Healthy Life Ad
Health Tips

လေ့လာမှုအသစ်အရ သိရသော ခရမ်းချဉ်သီး၏ ကောင်းကျိုးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ခရမ်းချဉ်သီးကို အနီရောင်ဖြစ်စေတဲ့ လိုင်ကိုပင်း အင်တီအောက်ဆီးဒင့်ကြောင့် နှလုံးရောဂါဖြစ်နှုန်း လျော့ကျစေတာ၊ အမြင်အာရုံကောင်းစေတာ၊ မကောင်းတဲ့ ကိုလက်စထရောကျဆင်းစေတာနဲ့အဖြစ်များဆုံး ကင်ဆာကိုးမျိုးရဲ့ဖြစ်နှုန်း လျော့ကျစေတာ တို့လို ကောင်းကျိုးတွေရှိကြောင်း သိပြီးဖြစ်မှာပါ။ အာဟာရတန်ဖိုးမြင့်ပြီး ကယ်လိုရီနည်းပါးတဲ့ ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းအပြင် ဗီတာမင်အေနဲ့ စီလည်း ပါဝင်တဲ့အတွက် တခြားကောင်းကျိုးတွေလည်း ရှိနေပါတယ်။

အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်ခြင်း
ပြစ်မျိုးမှဲ့မထင် လှပတဲ့ အသားအရေကို ပိုင်ဆိုင်ချင်သလား။ ခရမ်းချဉ်သီးကိုစားပါ။ ခရမ်းချဉ်သီး မှာပါတဲ့ လိုင်ကိုပင်းဓာတ်ဟာ အသားအရေတင်းရင်းပြီး နုပျိုစေတဲ့ ကော်လာဂျင်ဓာတ်ကို အားကောင်းစေပါတယ်။ ဒါ့အပြင် နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ တစ်နေ့ ခရမ်းချဉ်သီးဟင်းအနှစ် ၅၅ ဂရမ်စားတဲ့ အမျိုးသမီးတွေက ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်မှုမဖြစ်အောင် ၃၃ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

လေဖြတ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းကျော် လျော့ကျစေခြင်း
ခရမ်းချဉ်သီးက ဦးနှောက်ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ဖင်းနစ်အမျိုးသားတစ်ထောင်ကျော်ကို လေ့လာမှုအရ သွေးထဲမှာ လိုင်ကိုပင်းအဆင့်များတဲ့သူတွေဟာ လေဖြတ်နိုင်ခြေ လျော့ကျမှု ရှိတယ်လို့ တွေ့ရပါတယ်။ သွေးထဲ အင်တီအောက် ဆီးဒင့်အဆင့် မြင့်မားလေလေ၊ လေဖြတ်နိုင်ခြေ ၅၅- ၅၉ ရာခိုင်နှုန်း လျော့နည်းလေလေ ဖြစ်ပါတယ်။

နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေခြင်း
သံလွင်ဆီစစ်စစ်၊ အခွံမာတဲ့ အစေ့အဆန်တို့နဲ့ ရောထားတဲ့ ခရမ်းချဉ်သီးသုပ်ဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ ဖြစ်နှုန်းကို ၃၀ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ နယူးအင်္ဂလန် ဆေးဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

ကင်ဆာရောဂါများကို ကာကွယ်နိုင်ခြင်း
သွေးထဲမှာ လိုင်ကိုပင်းအဆင့်မြင့်မားသူတွေဟာ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတို့ အပါအဝင် ကင်ဆာကိုးမျိုးဖြစ်နှုန်းကို လျော့ကျစေတယ်လို့ သိရပါတယ်။ လိုင်ကိုပင်းဟာ ခံတွင်း၊ ရင်သား၊ ပန်ကရိယ၊ သားအိမ်ခေါင်း၊ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။

အရိုးသန်စွမ်းခြင်း
အမေရိကန် ဆေးပညာဂျာနယ်ရဲ့ လေ့လာမှုတစ်ခုအရ ခရမ်းချဉ်သီးစားတာနဲ့ အရိုးပါးရောဂါဖြစ် နိုင်ခြေလျော့ကျမှုအကြား ဆက်စပ်မှုရှိနေကြောင်း သိရပါတယ်။ အရိုးပါးရောဂါဖြစ်ရင် အရိုးကျိုးနိုင်ခြေ မြင့်မားပါတယ်။

ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေခြင်း
ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကိုပင်းဓာတ်ဟာ ရောဂါကို တွန်းလှန်ပေးနိုင်စွမ်း မြင့်မားစေပါတယ်။ လေ့လာမှုအသစ်အရ ခရမ်းချဉ်သီးဟာ ပါကင်ဆန် ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

အိပ်ရေးဝ၀ အိပ်မောကျခြင်း
ခရမ်းချဉ်သီးဟာ သင့်ကို အိပ်မက်လှလှမက်စေနိုင်တဲ့အစာပါ။ ကျန်းမာရေးကောင်းမွန်ပြီး အိပ် ရေးဝ၀အိပ်စက်နိုင်သူတွေက လိုင်ကိုပင်းဓာတ်ကို များများ မှီဝဲတတ်ကြတယ်လို့ ပင်ဆဲလ်ဗေးနီးယား တက္ကသိုလ်ရဲ့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

တစ်ညမှာ ပျမ်းမျှအားဖြင့် ၇-၈ နာရီလောက် အိပ်စက်ချိန်ရှိသူတွေရဲ့ အစာထဲမှာ ဗီတာမင်စီ များများ ပါဝင်တတ်ကြောင်း၊ ခရမ်းချဉ်သီး တစ်ခွက်စာ ပမာဏမှာ ဗီတာမင်စီ ၂၀ မီလီဂရမ် ပါဝင်ကြောင်း အဆိုပါလေ့လာမှုအရ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top