Healthy Life Ad
Life Style

လှန်ပြစိတ်ဖြေဝေဒနာ

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

မေး ။ ဆရာ ကျွန်မတစ်ခုမေးချင်လို့ပါ။ ကျွန်မတို့ ရပ်ကွက်ထဲမှာ အပတ်စဉ် စနေနေ့ဆိုရင် ရဟန်းသံဃာ တွေကို ဆွမ်းထမင်းဟင်းလောင်းလှူလေ့ရှိပါတယ်။ မနက်အစောကြီး လေးနာရီလောက်ဆိုရင် ကျွန်မတို့ တတွေ ဆွမ်းလောင်းတဲ့ အသင်းဆီသွားပြီး ဆွမ်းထမင်း၊ ဆွမ်းဟင်း လောင်းလှူကြပါတယ်။ အဲဒီမှာ လမ်းထောင့်နေရာတစ်ခုမှာ တိုက်တစ်တိုက်ကို ကပ်ရပ်နေတဲ့ လူရိပ်ကို ဖျတ်ခနဲတွေ့လိုက်ရတယ်။ ကျွန်မမိတ်ဆွေက ‘အမလေး’လို့ အော်ပြီး ပြေးတာနဲ့ သူ့နောက် ကျွန်မလိုက်ရင်း ‘ဘာဖြစ်လို့လဲ’လိုက်မေးကြည့်တော့ အမျိုးသားတစ်ယောက်အဝတ်အစားမပါဘဲ ရပ်နေတာတဲ့ ဆရာ။

ကျွန်မကျောင်းတက်တုန်းကလည်း ကျောင်းဝင်းနားမှာ အဲဒီလို လိင်အင်္ဂါလှစ်ပြတဲ့ အမျိုးသားရှိတယ်လို့ အတန်းဖော်တွေက ပြောဖူးပါတယ်။ သူတို့က ဘာဖြစ်လို့ အဲဒီလို လုပ်တာလဲ၊ သူတို့က လိင်အကြမ်းဖက်သူတွေလား၊ ဒါမှမဟုတ် စိတ်ဝေဒနာရှင်လား၊ သူတို့ကို ဆေးကုရင် အဲဒီလို အဖော်အချွတ် လုပ်ပြချင်စိတ် ပျောက်သွားနိုင်ပါသလား။

မသီသီဝင်း၊ ကျောက်မြောင်း။

ဖြေ ။ မသီသီဝင်း သူငယ်ချင်းရဲ့ အတွေ့အကြုံမျိုးကို အမျိုးသမီးတွေ မကြာခဏ တွေ့ကြုံကြရပါတယ်။ ဘာကြောင့်လဲလို့ မေးစရာရှိတယ်။ မိမိလိင်အင်္ဂါကို ထုတ်ဖော်ပြသပြီး ကျေနပ်မှုရှာတတ်သူတွေ လူထု ထဲမှာမရှားပါဘူး။ အသက် ၁၈ နှစ်မှ ၆၀ အတွင်း ယောကျာ်းတွေထဲမှာ ၂ မှ ၄ ရာခိုင်နှုန်းဟာ ထုတ်ဖော်ပြသပြီး လိင်ဆန္ဒဖြေဖျောက်တဲ့ အပြုအမူရှိပါတယ်။ ယောကျာ်းတွေမှာပဲ မဟုတ်ပါဘူး။ မိန်းမတွေထဲမှာလည်း ၂ ရာခိုင်နှုန်းက အဲဒီလိုအပြုအမူမျိုး ရှိတတ်ပါတယ်။
စိတ်ကျန်းမာရေးဆေးပညာမှာ ဖိုမသဘာဝ ချို့ယွင်းဝေဒနာတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ Exhibitionsm လို့ ခေါ်ပါတယ်။ “လှန်ပြစိတ်ဖြေ ဝေဒနာ”လို့ ဆိုကြပါစို့။

