Healthy Life Ad
Life Style

ဆေးလိပ်သောက်တာက သင့်ရုပ်ရည်ကို ဘယ်လို ထိခိုက်စေသလဲ…

၊ ကိုမိုး ၊

သင်က ဆေးလိပ်သောက်တတ်သူ ဖြစ်ရင် ဆေးလိပ်ကိုဖြတ်ဖို့ သတိပေးချင်ပါတယ်။ ဆေးလိပ် ဟာ သင့်နှလုံး၊ အဆုတ်၊ ဦးနှောက်နဲ့ လိင်မှုဘဝကိုသာ ထိခိုက်စေရုံသာမက သင့်ရုပ်ရည်ကိုလည်း ထိ ခိုက်စေနိုင်ပါတယ်။

မျက်ဝန်းအောက်က အဆီအိတ်
ဆေးလိပ်သောက်သူဟာ ဆေးလိပ်မသောက်သူထက် လေးဆလောက်ပိုပြီး ပင်ပန်းနွမ်းနယ်နေတဲ့ ပုံပေါက်တယ်လို့ ဂျွန်ဟော့ကင်းလေ့လာမှုအရ သိရပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သူ တွေအနေနဲ့ မျက်ဝန်းအောက်မှာ အဆီအိတ်ဖြစ်စေနိုင်ပါတယ်။

ဆိုးရီးယေးစစ်အရေပြားရောဂါ ဖြစ်ခြင်း
ဆေးလိပ်သောက်ရင် အရေပြားမှာ အကြေးခွံကွာသလို ဖြစ်တဲ့ ဆိုးရီးယေးစစ်အရေပြားဝေဒနာက အဖြစ်များပါတယ်။ တစ်နေ့မှာဆေးလိပ်တစ်ဘူးနဲ့ ၁၀ နှစ်ခန့် သောက်တဲ့သူတွေမှာ ဆိုးရီးယေးစစ်ဖြစ်နိုင်ခြေ ၂၀ရာခိုင်နှုန်း၊ ၁၁နှစ်- ၂၀ နှစ်သောက်သူ တွေမှာ ဆိုးရီးယေးစစ်ဖြစ်နိုင်ခြေ ၆၀ရာခိုင်နှုန်း မြင့်တက်နေတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။

သွားဝါခြင်း
ဆေးလိပ်ထဲက နီကိုတင်းဟာ သွားတွေကို အစွန်းထင်ကာ ဝါစေနိုင်ပါတယ်။

အရွယ်မတိုင်ခင် အိုမင်းခြင်းနှင့် အရေးကြောင်းထင်ခြင်း
ဆေးလိပ်သောက်ရင် အသက်ငယ်ငယ်အရွယ်မှာတင် အရေးကြောင်းထင်ကာ အိုမင်းတဲ့ပုံပေါက် နေတတ်ပါတယ်။ ဆေးလိပ်သောက်သူက ဆေးလိပ်မသောက်သူထက် အသက် ၁ ဒသမ၄ နှစ်လောက် ရုပ်ရင့်နေတတ်ပါတယ်။ အကြောင်းကတော့ ဆေးလိပ်သောက်တာက အရေပြားတစ်သျှူးတွေဆီကို သွားတဲ့ သွေးထောက်ပံ့မှုကို နှေးစေတာကြောင့် အရေပြားနွမ်းနယ်ရတာဖြစ်ပါတယ်။

ဆံပင်ပါးခြင်း
ဆေးလိပ်သောက်တာကြောင့် အရေးကြောင်း ထင်ရုံသာမက ဆံပင်တွေကိုလည်း ကျဲပါးစေနိုင်ပါတယ်။ ဆေးလိပ်ထဲက အဆိပ်ရှိ ဓာတုပစ္စည်းတွေဟာ ဆံချည်မျှင်ရှိ ဒီအင်န်အေကို ထိခိုက်စေနိုင်တာကြောင့် ဆံပင်တွေ ကျဲပါးရတာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေဟာ ဆေးလိပ်မသောက် သူတွေထက် ဆံပင်ကျွတ်နိုင်ခြေ နှစ်ဆပိုများပြီး ထိပ်ပြောင်နိုင်ခြေ များပါတယ်လို့ တရုတ်(တိုင်ပေ) လေ့လာမှုတစ်ရပ်က ဆိုပါတယ်။

အနာကျက်နှေးခြင်း
နီကိုတင်းဟာ သွေးကြောတွေကို ကျဉ်းစေတာကြောင့် အောက်ဆီဂျင်များများပါတဲ့ သွေးတွေဟာ မျက်နှာနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ရှိတဲ့ သွေးကြောအသေးတွေဆီ မရောက်ရှိနိုင်တော့ပါဘူး။ အဲဒီအခါ ဒဏ်ရာတွေ၊ အနာတွေ ဖြစ်လာခဲ့ရင် အနာကျက်နှုန်း နှေးသွားပါတော့တယ်။

လက်သည်းဝါခြင်း
စီးကရက်မီးခိုးထဲက နီကိုတင်းဟာ သွားတွေကို ညိုစေရုံသာမက လက်သည်း၊ ခြေသည်းတွေကိုလည်း ဝါစေနိုင်ပါတယ်။

သွားကျိုးခြင်း
ဆေးလိပ်သောက်တာက ခံတွင်းကင်ဆာ၊ သွားဖုံးရောဂါစတဲ့ သွားနဲ့ ခံတွင်းပြဿနာတွေရဲ့ဖြစ်နှုန်းကို မြင့်မားစေပါတယ်။ ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် သွားဖုံးရောဂါဖြစ်နိုင်ခြေခြောက်ဆပိုများတာကြောင့် သွားကျိုးလွယ်ရတာဖြစ်တယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။

အသားအရေ တောက်ပမှု ကင်းခြင်း
ဆေးလိပ်သောက်တဲ့သူတွေက အရေးကြောင်း ထင်လွယ်သလို အရေပြားအရောင်မှိန်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ စီးကရက်မီးခိုးထဲမှာပါတဲ့ ကာဗွန်မိုနော့ဆိုက်ဟာ အရေပြားရှိ အောက်ဆီဂျင်နေရာမှာ အစားထိုးဝင်လာပြီး သွေးရောက်ရှိမှုနည်းကာ အရေပြားခြောက်သွေ့တာနဲ့ အရောင်နွမ်းနယ်တာတွေကို ဖြစ်စေတာပါ။ စီးကရက်သောက်တာက အရေပြားရှိ ဗီတာမင်စီလို အာဟာရဓာတ်များစွာကို ဖယ်ရှားပစ်နိုင်ပါတယ်။

အရေပြားကင်ဆာဖြစ်ခြင်း
ဆေးလိပ်သောက်တာက အဆုတ်၊ လည်ချောင်း၊ ခံတွင်းနဲ့ အစာရေမျိုပြွန်တို့လိုနေရာတွေမှာ ကင်ဆာဖြစ်နိုင်ခြေကိုမြင့်မားစေသလို အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။ ဆေးလိပ် သောက်သူတွေဟာ ဆေးလိပ် မသောက်သူတွေထက် အရေပြားကင်ဆာဖြစ်နိုင်ခြေကို သုံးဆ ပိုများ စေတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။

အတွင်းတိမ်ဖြစ်ခြင်း
စီးကရက်သောက်တာက အတွင်းတိမ်ဖြစ်နိုင်ခြေကို ၂၂ရာခိုင်နှုန်းမြင့်တက်စေတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top