Healthy Life Ad
Life Style

လောင်းကစားစွဲခြင်းနှင့် စိတ်ဝေဒနာ (၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

မစ္စတာဘီတီ ကံကောင်းတယ်လို့ဆိုနိုင်တယ်။ အရက်မူးမူးနဲ့ အိပ်ဆေးလက်တစ်ဆုပ်စာ သောက်လိုက်ပေမယ့် အချိန်မီကုသနိုင်လို့ အသက်ချမ်းသာရာရသွားတယ်။ အသက် ၄၀ ကျော်အရွယ်ဘီတီကို ဆေးကုသဆောင်မှာ စာရေးသူတွေ့ဆုံစစ်ဆေးတော့ သူသတိရနေပြီ။ ဘီတီဘာကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားသလဲ။ ဇနီးက သားသမီးနှစ်ယောက်ကိုခေါ်ပြီး အိမ်ကဆင်းသွားလို့။ လင်မယားကွာရှင်းပြတ်စဲဖို့ တောင်းဆိုလာလို့တဲ့။ ဘီတီ စိတ်ကျရောဂါခံစားရလာပြီး ဒီလိုလုပ်မိတာလို့ပြောပါတယ်။ စီးပွားပျက်ပြီး အိမ်ထောင်ရေး အဆင်မပြေဖြစ်လာရတဲ့ အကြောင်းရင်းကတော့ ဘီတီရဲ့ လောင်းကစားဝါသနာဖြစ်ပါတယ်။ ဆက်လက်စစ်ဆေးကြည့်တဲ့အခါ ဘီတီဟာ အပျော်သဘော တစ်ခါတစ်ရံ လောင်းကစားမှုပြုလုပ်သူမျိုး မဟုတ်ဘူး။ အမြဲလိုလို လောင်းကစားတဲ့အကျင့်ရှိတဲ့ လောင်းကစားစွဲသူဖြစ်ပါတယ်။

အနောက်တိုင်းနိုင်ငံတွေမှာ အရွယ်ရောက်သူတွေအတွင်း ၃၉ မှ ၆၁ ရာခိုင်နှုန်းအထိ လောင်းကစားနည်းတစ်မျိုးမျိုးကို တစ်ခါတစ်ရံ ပြုလုပ်တတ်ကြောင်းတွေ့ရတယ်။ ဒါပေမဲ့ အရွယ်ရောက်သူတွေထဲမှာ ၁ မှ ၃ ရာခိုင်နှုန်းအထိ လောင်းကစားစွဲရောဂါ ရှိနေပါတယ်။ ယောကျာ်းတွေထဲမှာ မိန်းမတွေထက် သုံးဆလောက်ပိုမိုတွေ့ရှိရတယ်။ လောင်းကစားလုပ်တာက အကျင့်ပျက်တဲ့အပြုအမူပဲ မဟုတ်လား။ ရောဂါလို့ပြောလို့ရသလား။ ပြောလို့ရပါတယ်။ လောင်းကစားစွဲရောဂါကို အရက်စွဲရောဂါ၊ မူးယစ်ဆေးစွဲရောဂါလို ‘အစွဲရောဂါ’တစ်ခုအဖြစ် လက်ခံထားပါတယ်။ “ရောဂါဆန်တဲ့ လောင်းကစားမှုပြုခြင်း” (Pathological Gambling)လို့လည်း ခေါ်ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အမေရိကန်စိတ်ကျန်းမာရေး ဆရာဝန်များအဖွဲ့က “လောင်းကစားစွဲရောဂါ”ကို စိတ်ရောဂါများစာရင်းထဲမှာ တရားဝင်ထည့်သွင်းထားပါတယ်။

လောင်းကစားစွဲရောဂါ (Gambling Addition)ရဲ့ သွင်ပြင်လက္ခဏာတွေအကြောင်း ဆွေးနွေးပါမယ်။ အပေါင်းအသင်းတွေနဲ့ အပျော်သဘော လောင်းကစားမှုပြုလုပ်တတ်သူနဲ့ လောင်းကစားစွဲရောဂါရှိသူကို ခွဲခြားနိုင်ဖို့ လောင်းကစားတဲ့အကျင့်ရှိသူမှာ အောက်ပါလက္ခဏာတွေ ရှိ၊ မရှိ စစ်ဆေးကြည့်ပါတယ်။

– အရှုံးကို ကာမိအောင်၊ လောင်းကြေးကို တိုးမြှင့်လောင်းကစားလိုခြင်း။ “လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်”ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး လောင်းကြေးကို ဆတိုးတင်တတ်ကြတယ်။ အဲဒီလိုလောင်းကစားနေတဲ့အချိန်မှာ စိတ်တက်ကြွမှုခံစားရတယ်။