လှန်ပြစိတ်ဖြေဝေဒနာလက္ခဏာတွေက ဘာတွေလဲ။
လှန်ပြစိတ်ဖြေဝေဒနာရှိသူဟာ မိမိလိင်အင်္ဂါကို လူစိမ်းတစ်ဦးဦးရှေ့မှာ ထုတ်ဖော်ပြသချင်စိတ်ရှိတယ်။ စေ့ဆော်မှုရှိတယ်။ အဲဒီလိုစေ့ဆော်မှုကြောင့် လူစိမ်းတစ်ဦးဦးရှေ့မှာ မိမိလိင်အင်္ဂါကို ထုတ်ဖော်ပြသတယ်။ အဲဒီလို မပြုလုပ်ခင်နဲ့ ပြုမူနေစဉ်မှာ လိင်ဆန္ဒတက်ကြွမှုရှိလာတယ်။ ထုတ်ဖော်ပြသခြင်း ခံရသူ ကြောက်လန့်သွားတာ၊ အံ့အားသင့်သွားတာ၊ မနှစ်မြို့တဲ့ အမူအရာပြတာ၊ ဒေါသထွက်တာ စတဲ့ စိတ်ခံစားတုန့်ပြန်မှုတွေကိုမြင်ရရင် လိင်ဆန္ဒကျေနပ်မှုရရှိတယ်။ ထုတ်ဖော်ပြသနေချိန်မှာဖြစ်ဖြစ်၊ ထုတ်ဖော်ပြသပြီးရင်ဖြစ်ဖြစ် မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်တဲ့အပြုအမူကို ပြုလုပ်တာလည်း ရှိနိုင်တယ်။ အဲဒီလို အပြုအမူကို အခွင့်အရေးရရှိတိုင်း မကြာခဏပြုမူတတ်တယ်။

လှန်ပြစိတ်ဖြေဝေဒနာ ပြင်းထန်ပုံအဆင့်ဆင့် ရှိနိုင်ပါတယ်။ ဝေဒနာနုသေးတဲ့အဆင့်မှာ ထုတ်ဖော်ပြပြီး လိင်ဆန္ဒဖြေဖျောက်ချင်ပေမယ့် လက်တွေ့မလုပ်သေးပါဘူး။ အတော်အတန် ဝေဒနာပြင်းထန်တဲ့ အဆင့်မှာတော့ ထုတ်ဖော်ပြပြီး လိင်ဆန္ဒဖြေချင်တဲ့စိတ်ကို ထိန်းချုပ်ရတာ ခက်ခဲလာတာကြောင့် တစ်ခါတစ်ရံ ပြစ်မှုကျုးလွန်မိပါတယ်။ ဝေဒနာ ဆိုးရွားလာရင်တော့ အဲဒီလို လိင်ဆန္ဒကို ထိန်းချုပ်ဖို့ ခက်ခဲပြီး အကြိမ်ကြိမ် ပြစ်မှုကျူးလွန်တတ်ကြပါတယ်။

လှန်ပြစိတ်ဖြေအပြုအမူရှိသူတွေကို သုံးမျိုးသုံးစားခွဲခြားနားလည်နိုင်ပါတယ်
လူတွေနဲ့ ပေါင်းသင်းဆက်ဆံလိုခြင်းမရှိဘဲ တစ်ကိုယ်တည်းနေတတ်သူ၊ သိမ်ငယ်စိတ်ရှိသူ၊ မိမိလိုအင်ဆန္ဒအတိုင်း (ကလေးငယ်တွေလို)တစ်ဇွတ်ထိုး ပြုလုပ်တတ်သူမျိုးက ပထမအမျိုးအစား ဖြစ်တယ်။

ဒုတိယအမျိုးအစားကတော့ အမှားအမှန်ကို ဆင်ခြင်သုံးသပ်နိုင်မှု ချို့ယွင်းနေသူတွေ ဖြစ်တယ်။ ဥပမာ- ဦးနှောက်ပျက်စီးရောဂါရှိသူ၊ စိတ္တဇရောဂါရှိသူ၊ အရက်နဲ့ မူးယစ်ဆေး သောက်သုံးပြီး မူးယစ်နေသူတို့ ဖြစ်ပါတယ်။

