Healthy Life Ad
Life Style

အိမ်ထောင်ရှင်များ လိင်မှုဆိုင်ရာ ကျန်းမာရေးအတွက် မသိမဖြစ် နည်းလမ်း ၇ သွယ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) ကောင်းမွန်တဲ့ အာဟာရဟာ လိင်မှုဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဟော်မုန်း အဆင့်ကောင်းမွန်မှု၊ တင်ပဆုံတစ်ဝိုက် သွေးစီးဆင်းအားကောင်းတာနဲ့ နာ့ဗ်ကြောလုပ်ငန်းဆောင်တာတွေ ကောင်းမွန်တာတွေက လိင်မှုဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အချက်တွေပါ။ ဒီစနစ်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ သင်စားသင့်တဲ့ အစာတွေက အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ပဲ၊ ကာဗိုဟိုက်ဒရိတ်အစာ၊ သစ်သီးနဲ့ ဟင်းသီးဟင်း ရွက်အမျိုးမျိုး၊ ပရိုတင်းအသင့်အတင့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်များများပါတဲ့ အစားအသောက် စတာတွေပဲ ဖြစ်ကြပါတယ်။

(၂) အချဉ်ဓာတ်ပါတဲ့ သစ်သီးတွေဟာ ဗီတာမင်စီရရှိစေပါတယ်။ ဗီတာမင်စီဟာ သွေးကြောနံရံတွေ သန်စွမ်းကျန်းမာရေးအတွက် မရှိမဖြစ်အာဟာရ ဓာတ်တစ်မျိုးပါ။ ကောက်နှံစာ၊ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်း၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ ကွေကာစတာတွေက ရိုင်ဘိုဖလေဗင်ဓာတ်ကို ပေးနိုင်တာကြောင့် အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားအင်္ဂါတွေကို အားကောင်းစေမယ့် အချွဲမြှေးတွေကိုထောက်ပံ့ပေးနိုင်ပါတယ်။

(၃) ဗီတာမင်အီးနဲ့ လိင်ကျန်းမာရေးဆက်စပ်မှုကို တိကျတဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အခွံမာသီး၊ ထောပတ်၊ ဂျုံ၊ ကောင်းတဲ့ အဆီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန်တွေလို အစားအစာတွေမှ ဗီတာမင်အီး သင့်တော်တဲ့ ပမာဏကို ရရှိတာကြောင့် လိင်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ်လို့ လေ့လာသူအများစုက ယုံကြည်ကြပါတယ်။

(၄) လိင်မှုဆိုင်ရာ ကျန်းမာရေးကောင်းဖို့အတွက် ပြည့်ဝဆီစားသုံးမှုကို လျှော့ချရပါမယ်။ ပြည့်ဝဆီကို များများစားတာက သွေးတွင်းကိုလက်စထရော အဆင့်ကို မြင့်တက်စေနိုင်ပြီး နှလုံးကို ဝန်းရံထားတဲ့ သွေးကြောတွေမှာ သွေးခဲဖတ်ဖြစ်နှုန်းကို တိုးစေနိုင်ပါတယ်။ အဲဒီအဆီတွေက အမျိုးသားတွေရဲ့ လိင် ကျန်းမာရေးကို အဓိကထိခိုက်စေနိုင်ပါတယ်။

(၅) သွပ်(ဇင့်)ဓာတ်ဟာ လိင်ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ အထောက်အထားတွေနဲ့ ဖော်ပြထားပါတယ်။ သွပ်ဓာတ်မလုံလောက်မှုဟာ ကလေးတွေမှာ လိင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုကို ကြန့်ကြာ စေပါတယ်။ သွပ်ဓာတ်ရရှိအောင် တိရစ္ဆာန်အစာ၊ ပင်လယ်စာ၊ အသည်း၊ ကြက်၊ ဝက်၊ နို့၊ ဥအမျိုးမျိုး၊ အခွံချွတ်မထားတဲ့ ကောက်နှံစာတစ်ခုလုံး၊ အခွံမာသီး၊ ပဲသီးတွေကို စားပေးသင့်ပါတယ်။

(၆) အယ်လ်ကိုဟောနဲ့ နီကိုတင်းကို လျှော့ချပါ။ အယ်လ်ကိုဟောကို များများမှီဝဲတာက အပြုအမူပိုင်းဆိုင်ရာ ထိခိုက်မှုကို ဖြစ်စေပြီး စိတ်ဓာတ်ကျစေနိုင်ပါတယ်။ အယ်လ်ကိုဟောရဲ့အာနိသင်ဟာ အမျိုးသမီး ဟော်မုန်း အီစထရိုဂျင်နဲ့တူပါတယ်။ အလားတူ နီကိုတင်းပါတဲ့ ဆေးလိပ်ဟာ သွေးကြောတွေအတွက်ရန်သူပဲဖြစ်ပါတယ်။

(၇) ကိုယ်အလေးချိန်များတာက လိင်ဟော်မုန်းတွေ ရဲ့ လုပ်ငန်းဆောင်တာကိုလျော့ကျစေပြီး လိင်မှုဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် သင့်ကိုဝစေနိုင်တဲ့ အစားအသောက်တွေကို လျှော့စားပါ။ အစားအသောက်တွေကို လျှော့စားတာက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။ ပုံမှန် ကိုယ်အလေးချိန်ရှိအောင် ဘယ်လိုထိန်းသိမ်းနေထိုင်ရမလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ဒီလိုအစားအသောက်ကို ထိန်းချုပ်ပေးတဲ့အပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ အလုံအလောက် အနားယူတာ၊ အကောင်းမြင်စိတ်ထားရှိတာ စတဲ့အချက်တွေကလည်း လိင်မှုဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေတဲ့ အချက်တွေဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top