Healthy Life Ad
Life Style

ခရမ်းလွန်ရောင်ခြည် မြင့်တက်လာခြင်း၏ ဆိုးကျိုး

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ခရမ်းလွန်ရောင်ခြည် (UV) မြင့်တက်လာတဲ့အခါ အရေပြားမှာ ဘယ်လိုတွေဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. ခရမ်းလွန်ရောင်ခြည်က အရေပြားပေါ်ကျရောက်တဲ့အခါ အရေပြားဟာ နဂိုထက်ပိုထူလာ၊ အရောင်ပြောင်းလာတတ်ပါတယ်။

– အရေပြားမှာရှိတဲ့ (အထူးသဖြင့် လက်ဖျံအပြင်မှာ သွေးကြောတွေ ပိုထင်ရှားလာတတ်ပါတယ်။ ဒါကြောင့်လည်း နေပူထိထားခံရတဲ့ နေရာတွေမှာ ထိခိုက်ဒဏ်ရာရတာနဲ့ သွေးထွက်လွယ်တာ၊ သွေးခြေဥတာ မြင်ရတတ်ပါတယ်။

– အရေပြားမှာ အရေးကြောင်းတွေ ပိုများလာတတ်ပါတယ်။ ဒါကြောင့် UV ပိုခံရသူတွေဟာ ရှိရင်းအသက်ထက် ပိုအိုပုံရတတ်ပါတယ်။ မှဲ့ခြောက်၊ နေလောင်ကွက်၊ တင်းတိတ်တွေ ဖြစ်တတ်ပါတယ်။ အဖြူရောင်အရေပြားကွက်လေးတွေ ဖြစ်တတ်ပါတယ်။ မှဲ့အဖုလေးတွေ၊ အဝါရောင်အဖုလေးတွေ၊ အိုပွင့်လိုအဖုလေးတွေ၊ ဝက်ခြံဆန်တဲ့အဖုတွေ ဖြစ်လာတတ်ပါတယ်။

– နေလောင်ခြင်း (Sunburn) ဖြစ်တတ်ပါတယ်။ အရေပြားရဲ့ရောင်ခြယ်မှုန်လေးတွေဖြစ်တဲ့ Melanin က နေရောင်ဒဏ်ကို ကာကွယ်ပေးတတ်ပါတယ်၊ ရောင်ခြယ်မှုန်လေးတွေရဲ ့ ခံနိုင်ရည်ထက်ပိုပြီး နေရောင်နဲ့ထိတွေ့ခဲ့ရင် နေလောင်ပါတယ်။ အရေပြားက ပိုဖြူလေ၊ ရောင်ခြယ်မှုန် (Melanin) နည်းလေ၊ ပိုနေလောင်လေပါ။

– အရေပြားမှာ အနီပြင်လေးတွေ (Heat rash) ဖြစ်လာတတ်ပါတယ်။ အရေပြားက အနီရောင်ဖြစ်ခြင်း၊ ရည်ကြည်ဖုဖြစ်ခြင်း၊ ယားယံခြင်း၊ နေပူလာပြီး၊ အပူချိန်ပြင်းချိန်မှာ အရေပြားမှာရှိတဲ့ ချွေးလမ်းကြောင်းလေးတွေ ပိတ်လို့ဖြစ်ပါတယ်၊ Heat rash ကြောင့် အရေပြားဟာ မခံနိုင်ဖြစ်လာမယ်၊ ယားလာမယ်၊ အနီပြင်လေးဖြစ်လာမယ်။ ပူတဲ့၊ ကြပ်တဲ့ အင်္ကျီအဝတ်အစားဝတ်ထားရင် ပိုဆိုးတတ်ပါတယ်။ ရက်အနည်းငယ်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ မပျောက်ရင်တော့ အရေပြားရောင်ရမ်းလာပြီမို့ ဆေးကုသရပါတော့မယ်။