တတိယအမျိုးအစားက လူဆိုးလူမိုက် ကိုယ်ရည်ကိုယ်သွေးနဲ့ လှန်ပြစိတ်ဖြေဝေဒနာ ပူးတွဲရှိနေ သူမျိုးဖြစ်ပါတယ်။ အဲဒီလို လူမျိုးတွေက ကိုယ်ထိလက်ရောက် ကျူးလွန်တတ်ပါတယ်။

လှန်ပြစိတ်ဖြေဝေဒနာရှိသူ ၆၃ ရာခိုင်နှုန်းဟာ လိင်အင်္ဂါကို ထုတ်ဖော်ပြသပါတယ်။ ၅၁ ရာခိုင်နှုန်း က ဓားစာခံရှေ့မှာ မိမိဘာသာ လိင်ဆန္ဒဖြေဖျောက်ပြတယ်။ ၁၅ ရာခိုင်နှုန်းက ညစ်ညမ်းတဲ့ စကားကိုပြောတယ်။ ၁၁ ရာခိုင်နှုန်းက ဓားစာခံကို ကိုယ်ထိလက်ရောက်ထိတွေ့ကိုင်တွယ်တယ်။ ၁၀ ရာခိုင်နှုန်းက အဓမ္မပြုကျင့်ဖို့ ကြိုးစားတတ်ပါတယ်။

လှန်ပြစိတ်ဖြေဝေဒနာဖြစ်ပေါ်ရတဲ့ အကြောင်းရင်းကို အတိအကျ မပြောနိုင်သေးပါဘူး။

ငယ်စဉ်က ရိုက်နှက်ညှင်းဆဲခံရတဲ့ အတွေ့အကြုံ၊ မိခင်က ပစ်ပယ်တာခံရတဲ့ အတွေ့အကြုံရှိသူတွေထဲမှာ လှန်ပြစိတ်ဖြေဝေဒနာဖြစ်နှုန်း ပိုမိုများပြားပါတယ်။ လှန်ပြစိတ်ဖြေဝေဒနာရှိသူတွေဟာ လိင်ဆန္ဒပြင်းပြသူ တွေဖြစ်တယ်။ သူတို့ရဲ့ သွေးထဲမှာ ဖိုလိင်ဟော်မုန်း (Testosterone) ပမာဏ များပြားနေတတ်တယ်လို့ ဆိုပါတယ်။

လှန်ပြစိတ်ဖြေဝေဒနာကို “စေ့ဆော်မှု ထိန်းချုပ်ခြင်းချို့ယွင်းဝေဒနာ” (Impulse Con­trol Disorder)တစ်ခုအဖြစ်သတ်မှတ်နိုင်ပါတယ်။ လောင်းကစားစွဲခြင်း၊ အရက်စွဲခြင်း၊ အကြောင်းမဲ့ မီးရှို့ခြင်း၊ မလိုအပ်ဘဲ ခိုးယူတတ်ခြင်း စတဲ့ အပြုအမူတွေနဲ့ ဆင်တူယိုးမှားရှိပါတယ်။ လုပ်ချင်လာတဲ့စိတ်၊ တိုက်တွန်းစိတ်ကို မထိန်းချုပ်နိုင်ဘဲ အကြိမ်ကြိမ် ပြစ်မှားတတ်တာ ဖြစ်ပါတယ်။ ဦးနှောက်ဒဏ်ရာရရှိ သူတချို့ဟာ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်မှု အားနည်းလာတတ်လို့ ဒီလိုအပြုအမူမျိုးကို ပြုလုပ်လာတတ်တာ တွေ့ရပါတယ်။

လှန်ပြစိတ်ဖြေဝေဒနာအပြုအမူ၊ လူရှေ့သူရှေ့မှာ လိင်အင်္ဂါကို ထုတ်ဖော်ပြသတဲ့ အပြုအမူဟာ ရာဇဝတ်မှု ဖြစ်ပါတယ်။ မဖွယ်မရာပြုမူမှုပုဒ်မနဲ့ တရားစွဲဆိုနိုင်ပါတယ်။ တရားရုံးက ဒီလိုလူမျိုးကို သင့်တော်တဲ့ ပြစ်ဒဏ်အပြင် ဆေးကုသမှု ခံယူဖို့ အမိန့်ချမှတ်လေ့ရှိပါတယ်။

