Healthy Life Ad
International

ဦးနှောက်ခွဲစိတ်မှုခံယူရင်း ဂစ်တာတီး သီချင်းဆိုနေသည့်လူနာ

၊ မိုးမင်းထွန်း ၊

ဘရာဇီးနိုင်ငံ၊ ဆန်းတို့စ်မြို့မှ အသက် ၄၀အရွယ် ရိုဒင်ဘက်တစ္စတာဟာ လွန်ခဲ့တဲ့နှစ်က တက်တဲ့ဝေဒနာအကြိမ်ကြိမ် ခံစားခံရပြီးနောက် ဆေးရုံသို့ပြေးခဲ့ရပါတယ်။ ဓာတ်မှန်မှတ်တမ်းတွေအရ သူ့ဦးနှောက်မှာ အသည်းပုံအကျိတ်တစ်ခုရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။

ခွဲစိတ်မှုပြုလုပ်ရမှာဖြစ်ပြီး စိတ်ငြိမ်ဆေးသုံးခွဲတာ ဒါမှမဟုတ် နိုးနေရင်းခွဲတာဆိုတဲ့ ရွေးချယ်စရာ နည်းလမ်းနှစ်ခုရှိကြောင်း ဆရာဝန်တွေကရှင်းပြခဲ့ပါတယ်။ နိုးနေရင်းခွဲတာက အောင်မြင်ဖို့ ရာခိုင်နှုန်းပိုများတာကြောင့် ဒုတိယနည်းကိုရွေးချယ်ခဲ့ပါတယ်။ ခွဲစိတ်နေစဉ်အတွင်း ဆရာဝန်တွေက ဘက်တစ္စတာကို ဂစ်တာတီး၊ သီချင်းဆိုခိုင်းခဲ့ပါတယ်။ သူက နာမည်ကြီးဘရာဇီးသီချင်းတစ်ပုဒ်ကို တီးခတ်သီဆိုနေခဲ့ပါတယ်။ ဒီလိုပြုလုပ်တာက ခွဲစိတ်နေစဉ်အတွင်း လူနာသီချင်းဆိုရပ်သွားပါက တစ်စုံတစ်ခုမှားယွင်းတာကို သိစေနိုင်သလို နောက်မကျသေးခင် လှုပ်ရှားမှု၊ စကားနဲ့အာရုံတွေကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းကို အလျင်အမြန် ပြန်လည်ပြုပြင်နိုင်စေကြောင်း ဆရာဝန်တွေက ရှင်းပြခဲ့ပါတယ်။

ခွဲစိတ်မှုမပြီးခင် ဆရာဝန်တွေက ဘက်တစ္စတာရဲ့ဇနီးသည်နဲ့ ဖုန်းပြောခိုင်းခဲ့ရာ သူဟာသူရဲကောင်းတစ်ယောက်လို ခံစားနေရကြောင်း ဇနီးသည်ကိုပြောဆိုခဲ့သေးပါတယ်။ ဘက်တစ္စတာရဲ့ခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပြီး အခုအခါ ဆေးရုံကဆင်းနိုင်ပြီဖြစ်ကာ နာလန်ထကျန်းမာလာနေပြီဖြစ်ကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top