့်လိမ်းပေးပါ။ ဒါမှမဟုတ် အဆီစုပ်တဲ့ စက္ကူနဲ့ သုတ်ပေးပါ။ အဆီပြန်တဲ့ အသားအရေအတွက် အဆီထိန်းနိုင်တဲ့ ပေါင်ဒါကို သုံးပါ။

(၆) နူးညံ့သော မျက်ဝန်းတစ်ဝိုက်ကို မပွတ်သပ်ခြင်း
မျက်နှာအသားအရေ၊ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက် အရေပြားနေရာက အလွန့်အလွန် နူးညံ့ သိမ်မွေ့လွန်းပါတယ်။ ဒါကြောင့် မျက်ဝန်းတစ်ဝိုက် မိတ်ကပ်လိမ်းရင်လည်း ညင်ညင်သာသာ ပွတ်သပ်ပြီး လိမ်းသင့်ပါတယ်။ မျက်စိယားယံနေရင် မျက်ဝန်းတစ်ဝိုက်ကို အေးမြတဲ့ ပိတ်စ ဒါမှမဟုတ် ရေခဲဝတ် ကပ်ပေးပါ။

(၇) အသားအရေထိန်းပစ္စည်း အမျိုးအစားတစ်မျိုးကိုသာ သုံးခြင်း
အသားအရေထိန်းပစ္စည်းအမျိုးမျိုးကို ဝယ်ပြီး သုံးရင် ပါဝင်ပစ္စည်းတွေက တစ်ခုနဲ့တစ်ခု အဟန့် အတားဖြစ်စေတာ၊ ဓာတ်မတည့်ဖြစ်စေတာနဲ့ အာနိသင်ယုတ်လျော့စေတာတို့ကို ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးရလဒ်လိုချင်ရင် အတူပေါင်းစပ်သုံးနိုင်အောင် ဖော်စပ်ထုတ်လုပ်ထားတဲ့ အသားအရေ ထိန်းပစ္စည်းတွေကို သုံးသင့်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်သူရဲ့ ညွှန်ကြားချက်အရ သုံးပါ။

(၈) စပျစ်ဆီသုံးခြင်း
အသားအရေ ထိန်းသိမ်းရေးအတွက် ချွေးပေါက်ကျဉ်းဆေးရည်(Toner)ထဲမှာ စပျစ်ဆီလက် ဖက်စားဇွန်းတစ်ဇွန်းထည့်သုံးပါ။ စပျစ်ဆီဟာ အရေပြားဆဲလ်တွေကိုပြန်လည်ပြုပြင်ပေးတာနဲ့ အားဖြည့် တာတွေကို လုပ်ဆောင်ပေးတဲ့အတွက် အိုမင်းမှုတား ဆီအကြည်အနေနဲ့ အသုံးဝင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top