ဖိုမသဘာဝကျန်းမာရေးဆေးခန်းမှာ ကုသမှုခံယူသူတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ လှန်ပြစိတ်ဖြေဝေဒနာရှိသူတွေ ဖြစ်ပါတယ်။ အများအားဖြင့် တရားရုံးက အမိန့်ချမှတ်လို့ ရောက်ရှိလာသူတွေ ဖြစ်တယ်။ တချို့ကတော့ ဆွေမျိုးသားချင်းတွေ သိမှာစိုးရိမ်လို့၊ အလုပ်ရှင်သိသွားမှာ စိုးရိမ်လို့ ကြိုတင်ပြီး ကုသမှုခံယူတာဖြစ်တယ်။ ဇနီးက တိုက်တွန်းလို့ ကုသမှုခံယူသူတွေလည်း ရှိတတ်ပါတယ်။ မိမိရဲ့ အပြုအမူကိုရောဂါလို့ယူဆပြီး အလိုအလျောက် ကုသမှုခံယူချင်သူက နည်းပါးပါတယ်။

လှန်ပြစိတ်ဖြေဝေဒနာကို ဘယ်လို ကုသနိုင်သလဲ။
ဒီဝေဒနာအတွက်စိတ်ကုထုံးကုနည်း၊ စားဆေး နဲ့ ကုသနည်းအပြင် ခွဲစိတ်ကုသနည်းတွေ ရှိပါတယ်။

(၁) (က) စိတ်ကုထုံးကုနည်းတစ်မျိုးကတော့ အတွေးအခေါ်နဲ့ အပြုအမူကို ပြောင်းလဲပေးတဲ့နည်း ဖြစ်ပါတယ်။ (Cognitive Behavioral Therapy) (CBT) “စီဘီတီ” လို့ ခေါ်ပါတယ်။

အတွေးအခေါ်ကို ဘယ်လို ပြောင်းလဲပေးသလဲ။ လှန်ပြစိတ်ဖြေဝေဒနာရှင်ဟာ ဘာကြောင့်ဒီလိုလုပ် ရသလဲဆိုတာကို အမျိုးမျိုး ဆင်ခြေပေးတတ်ပါတယ်။ သူတို့ပေးတဲ့ အကြောင်းပြချက်တွေက ယုတ္တိမတန်တာ များပါတယ်။ သူတို့ရဲ့ ဝေဒနာအဖြစ်မှန်ကို ဖုံးကွယ်ပြောတတ်တယ်။ အဲဒီလိုအမြင်မှားတွေ ကို ထောက်ပြပြီး ပြုပြင်ပေးပါတယ်။

အပြုအမူကို ဘယ်လိုပြောင်းပေးနိုင်သလဲ။
တခြားနည်းနဲ့ လိင်ဆန္ဒဖြေဖျောက်တတ်အောင် လေ့ကျင့်ပေးနိုင်ပါတယ်။ မိမိဘာသာ လိင်ဆန္ဒဖြေ ဖျောက်တဲ့အခါ အသုံးပြုတဲ့ စိတ်ကူးစိတ်သန်းတွေကို ပြောင်းလဲဖို့ သင်ကြားပေးပါတယ်။ လှန်ပြတဲ့အ ပြုအမူအစား တခြားသာမန်လိင်ဆက်ဆံတဲ့ အပြုအမူကို စိတ်ကူးပြီး စိတ်ဆန္ဒကျေနပ်မှု ရယူဖို့ လေ့ကျင့် စေပါတယ်။
(ခ) လှန်ပြစိတ်ဖြေဝေဒနာဟာ စေ့ဆော်မှု ထိန်းချုပ်နိုင်ခြင်း ချို့ယွင်းဝေဒနာတစ်မျိုးလို့ ယူဆပါတယ်။ ဒါကြောင့် အရက်စွဲရောဂါမှာ ကုသတဲ့ ကုသနည်းတွေကို အသုံးပြုနိုင်ပါတယ်။ အုပ်စုလိုက် ကုထုံးတစ်ခုဖြစ်တဲ့ “လှေကား ၁၂ ထစ်၊ ခြေလှမ်း ၁၂လှမ်း”ကုထုံးမျိုး ဖြစ်ပါတယ်။