– လောင်းကစားမှုမပြုလုပ်ရရင် စိတ်တိုလာတာ၊ စိတ်ထဲမှာ ဂနာမငြိမ်ဖြစ်တာတို့ကို ခံစားရတယ်။ အရက်ဖြတ်၊ ဆေးလိပ်ဖြတ်တဲ့အခါ ပေါ်ပေါက်လာတဲ့ ဆေးဖြတ်လက္ခဏာမျိုးဖြစ်တယ်။

– လောင်းကစားတဲ့ အပြုအမူကိုလျှော့ချဖို့၊ ရပ်တန့်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် အောင်မြင်မှုမရှိပါဘူး။

– လောင်းကစားခြင်း မပြုလုပ်နေတဲ့အချိန်အခါမှာလည်း လောင်းကစားလုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မကြာခဏ စိတ်ကူးနေတတ်တယ်။

– အရင်က ရှုံးခဲ့တာ၊ အနိုင်ရခဲ့တာတွေကို စားမြုံ့ပြန်စဉ်းစားနေတတ်တယ်။

– လောင်းကစားဖို့ အစီအစဉ်လုပ်တာ၊ နိုင်ကွက်တွေကို စဉ်းစားတွေးတောတာ၊ လောင်းကစားဖို့ ငွေကြေးရရှိနိုင်တဲ့နည်းလမ်းတွေကို အကြံထုတ်တာ စတဲ့ အလုပ်တွေနဲ့ နေ့စဉ်နေ့တိုင်း အချိန်ကုန်နေလေ့ရှိတယ်။

– စိုးရိမ်သောကစိတ်ပေါ်ပေါက်လာရင်၊ စိတ်ညစ်ညူးလာရင် ဒါမှမဟုတ် အခက်အခဲပြဿနာနဲ့ ရင်ဆိုင်လာရရင် လောင်းကစားတာနဲ့ စိတ်ဖြေတတ်ပါတယ်။

– မိမိလောင်းကစားစွဲတဲ့အကျင့်ရှိနေတာကို လူသိမခံချင်ဘူး။ နည်းအမျိုးမျိုးသုံးပြီး ဖုံးကွယ်ထားတတ်တယ်။

– လောင်းကစားမှုကြောင့် အလုပ်အကိုင်ကိုထိခိုက်တာ၊ ငွေရေးကြေးရေး အခက်အခဲရှိလာတာ၊ အိမ်ထောင်ရေးပြဿနာတွေ ဖြစ်ပွားလာတာ၊ ပေါင်းသင်းဆက်ဆံရေးပျက်ပြားတာ စတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်လာရတယ်။ တရားဥပဒေနဲ့ငြိစွန်းတဲ့ အပြုအမူတွေကို ပြုလုပ်မိလာမယ်။

– တစ်နှစ်အတွင်း အကြိမ်ကြိမ်လောင်းကစားတဲ့ အပြုအမူရှိသူဟာ အထက်ဖော်ပြပါ ပြဿနာအခက်အခဲတွေနဲ့ ခံစားလာရရင် လောင်းကစားစွဲရောဂါ ရှိနေတယ်လို့ဆိုနိုင်ပါတယ်။

မစ္စတာဘီတီကို စစ်ဆေးကြည့်တဲ့အခါ သူ့မှာလောင်းကစားစွဲရောဂါရှိတယ်လို့ သတ်မှတ်နိုင်တယ်။ လောင်းကစားတဲ့အကျင့်ကြောင့် စီးပွားရေးပျက်ပြားလာတယ်။ အိမ်ထောင်ရေးဖရိုဖရဲဖြစ်လာတယ်။ စိတ်ကျန်းမာရေး ထိခိုက်လာတယ်။ စိတ်ဖိစီးမှုဒဏ်ကြောင့် စိတ်ကျရောဂါခံစားနေရတယ်။ လောကကြီးကို အရှုံးပေးချင်စိတ်တွေ ပေါ်ပေါက်လာတယ်။

မစ္စတာဘီတီကို စစ်ဆေးကြည့်တဲ့အခါ သူ့မှာလောင်းကစားစွဲရောဂါရှိတယ်လို့ သတ်မှတ်နိုင်တယ်။ လောင်းကစားတဲ့အကျင့်ကြောင့် စီးပွားရေးပျက်ပြားလာတယ်။ အိမ်ထောင်ရေးဖရိုဖရဲဖြစ်လာတယ်။ စိတ်ကျန်းမာရေးထိခိုက်လာတယ်။ စိတ်ဖိစီးမှုဒဏ်ကြောင့် စိတ်ကျရောဂါခံစားနေရတယ်။ လောကကြီးကို အရှုံးပေးချင်စိတ်တွေ ပေါ်ပေါက်လာတယ်။