– မိတ်လည်း ပေါက်လာတတ်ပါတယ်။ ရေအေးဖတ်လေးတင်ပေးရမယ်။ သနပ်ခါးရေကျဲလေး လိမ်းပေးလို့ရတယ်။ မိတ်ပျောက်စေတဲ့ ပေါင်ဒါထည့်ပေးလို့ရပါတယ်။ အဆီ၊ ခရင်မ်တွေလိမ်းတာ ရှောင်သင့်ပါတယ်၊ အဝတ်ထူထူ မဝတ်သင့်ပါဘူး။ သုံးလေးရက်ထက် ပိုဖြစ်နေရင် ဆေးကုသင့်ပါပြီ။ ဘာလို့လဲဆိုတော့ အရေပြားယားတာကိုကုတ်ရင်း ပိုးဝင်လာတတ်ပါတယ်။ နှင်းခူဖြစ်လာတတ်ပါတယ်။ ပြည်တည်လာတတ်ပါတယ်၊ အနာရင်းလာတတ်ပါတယ်။ အရေပြားကိုကိုင်ကြည့်ရင် ပူလာတတ်ပါတယ်။ ယားတာကုတ်ရင်း အမာရွတ်ဖြစ်လာတတ်ပါတယ်။ အဖျားဝင်လာတတ်ပါတယ်။ အရောင်ကျဆေး၊ Calamine lotion ပေးပါလိမ့်မယ်။ ပြည်တည်လာရင် ပိုးသေဆေးလိမ်းဆေး လိမ်းရပါမယ်။

မေး. UV မြင့်တက်လာတာရဲ့ နောက်ဆက်တွဲ ဘာရောဂါတွေဖြစ်တတ်သေးလဲ ဆရာမ။

ဖြေ. မျက်လုံးထိခိုက်ခြင်း၊ တိမ်ဖြစ်တတ်ခြင်းနဲ့ ကိုယ်ခံစွမ်းအားကျဆင်းခြင်း ဖြစ်လာတတ်ပါတယ်။ အရေပြားကင်ဆာဖြစ်စေပါတယ်။ နေရောင်ခြည်က ထင်တာထက် ပိုပြီးအန္တရာယ်များပါတယ်၊ နေရောင်ဒဏ်ထဲမှာတော့ အရေပြားကင်ဆာရောဂါရောဂါက အဆိုးဆုံးဖြစ်ပါတယ်၊ သတိထားရမယ့်သူတွေက အသားဖြူတဲ့သူတွေ၊ မိသားစုမှာ မှဲ့ကင်ဆာဖြစ်ဖူးတဲ့သူတွေ၊ နေပူဒဏ်ခံရတဲ့သူတွေ ဖြစ်တတ်ပါတယ်။ မှဲ့တစ်ပေါက်ဟာ အရွယ်ကြီးလာတာ၊ ပုံစံပြောင်းသွားတာ၊ အရောင်ပြောင်းလာတာ၊ ဘေးအနား မညီညာတာ၊ မြင့်တက်လာတာ၊ မျက်နှာပြင်မှာ အကြေးခွံလေးတွေဖြစ်လာတာ၊ အနာဖြစ်လာတာ၊ ပတ်ဝန်းကျင် အရေပြားက နီရဲ၊ ရောင်လာတာ၊ ကိုင်ကြည့်ရင် မာလာတာ၊ ယားလာ၊ နာလာတာဆို စစ်ဆေးပြသသင့်ပါတယ်။ နှစ်ချီကြာရင် သတိထားကင်ဆာဖြစ်တဲ့ အရေပြားလို ့မှတ်ထားရပါမယ်။ နေပူရှောင်တတ်ရင် အရေပြားကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။

မေး. နေရောင်ခြည်ကြောင့် ကျန်းမာရေးမထိခိုက်အောင် ဘယ်လိုလိုက်နာသင့်ပါသလဲ ဆရာမ။

ဖြေ. နေ့လယ်နေ (အထူးသဖြင့် မနက်ဆယ်နာရီနဲ့ ညနေသုံးနာရီကြားနေရောင်ကို ရှောင်သင့်ပါတယ်)

– နေရောင်ကာခရင်မ်လိမ်းသင့်ပါတယ်၊ နေရောင်ကာခရင်မ်ကို နေပူထဲမထွက်ခင် မိနစ်၂၀လောက်မှ စလိမ်းသင့်ပါတယ်။ နှစ်နာရီခြား တစ်ကြိမ်လိမ်းသင့်ပါတယ်။ ချွေးထွက်ရင်၊ ရေကူးပြီးရင် ပြန်လိမ်းသင့်ပါတယ်။

