Healthy Life Ad
Health Tips

သင့်မျက်နှာတွင်ပြသနေသည့် ဗီတာမင်ချို့တဲ့ကြောင်း လက္ခဏာငါးရပ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဗီတာမင်ချို့တဲ့ရင် အားနည်းပြီး ကူးစက်ပိုးတွေဝင်လွယ်တတ်ပါတယ်။ ဗီတာမင်ချို့တဲ့ရင် မျက်နှာကိုကြည့်တာနဲ့သိနိုင်တဲ့ လက္ခဏာတွေရှိတာကြောင့် သိရှိပြင်ဆင်နိုင်အောင် ဖော်ပြလိုက်ပါတယ်။

(၁) ဖျော့တော့လွန်းသော အရေပြား

သင့်အရေပြားက ပုံမှန်ထက် ဖျော့တော့လွန်းနေတယ်ဆိုရင် ဒါက ဗီတာမင် B12 ချို့တဲ့နေကြောင်း ပြသတဲ့လက္ခဏာဖြစ်ပါတယ်။ အဲဒီအခါ သင်ကအလွန်အမင်း ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်။ ဒီဗီတာမင် ပြန်လည်ရရှိဖို့ အသားနဲ့ပင်လယ်စာတွေကို များများစားပေးသင့်ပါတယ်။

(၂) ခြောက်သွေ့လွန်းသော ဆံပင်သား

ဆံပင်တွေခြောက်သွေ့ကြွပ်ဆတ်နေပြီး ဗောက်တွေထနေတာက ဘိုင်အိုတင် (ဗီတာမင် B7)ချို့တဲ့တဲ့ လက္ခဏာပါ။ ဒါကပဋိဇီဝပိုးသတ်ဆေးတွေ မှီဝဲလွန်းတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဗီတာမင် B7 အဆင့်မြင့်တက်လာဖို့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ မှိုနဲ့ပဲတွေကို စားပေးဖို့လိုပါတယ်။

(၃) အရောင်ဖျော့သော နှုတ်ခမ်းသား

လူတစ်ယောက်က သံဓာတ်ချို့တဲ့နေရင် နှုတ်ခမ်းသားတွေ ဖျော့တော့နေတတ်ပါတယ်။ သွေးကြောဖိအားနည်းပြီး မကြာခဏအအေးမိတာနဲ့ တွဲဖက်ဖြစ်တတ်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေကို စားပေးသင့်ပါတယ်။

(၄) ဖောင်းအစ်နေသော မျက်လုံး

မျက်ဝန်းတစ်ဝိုက်နဲ့ လက်တွေဖောင်းအစ်နေရင် သင့်ခန္ဓာကိုယ်က အိုင်အိုဒင်းဓာတ်ချို့တဲ့ကြောင်းပြသနေတဲ့ လက္ခဏာပါ။ အိုင်အိုဒင်း အဓိကပါဝင်တဲ့အရာက အိုင်အိုဒင်းဆားဖြစ်ပါတယ်။ အိုင်အိုဒင်းကို ပင်လယ်စာ(ပုစွန်၊ ဂဏန်း၊ ကျောက်ပွင့်)စတာတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရပါတယ်။

(၅) သွေးထွက်နေသော သွားဖုံး

သွားဖုံးသွေးထွက်တာက ဗီတာမင်စီချို့တဲ့ကြောင်း ပြသနေတဲ့လက္ခဏာပါ။ ဗီတာမင်စီချို့တဲ့ ရင်ကိုယ်ခံအားကျဆင်းတာ၊ ကြွက်သားနာကျင်ကိုက်ခဲတာနဲ့ သွားဘက်ဆိုင်ရာဝေဒနာတို့ ဖြစ်တတ်ပါတယ်။ ချဉ်တဲ့သစ်သီးဝလံတွေနဲ့ ငရုတ်သီးမှည့်တွေမှာ ဗီတာမင်စီပါဝင်နေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top