Healthy Life Ad
Life Style

နှလုံးကျန်းမာမှ မိသားစုရွှင်လန်းမှာ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မိသားစုထဲမှာ နှလုံးရောဂါဝေဒနာရှင်တစ်ဦးရှိနေရင် အိမ်သားတွေအားလုံး မပျော်မရွှင်ဖြစ်ရ တတ်ပါတယ်။ ဘယ်အချိန်မှာ နှလုံးရောဂါထဖြစ် မလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရောဂါရှင်အလိုကျ စိတ်ချမ်းသာအောင် အမျိုးမျိုးကြံဆောင်နေရပါတယ်။ ဒီလို မဖြစ်စေဖို့ သတင်းကောင်းအနေနဲ့ နှလုံးရောဂါကာကွယ်နည်းတွေကို မျှဝေလိုက်ပါတယ်။

(၁) နှလုံးရောဂါ ဖြစ်နိုင်သော အလေ့အထများကို သိနားလည်ပါ
သင့်ခါးက တုတ်နေပြီလား၊ အဆီအအိမ့်နဲ့ အချိုကဲတဲ့ အစားအသောက်တွေကို စားတာ များနေပြီလား၊ လှုပ်ရှားမှုနည်းပြီး အထိုင်များသလား၊ သွေးတွင်း သကြားဓာတ် မြင့်တက်နေသလား၊ ဆေးလိပ် သောက်သလား . .ဒီအလေ့အထတွေက နှလုံးရောဂါ ဖြစ်ဖို့အားပေးနေပါတယ်။

(၂) နှလုံးရောဂါလက္ခဏာများကို ဆန်းစစ်ပါ
နှလုံးရောဂါအမောဖောက်တဲ့ အမျိုးသမီး ၄၃ ရာခိုင်နှုန်းက ရင်ဘတ်အောင့်တာကို မခံစားရဘူးလို့ သိရပါတယ်။ အလွန်အမင်း နုံးချည့်တဲ့ ဝေဒနာကိုတော့ ခံစားရပါတယ်တဲ့။ နှလုံးရောဂါလက္ခဏာတွေက ပခုံး၊ လည်ပင်းနဲ့ မေးရိုးနာကျင်တာ၊ ချွေးစေးပြန်တာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ မူးဝေတာ၊ အသက်ရှူမဝတာ၊ အိပ်ရေးပျက်တာနဲ့ စိုးရိမ်သောကများတာတို့ ဖြစ်ပါတယ်။

(၃) သွေးဖိအားကို ထိန်းသိမ်းပါ
သွေးတိုးရောဂါက နှလုံးရောဂါဖောက်ခြင်းနဲ့ လေဖြတ်ဝေဒနာတို့ကိုအားပေးနေပါတယ်။ တချို့လူတွေက ကိုယ့်ကိုယ်ကိုယ် သွေးတိုးနေမှန်းတောင် မသိကြပါဘူး။ သွေးဖိအားကို ဆေးမကူဘဲ သဘာဝ နည်းနဲ့ထိန်းချုပ်နိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ အရက်ကို မသောက်ရမနေနိုင်ရင် အသင့်အတင့်ပဲ သောက်တာနဲ့ ဆိုဒီယမ်ပမာဏကို လျှော့ချတာတို့ကိုလိုက်နာရင် သွေး ဖိအားက သဘာဝအတိုင်း လျော့ကျမှာဖြစ်ပါတယ်။

(၄) အစားအသောက် ဆင်ခြင်ပါ
သကြားအလွန်အမင်းစားတာ၊ ဆား(ဆိုဒီယမ်) အလွန်အကျွံစားတာ၊ သွေးကြောပိတ်စေတဲ့ ပြည့်ဝဆီနဲ့ ပြောင်းလဲဆီကို များများစားတာတွေက နှလုံးရောဂါဖြစ်ဖို့ အားပေးနေပါတယ်။ အနီရောင်အသားနဲ့ ဆော်ဒါအချိုရည်ကို လျှော့ချပါ။ ဟင်းသီးဟင်းရွက် နဲ့သစ်သီးတွေကို များများစားပါ။

(၅) များများ လှုပ်ရှားပါ
အစာစားပြီးတိုင်း အချိန် ၁၀ မိနစ်ခန့် လမ်းလျှောက်ပေးရင် သွေးတိုးကျစေပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် ထိုင်ချိန် နာရီဝက် ကြာတိုင်း တစ်ခါထပြီး လမ်းလျှောက်ပေးပါ။

(၆) စိတ်ဖိစီးမှု ဝေးဝေးရှောင်ပါ
စိတ်ဖိစီးမှုများတဲ့အခါ သွေးထဲမှာ ကော်တီစော ဟော်မုန်းထွက်ရှိအောင် အားပေးပြီး နှလုံးသွေးကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။ စိတ်ဖိစီးမှုများရင် စိတ်ဓာတ်ကျပြီး အရက်အလွန်အကျွံ သောက်မိတတ်ပါတယ်။ ဒီနှစ်ခုစလုံးက နှလုံးရောဂါအန္တရာယ် မြင့်တက်စေတာကို သတိပြုပါ။ စိတ်ဖိစီးမှုများရင် ကိုယ်တွင်း ရောင်ရမ်းမှု ဖြစ်ပြီး နှလုံးသွေးကြောတွေကို ထိခိုက်စေပါတယ်။

(၇) ကိုယ့်ကိုယ်ကိုယ် အားပေးလှုံ့ဆော်ပါ
စိတ်ဖိစီးမှုများတဲ့အခါ လေ့ကျင့်ခန်းလုပ်တာ၊ ကြက်သီးနွေးရေထဲ စိမ်ချိုးတာ၊ မိတ်ဆွေသူငယ်ချင်းနဲ့ စကားပြောတာ၊ အိမ်ထောင်ဖက်ကို ပြောပြတာတို့ လုပ်ဆောင်ပါ။ ကိုယ့်ကိုယ်ကိုယ် အားပေးပါ။ ဒါဆိုရင် စိတ်ဓာတ်ကျမှာ မဟုတ်သလိုနှလုံးရောဂါကိုလည်း ကာကွယ်ရာရောက်ပါတယ်။

သတိပြုရန်
နှလုံးရောဂါ အမောဖောက်ခြင်း (Heart Attack) ဖြစ်သူတွေကိုဖြစ်ပြီး သုံးနာရီအတွင်း ကုသမှုခံယူနိုင်ရင် အသက်ရှင်နိုင်ခြေ ၂၃ရာခိုင် နှုန်းရှိပြီး တစ်နာရီအတွင်း ကုသမှုခံယူနိုင်ရင် အသက်ရှင်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိပါတယ်။

Most Popular

Healthy Life Ad
To Top