– တစ်ကိုယ်လုံးလုံအောင် အဝတ်အစားဝတ်ဆင်သင့်ပါတယ်။ ကော်လာပါအင်္ကျီက ပိုသင့်တော်ပါတယ်။ ရှပ်အကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်သင့်ပါတယ်။

– ဦးထုပ် အနားသတ်ကြီးကြီး၊ နေကာမျက်မှန်၊ ပဝါသုံးသင့်ပါတယ်။

– နှုတ်ခမ်း၊ နှာခေါင်း၊ လက်ဖမိုးတို့ကိုလည်း အထူးသတိထားပြီး နေရောင်ကာကွယ်သင့်ပါတယ်။

– ဓာတ်မတည့်မှုနည်းမယ့် နေရောင်ကာခရင်မ်မျိုး သုံးသင့်ပါတယ်။

မေး. ခရမ်းလွန်ရောင်ခြည်ဟာ ကားမှန်တွေကို ဖောက်ထွင်းဝင်ရောက်နိုင်ပါသလား ဆရာမ။

ဖြေ. အီကွေတာနဲ့နီးရင် UV ဒဏ်ကို ပိုများများခံရမယ်ဆိုတာ သတိထားသင့်ပါတယ်။

– ကားထဲမှာတောင်မှ ကားမှန်ကို နေရောင်ဖောက်နိုင်စွမ်းလို့ သတိထားရမယ်။

– ရေပြင်၊ သဲသောင်၊ ကွန်ကရစ်၊ နှင်းတွေက ရောင်ပြန်ပြီး လူကို နေဒဏ်ကြောင့်ထိခိုက်စေတယ်။

– တချို့ဆေးတွေကလည်း နေရောင်ဒဏ်ကို ပိုထိခိုက်စေတယ်၊ (ဥပမာ – တက်ထရာဆိုင်ကလင်း)

– မျက်နှာပေါင်းတင်၊ ချေးချွတ်တာ၊ အရေပြားကို ပွန်းစေမယ့်ဆပ်ပြာ (ဥပမာ – Scrub) သုံးတာ၊ အရေပြားက အဆီ၊ ရေဓာတ်နည်းစေမယ့် အဆီထိန်း အရေပြားထိန်းပစ္စည်းတွေနဲ့ အရက်ပြန်ပါတဲ့ အလှပြင်ပစ္စည်းတွေသုံးတာ သတိထားရမယ့်အချိန်ပါ၊

– မိုးအုံ့နေရင်၊ နှင်းကျနေရင်လည်း နေရောင်ကာကွယ်သင့်ပါတယ်။ ရောင်ပြန်နိုင်တဲ့ သဲသောင်၊ ရေပြင်၊ ကွန်ကရစ်တွေရှိရင်လည်း နေရောင်ကာကွယ်ရမယ်။

မေး. နေပူဒဏ်ခံရချိန်မှာ ဘယ်လိုအချက်တွေကို သတိပြုရှောင်ရှားသင့်ပါသလဲ ဆရာမ။

ဖြေ. ဘယ်နေရောင်ကာခရင်မ်မှ နေရောင်ကို ၁၀ဝ ရာခိုင်နှုန်းမကာကွယ်နိုင်ဘူးဆိုတာ သတိထားရပါမယ်။ နေပူထဲမှာ အလုပ်လုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်သင့်ပါတယ်။ ချွေးထွက်ပြီးချိန်နဲ့ ရေကူးပြီးချိန်မှာ နေရောင်ကာခရင်မ်လိမ်းဖို့ မေ့လျော့နေတာမျိုး ရှောင်ရပါမယ်။ ချွေးစိုတဲ့အခါ မျက်နှာကို ကြမ်းကြမ်းပွတ်သုတ်တာနဲ့ အဆီများလွန်း၊ အမွေးရနံ့များလွန်းတဲ့ အရေပြားထိန်းပစ္စည်းတွေ သုံးစွဲတာကို ရှောင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top