Healthy Life Ad
Life Style

အားဆေးအကြောင်း သိကောင်းစရာ

ပါမောက္ခဒေါက်တာဦးကိုကို ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး

မေး။ ။ ဒီနေ့ခေတ်မှာ အားဆေးကို အားပြည့်ဖို့တင်မက အလှအပအတွက်ပါ သောက်လာကြတာကိုတွေ့ရ ပါတယ်။ အားဆေးသောက်ရင် လှလာမှာလား ဆရာ။

ဖြေ။ ။ အားဆေးကို ဆရာတို့က အကြမ်းအားဖြင့် သုံးမျိုးခွဲခြားလိုက်လို့ရပါတယ်။

– ပထမတစ်ခုက ဗီတာမင်တွေ ဖြစ်ပါတယ်။ ဗီတာ မင်ဆိုတာကတော့ B1, B6, B12တို့၊ နောက်ပြီးတော့ ဖောလစ်အက်ဆစ်၊ Iron အစရှိတဲ့ ဓာတ်တွေဖြစ်ပါတယ်။ ဒီဆေးတွေကို အားမရှိတဲ့သူတွေအတွက် သုံးပါတယ်။ အားမရှိတဲ့သူတွေဆိုတာ ရေရှည်မစားနိုင်၊ မသောက်နိုင်ဖြစ်နေတဲ့သူတွေကို ပြောတာပါ။

– ဒုတိယတစ်မျိုးကတော့ သတ္တုဓာတ်တွေ ဖြစ်ပါတယ်။ များသောအားဖြင့် မိုရီယာမင်းဆိုတဲ့ ဆေးမျိုးတွေဖြစ်ပါတယ်။ သတ္တုဓာတ်က ခန္ဓာကိုယ်ထဲမှာ သိပ်မလိုပါဘူး။ ဖျားနာထားလို့ နာလန်ထခါစမှာ လူနာက အားမရှိဘူး။ အဲဒီအချိန်မှာ သတ္တုဓာတ်တွေ နည်းနေတဲ့အတွက် နုံးနေတာ၊ ပင်ပန်းနေတာ အစရှိတာတွေဖြစ်မှ နာလန်ထစလူနာတွေ ကိုပေးတာများပါတယ်။ အမြဲတမ်းလည်း စွဲသောက် စရာမလိုဘူးလို့ ယူဆပါတယ်။

– နောက်ဆုံး တတိယတစ်ခုကတော့ အခု အရမ်းခေတ်စားလာတဲ့ အင်တီအောက်ဆီးဒင့်ဓာတ် (Antioxidant) တွေပဲဖြစ်ပါတယ်။ ဥပမာ လင်းဇီးမှို၊ ဂျင်ဆင်း၊ Royal jelly၊ ပျားရည်၊ စပျစ်သီးအစေ့တို့ အစရှိတာတွေဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့်တွေကတော့ ဆဲလ်တွေပျက်စီးသွားတာကိုကာကွယ်ပြီး အိုမင်းရင့်ရော်မှုကို လျော့ကျစေတဲ့ ဓာတ်တွေဖြစ်ပါတယ်။

အသက်ရှည်ပြီးတော့ အိုမင်းရင့်ရော်မှုကို လျှော့ချဖို့အတွက် အင်တီအောက်ဆီးဒင့်ကို သောက်ကြပါတယ်။ အားအင်တွေ လျော့နည်းပြီး အစာတွေကို ကောင်းကောင်းမစားနိုင်တာတွေ ဖြစ်တဲ့အခါမှာ ဗီတာမင်တွေကို သောက်ကြပါတယ်။ သတ္တုဓာတ် (Mineral) ကိုတော့ နာလန်ထစလူနာတွေ၊ သတ္တုဓာတ်လိုအပ်နေတဲ့ သူတွေကိုသာ တိုက်လေ့ရှိပါတယ်။

သီးသန့်အားဆေးတွေလည်း အများကြီးရှိပါတယ်။ ဥပမာ-သွေးအားနည်းတယ်ဆိုရင် သွေးအားကောင်းစေတဲ့ ဆေးတွေကို သီးသန့်သောက်ဖို့ လိုပါတယ်။ အားဆေးအများစုမှာ သံဓာတ်ပါဝင်မှုက နည်းပါတယ်။ ဒါကြောင့် အမှန်တကယ် သွေးအားနည်းနေပြီဆိုရင် သံဓာတ်ပါတဲ့ ဆေးကိုသောက်ဖို့လိုပါတယ်။ သံဓာတ်ဖြည့်စွက်ဆေးကို အားဆေးအဖြစ် မသောက်သုံးသင့်ပါဘူး။ အဲဒီဆေးတွေမှာက ဖောလစ်အက်ဆစ်နဲ့ သံဓာတ်တွေ အများဆုံးပါတဲ့အတွက် အဲဒီဓာတ်တွေလျော့နည်းနေတဲ့သူတွေ သောက်ဖို့ပဲ ဖြစ်ပါတယ်။

တခြား ဖြည့်စွက်အားဆေးတွေ ရှိပါသေးတယ်။ ဆီးချိုသမားတွေသောက်တဲ့ အားဆေးတွေဆိုတာလည်း သီးသန့်ရှိပါတယ်။ ဇင့် (Zinc) တို့၊ ခရိုမီယမ် (chromium) တို့ပါတဲ့ဆေးကို သောက်ရင် အင်ဆူလင်ထိန်းချုပ်အား ပိုကောင်းစေတယ်လို့ ဆိုပါတယ်။

Co-enzyme ၁၀ဆိုတာကလည်း နှလုံးသမားတွေမှာကောင်းတယ်၊ နှလုံးမကောင်းသူတွေအတွက် သင့်တော်တယ်လို့ ဆိုပါတယ်။
အားဆေးသောက်ရင် လှတယ်လို့ပြောကြတာက အဓိကက အင်တီအောက်ဆီးဒင့်ကြောင့် ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့်က Alter native medicine ထဲမှာ အများကြီးပြောထား တာရှိပါတယ်။ ဆဲလ်တွေက ပုံမှန်ဆိုရင် ဓာတ်တိုး သွားရင်သေသွားပါတယ်။ အင်တီအောက်ဆီးဒင့် ထည့်လိုက်ပြီဆိုရင် ဆဲလ်က မသေတော့ပါဘူး။ ဒါကြောင့် နုပျိုတယ်လို့ယူဆကြတာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top