Healthy Life Ad
International

အီကွေဒေါမှ လူပုလေးများ၏ မျိုးရိုးလိုက်ရောဂါက ကင်ဆာနှင့် ဆီးချိုကုသရန်အတွက် နည်းလမ်းရစေနိုင်

၊ မိုးမင်းထွန်း ၊

အီကွေဒေါနိုင်ငံရှိ ဝေးလံခေါင်ဖျားကျေးရွာတွေမှ လူပုလေး ၁၀ဝ ကျော်ဟာ ကြီးမားတဲ့ ဆေးပညာရှာဖွေတွေ့ရှိမှုအတွက် အဓိကဇာတ်ကောင်တွေဖြစ်လာနိုင်ပါတယ်။

သူတို့အားလုံးဟာ အလွန်ရှားပါးတဲ့ မျိုးဗီဇဆိုင်ရာမျိုးရိုးလိုက်ရောဂါတစ်မျိုးဖြစ်တဲ့ လာရွန် ရောဂါစု(Laron Syndorme)ကို ခံစားနေရတာပါ။ အဲဒီ ရောဂါစုကတော့ ၄ ပေလောက်သာ အရပ်ရှည်စေပြီး ကြီးထွားမှုရပ်တန့်တဲ့ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရောဂါကပဲ သူတို့ကို ကင်ဆာနဲ့ ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးတာကို တွေ့ရှိရပါတယ်လို့ လူပုလေး တွေကို နှစ် ၃၀ ကြာလေ့လာမှုပြုလုပ်နေတဲ့ ဒေါက်တာဂျေမီဂွာဗာရာအဂွီရီက ဆိုပါတယ်။

ကယ်လီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်မှ ဟော်မုန်းပညာရှင်ဒေါက်တာအဂွီရီက ဒီလေ့လာမှုကို ရည်ရွယ်ချက်နှစ်မျိုးအတွက် ပြုလုပ်နေတယ်လို့သိရပါတယ်။ အဲဒါတွေကတော့ လာရွန်ရောဂါရဲ့ တခြားရောဂါကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေကို ကင်ဆာ၊ ဆီးချိုရောဂါနဲ့ အဖျားရောဂါတွေကုသရာမှာ အသုံးချဖို့နဲ့ ငယ်ရွယ်တဲ့ လူပုလေးတွေကို မျိုးရိုးလိုက်ရောဂါပျောက်ကင်းအောင် ကုသနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနိုင် ဖို့တို့ပဲဖြစ်ပါတယ်။

လာရွန်ရောဂါကို ၁၉၅၀ ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ ဝေဒနာရှင် ၃၅၀ ယောက်သာရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဒီဖောက်ပြန်တဲ့ ဗီဇကို ရှေးဦးလူတစ်ယောက်ဆီက ဆင်းသက်လာတယ်လို့ ယူဆကြပါတယ်။ ဝေဒနာရှင် ၃ ပုံ ၁ ပုံဟာ အီကွေဒေါနိုင်ငံမှာ နေထိုင်ကြပြီး တခြားကျန်သူတွေက စပိန်နိုင်ငံမှာ နေထိုင်ကြပါတယ်။

တခြားလူပုရောဂါတွေလိုမဟုတ်ဘဲ လာရွန်လူနာတွေမှာ ကြီးထွားဟော်မုန်းမချို့တဲ့ကြပါဘူး။ ဒါပေမဲ့ အသည်းထဲမှ တုန့်ပြန်မှုချို့ယွင်းချက် တစ်ခုက ဒီဟော်မုန်းနဲ့ပေါင်းပြီး အင်ဆူလင်နဲ့တူတဲ့ ကြီးထွားမှုဖြစ်စေတဲ့ အင်ဇိုင်း (insulin-like growth factor 1 – IGF-1)ထုတ်လုပ်မှုကို ပျက်ကွက်စေပါတယ်။ ရလဒ်အဖြစ် လူနာတွေမှာ ကြီးထွားမှု ရပ်တန့်စေခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ IGF-1 ပျက်ကွက်မှုကပဲ ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်ဖောက်ပြန်မှုကို ဟန့်တားပေးပြီး ဆီးချိုမဖြစ်ပေါ်အောင် ဒိုင်းတစ်ခုလိုဆောင်ရွက်နိုင်မယ့် အင်ဆူလင်တွေရဲ့ တုန့်ပြန်မှုအားကောင်းအောင် ပြုလုပ်ပေးတယ်လို့ ဆိုပါတယ်။

လေ့လာသူတွေဟာ လာရွန်ရောဂါကို ကြွက်တွေမှာ စမ်းသပ်ခဲ့ပြီး ကြွက်တွေဟာ သာမန်ထက် ၅၀ ရာခိုင်နှုန်း အသက်ရှည်ကြပြီး ရောဂါကင်းစင်တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

သူတို့က ပုံမှန်လူတွေမှာ IGF-1 ထုတ်လုပ်မှုကို ဟန့်တားနိုင်ဖို့ နည်းလမ်းတွေကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ခဲ့ကြပြီး လူတွေမှာအသုံးပြုနိုင်ဖို့ အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက်ကြာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

(Ref; NBC)

Most Popular

Healthy Life Ad
To Top