လောင်းကစားစွဲရောဂါရှိသူတွေကို စစ်ဆေးရင် လောင်းကစားစွဲရောဂါနဲ့အတူ ပူးတွဲဖြစ်ပွားနိုင်တဲ့ စိတ်ကျန်းမာရေးချို့ယွင်းချက်တွေကို သတိပြုမိရမယ်။ လောင်းကစားစွဲရောဂါရှိသူတွေထဲမှာ ၃၅ ရာခိုင်နှုန်းဟာ “လူမှုဆန့်ကျင်ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းခြင်း” (Antisocial Personality Disorder) ရှိတယ် (လူထုအတွင်းမှာ ၅ရာခိုင်နှုန်း)။ အဲဒါအပြင် ၂၅ရာခိုင်နှုန်းမှာ “အလွန်အမင်းကြောက်လန့်ရောဂါ” (Panic Disorder) ခံစားရကြောင်း သိရတယ်။ (လူထုအတွင်းမှာ ၁ မှ ၂ရာခိုင်နှုန်း)။ “အရာဝတ္ထု ဒါမှမဟုတ် ပတ်ဝန်းကျင်အခြေအနေတစ်ခုခုကို အကြောက်လွန်ကဲရောဂါ” (Phobia) ၁၅ရာခိုင်နှုန်းခန့် ရှိတာတွေ့ရတယ်။ (လူထုအတွင်းမှာ ၁၀ရာခိုင်နှုန်း)။

လောင်းကစားစွဲရောဂါရှိသူထဲမှာ စိတ်ကျရောဂါခံစားရတာ ၁၀ရာခိုင်နှုန်းကျော်ရှိတယ် (လူထုအတွင်း ၅ ရာခိုင်နှုန်း)။ စိတ်ကြွရောဂါ (Manic Disorder) ဖြစ်ဖူးသူ ၅ ရာခိုင်နှုန်းခန့်ရှိတာလည်း တွေ့ရှိရတယ်။ (လူထုအတွင်းမှာ ၁ရာခိုင်နှုန်း)။ လောင်းကစားစွဲရောဂါသူတွေထဲမှာ မိမိကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားတဲ့နှုန်းက ၁၃ မှ ၂၀ ရာခိုင်နှုန်းအထိရှိပါတယ်။ အရက်စွဲ၊ ဆေးစွဲရောဂါရှိသူတွေထဲမှာ ၁၀မှ ၂၀ ရာခိုင်နှုန်းက လောင်းကစားစွဲရောဂါရှိကြောင်း တွေ့ရှိရပါတယ်။ လောင်းကစားစွဲရောဂါ ရှိသူတွေထဲမှာ ၆၀ ရာခိုင်နှုန်းကျော်ဟာ ဆေးလိပ်စွဲသူတွေလည်းဖြစ်ပါတယ်။

ဒါကြောင့် မစ္စတာဘီတီကို အဘက်ဘက်က စမ်းသပ်စစ်ဆေးဖို့ လိုအပ်ပါတယ်။ အတွင်းလူနာအဖြစ် စစ်ဆေးမလား၊ ရပ်ကွက်စိတ်ကျန်းမာရေးအဖွဲ့အောက်မှာ အပြင်လူနာအဖြစ် စစ်ဆေးကုသမလား။ ဆေးရုံကဆင်းပေးလိုက်ရင် မစ္စတာဘီတီ သူ့ကိုယ်သူသတ်သေဖို့ ကြိုးစားဦးမှာလားဆိုတဲ့အချက်က အရေးကြီးပါတယ်။ မစ္စတာဘီတီဟာ စိတ္တဇရောဂါခံစားနေရသူ မဟုတ်ဘူး။ သူလုပ်မိတဲ့အမှားအတွက် နောင်တရနေတယ်။ သူ့ဇနီးကလည်း မစ္စတာဘီတီ ဆေးကုသမှုခံယူရင် သူနဲ့အတူပြန်လာနေမယ်လို့ သိရတယ်။ ဒီတော့ မစ္စတာဘီတီကို ဆေးရုံကဆင်းခွင့်ပေးလိုက်ပါတယ်။ နောက်တစ်ပတ်မှာ သူ့ဇနီးဘင်ဒီနဲ့အတူ အပြင်ဆေးခန်းမှာ တွေ့ဆုံစစ်ဆေးဖို့ စီစဉ်လိုက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top