Healthy Life Ad
Health Tips

အူမကြီးကင်ဆာ အန္တရာယ်လျော့ကျစေရန် နေ့စဉ်လိုက်နာသင့်သည့်နည်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အူမကြီးကင်ဆာက အခုခေတ်မှာ အဖြစ်များလာတဲ့ ရောဂါတစ်ခုဖြစ်ပြီး အူမကြီးကင်ဆာဖြစ်သူတွေရဲ့ သုံးပုံတစ်ပုံဟာ သေဆုံးနေကြတယ်လို့လည်းသိရပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာ အန္တရာယ်လျော့ကျမှုရှိစေဖို့ နေ့စဉ်နေ့တိုင်း လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

– အမျှင်ဓာတ်များစွာ စားသုံးပါ
အမျှင်ဓာတ်က ကင်ဆာဖြစ်စေတဲ့ဓာတ်တွေကို အူမကြီးတစ်လျှောက် ပိုမိုမြန်ဆန်စွာ ရွေ့လျားသွားစေတဲ့အပြင် ကင်ဆာဖြစ်စေတဲ့ဓာတ်တွေရဲ့ ထိခိုက်မှုအန္တရာယ်ကိုလည်း လျော့ကျသွားစေပါတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ ပဲတွေက အမျှင်ဓာတ်ရရှိနိုင်တဲ့ အကောင်းဆုံး အရင်းအမြစ်တွေပါ။

– ရေများများသောက်ပါ
ရေဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အများစုအတွက် လိုအပ်ပါတယ်။ မစင်နဲ့အတူ ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေပါသွားအောင် ရေကပါဝင်ကူညီနေပါတယ်။ ရေသောက်နည်းပြီး ရေဓာတ်ခမ်းခြောက်တာက ဝမ်းချုပ်စေတဲ့အဓိက အကြောင်းရင်းပါ။ သင့်ဆီးက အရောင်ရင့်နေရင် ဒါမှမဟုတ် အရောင်ညိုနေရင် ဒါမှမဟုတ် နှစ်နာရီ- သုံးနာရီ တစ်ကြိမ်ဆီးမသွားရင် ရေသောက်ဖို့ လိုအပ်နေပါပြီ။

– သဘာဝအစာများ စားပါ
ပြုပြင်ထားတဲ့ အစာတွေအစား သဘာဝအစာတွေကို ပိုစားသင့်ပါတယ်။ သဘာဝအစာတွေမှာ ကျန်းမာရေးအကျိုးပြုပြီး ခန္ဓာကိုယ်ကို အားပြည့်စေတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဆိုးဆေးတွေနဲ့ တာရှည်ခံဆေးတွေထည့်ပြီး ပြုပြင်ထားတဲ့အစာတွေကတော့ ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ သဘာဝအစာတွေမှာ ဖြစ်နိုင်ရင် သြဂဲနစ်ထုတ်ကုန်တွေကို စားပေးပါ။

– ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်များမှီဝဲပါ
အစာကို အရသာတိုးစေဖို့ အရသာအတုတွေထည့်မယ့်အစား ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်ကိုသုံးပါ။

– ရောင်စုံဟင်းသီးဟင်းရွက်များစားပါ
ရောင်စုံဟင်းသီးဟင်းရွက်အများစုမှာ ကင်ဆာကာကွယ်ပြီး ကင်ဆာတွန်းလှန်နိုင်စွမ်းရှိတဲ့ ဖိုင်တိုနျူးထရီးရန့်နဲ့ အင်တီအောက်ဆီးဒင့်တွေများစွာ ပါဝင်ပါတယ်။ အစိမ်းရောင်၊ ခရမ်းရောင်၊ အနီရောင်နဲ့ လိမ္မော်ရောင် စတဲ့ ရောင်စုံဟင်းသီးဟင်းရွက်တွေကိုစားပေးပါ။

– သကြားရှောင်ပါ
ပြုပြင်ထားတဲ့သကြားတွေက ကိုယ်ခံအားစနစ်ကိုထိခိုက်စေပြီး သွေးတွင်းသကြားဓာတ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ် ဖိနှိပ်ခံရတာက ကင်ဆာနဲ့ တခြားရောဂါအမျိုးမျိုးနဲ့ ဆက်နွှယ်မှုရှိပါတယ်။

– လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းကို အသင့်အတင့်လုပ်တာကြောင့် ကင်ဆာဖြစ်နှုန်းကို လျော့ကျစေသလို ကင်ဆာကြောင့် အသက်ရှင်နေသူတွေမှာ အသက်ရှည်နိုင်ခြေကိုလည်း တိုးစေပါတယ်။ နေ့တိုင်းအထိုင်များကာ ထိုင်ခုံမှာ ကြာကြာထိုင်တဲ့သူတွေဟာ ကင်ဆာဖြစ်နိုင်ခြေများတယ်လို့ လေ့လာမှုတချို့က ဆိုထားပါတယ်။

– အနီရောင်အသား တတ်နိုင်သမျှလျှော့စားပါ
ဖြစ်နိုင်ရင် အနီရောင်အသားကို အသင့်အတင့်ပဲ စားသင့်ပါတယ်။ အနီရောင်အသား အများအပြားစားတာက အူမကြီးကင်ဆာအန္တရာယ်နဲ့ ဆက်စပ်မှုရှိတယ်လို့ တချို့လေ့လာမှုတွေက ဆိုထားပါတယ်။

– အယ်လ်ကိုဟော လျှော့သောက်ပါ
အရက်များများသောက်တာက အူမကြီးကင်ဆာနဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ အရက်ကိုမသောက်ရင် အကောင်းဆုံးပါ။ မသောက်ရမနေနိုင်ရင် အအသင့်အတင့်ပဲသောက်ပါ။

– စိတ်ဖိစီးမှု လျှော့ချပါ
စိတ်ဖိစီးမှုနဲ့ ကင်ဆာရောဂါက ဆက်စပ်မှုရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် နေ့စဉ် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဒေါသထွက်တာ၊ မနာလိုတာ၊ ပူဆွေးဝမ်းနည်းတာ၊ မပျော်ရွှင်တာ စတဲ့ ခံစားချက်တွေကို ပြေလျော့သက်သာအောင် ကြိုးစားသင့်ပါတယ်။

– သဘာဝ ပတ်ဝန်းကျင်နှင့်ထိတွေ့ပါ
အစိမ်းရောင်သစ်ပင်ပန်းမန်တွေက သင့်ကျန်းမာရေးအတွက် အကျိုးရှိတဲ့အရာပါ။ သွေးတိုးကျစေပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့မှုရှိပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top