(၂) ဆေးပေးကုသနည်းလည်း ရှိပါတယ်။
(က) ဦးနှောက်ထဲမှာ ဆီရိုတိုနင်ဓာတ် (Serotonin)လျော့နည်းရင် စိတ်ဆန္ဒအတိုင်း တဇွတ်ထိုးလုပ်ဖို့ အလားအလာ များပါတယ်။ လှန်ပြစိတ်ဖြေ ဝေဒနာရှိသူ တဇွတ်ထိုးလုပ်တတ်တဲ့ လိင်အင်္ဂါထုတ်ဖော်ပြတာကို ကာကွယ်ဖို့ ဦးနှောက်ထဲမှာ ဆီရိုတိုနင်ဓာတ်များအောင် ဆေးပေးပါတယ်။ စိတ်ကျရောဂါကု သဆေးတချို့ဖြစ်တယ်။ ဥပမာ- SSRI အနွယ်ဝင်ဆေးတွေဖြစ်တဲ့ Fluxetine ၊ Sertraline တို့ဖြစ်ပါတယ်။

(ခ) ဟော်မုန်းဆေးများ
သွေးထဲမှာ ဖိုလိင်ဟော်မုန်းဓာတ် လျော့နည်းသွားရင် ယောကျာ်းလိင်ဆန္ဒ နည်းပါးလာနိုင်ပါတယ်။ လိင်ဆန္ဒ အားနည်းလာရင် လှန်ပြစိတ်ဖြေအပြုအမူလည်း လျော့နည်းလာနိုင်ပါတယ်။ အဲဒီရည်ရွယ်ချက် နဲ့ ဖိုလိင်ဟော်မုန်းအာနိသင်ကို လျော့နည်းစေတဲ့ဆေးကို အသုံးပြုပါတယ်။
မလိင်ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Medroxy Progesterone ကို ယောကျာ်းတွေ မှီဝဲရင် ဖိုလိင်ဟော်မုန်းအာနိသင် နည်းပါးပြီး လိင်ဆန္ဒကျဆင်းပါတယ်။

ဖိုလိင်ဟော်မုန်းဆန့်ကျင်ဆေးတွေကိုလည်း အသုံးပြုပါတယ်။ ဥပမာ Cyproterone Acetate ၊ Flutamide စတဲ့ ဆေးတွေ ဖြစ်ပါတယ်။
ဖိုလိင်ဟော်မုန်းလျော့နည်းစေတဲ့ ဆေးတွေကြောင့် စိတ်ကျတာ၊ စိတ်တိုတာ၊ အားအင်လျော့နည်းတာ၊ ကြွက်သားသိမ်လှီလာတာ၊ ယောကျာ်းနို့အုံ ကြီးလာတာစတဲ့ ဘေးထွက်ဆိုးကျှိုုးတွေ ရရှိနိုင်ပါတယ်။

(၃) ခွဲစိတ်ကုသခြင်း
ဝှေးသင်းတဲ့ ကုထုံး ဖြစ်ပါတယ်။ ဝှေးစေ့ကို ခွဲထုတ်ပစ်လိုက်ရင် ဖိုလိင်ဟော်မုန်း မထုတ်လုပ်နိုင်တော့ပါဘူး။ လှန်ပြစိတ်ဖြေဝေဒနာ ပြင်းထန်ပြီး ရာဇဝတ်မှုအကြိမ်ကြိမ် ကျူးလွန်သူတွေမှာ အသုံးပြုပါတယ်။ ကာယကံရှင်နားလည်သဘောပေါက်ပြီး သဘောတူလက်မှတ်ထိုးမှ ကုသနိုင်တဲ့ နည်းဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top