Healthy Life Ad
Health Tips

ဆေးလိပ်သောက်ခြင်းနှင့် စိတ်ရောဂါ

—၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—

နိဒါန်း

ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းက ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိတယ်။ သြစတြေးလျနိုင်ငံမှာ အရွယ်ရောက်သူ ၁၄ ရာခိုင်နှုန်းက နေ့စဉ် ဆေးလိပ်သောက်တဲ့အကျင့် ရှိတယ်။ မြန်မာနိုင်ငံမှာ အရွယ်ရောက်သူ ၃၁ ဒသမ ၆ ရာခိုင်နှုန်းက နေ့စဉ် ဆေးလိပ်သောက်တဲ့ အလေ့အထရှိကြောင်း တွေ့ရှိရပါတယ်။ (ကမ္ဘာ့ဘဏ် ၂၀၁၅)

စိတ်ရောဂါ ခံစားနေရသူတွေထဲမှာ ဆေးလိပ်သောက်တတ်တဲ့နှုန်းက ပြည်သူလူထုအတွင်းမှာ တွေ့ရှိရတဲ့ ဆေးလိပ်သောက်နှုန်းထက် ပိုမိုများပြားတယ်။ ဥပမာ-စိတ်ကစဉ့်ကလျား စိတ္တဇရောဂါရှင်တွေထဲမှာ ၄၇ ရာခိုင်နှုန်းက ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိတယ်။ စိတ်ကြွစိတ်ကျ ရောဂါရှင်တွေထဲမှာ ၃၇ ရာခိုင်နှုန်း၊ စိုးရိမ်စိတ်လွန်ကဲ ရောဂါရှင်တွေထဲမှာ ၂၈ ရာခိုင်နှုန်း၊ စိတ်ကျရောဂါရှင်တွေထဲမှာ ၂၇ ရာခိုင်နှုန်းနဲ့ စားသောက်မှုချို့ရောဂါ (Eating Disorder) ရှင်တွေထဲမှာ ၂၄ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရပါတယ်။

ဆေးလိပ်သောက်တဲ့ အကျင့်ရှိသူတွေက ဆေးလိပ်မသောက်တတ်သူတွေထက် ၁၀ နှစ်လောက် အသေစောပါတယ်။ စိတ်ရောဂါရှိပြီး ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိရင် ၁၅ နှစ်မှ နှစ် ၂၀ အထိ အသက်တိုတာ တွေ့ရှိရတယ်။ စိတ်ရောဂါရှင်လူနာ ဆေးလိပ်သောက်တတ်ရင် ရောဂါကုသမှု ခံယူတဲ့အခါ ဆေးမတိုးတာရှိတယ်။ ဆေးလိပ်ထဲမှာ ပါရှိတဲ့ နီကိုတင်းဓာတ်က သွေးထဲမှာ စိတ်ရောဂါ ကုသဆေးအချိန်အတွယ် ပမာဏကို ကျဆင်းလျော့နည်းစေပါတယ်။ ဒါကြောင့် ပုံမှန်ဆေးအချိန်အတွယ် စားသုံးရုံနဲ့ ရောဂါမသက်သာတော့ဘူး။ စာရေးသူရဲ့ လူနာတိုနီကို ဆေးလိပ်ဖြတ်ဖို့ အကြံပေးတော့”ပြောသလောက်မလွယ်ပါဘူး ဒေါက်တာ”လို့ သူက အဖြေပေးပါတယ်။

တိုနီက အသက် ၃၀ အရွယ် စိတ်ကစဉ့်ကလျား စိတ္တဇရောဂါ (Schizophrenia) ခံစားနေရသူဖြစ်တယ်။ ရောဂါရရှိ ခံစားလာရတာ ၅ နှစ်ကျော်ရှိပြီ။ စိတ္တဇရောဂါကုသဆေးတစ်မျိုး (Haloperidol) နဲ့ ရောဂါသက်သာပါတယ်။ ဒါပေမဲ့ ကြွက်သားတုန်ခါ တင်းကျပ်တဲ့ ဘေးထွက်ဆိုးကျိုးကို တိုနီက မနှစ်ခြိုက်ဘူး။ ဒါကြောင့် ဒုတိယမျိုးဆက် စိတ္တဇရောဂါကို ကုသဆေးဖြစ်တဲ့ (Olanzapine)နဲ့ ပြောင်းလဲကုသပေးရတယ်။ ရောဂါသိသိသာသာ သက်သာလာလို့ တိုနီက ရုံးလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်လာနိုင်တယ်။ ဆေးလိပ်သောက်တဲ့ အကျင့်ကတော့ မပျောက်သေးပါဘူး။ ဆေးလိပ်(နီကိုတင်း)အာနိသင်ကြောင့် သွေးထဲမှာ Olanzapine ဆေးအချိန်အတွယ်ပမာဏ ကျဆင်းသွားတာ တွေ့ရှိရပါတယ်။ ရောဂါအတက်အကျ များလာလို့ ဆေးအချိန်အတွယ် တိုးပေးနေရတယ်။ တိုနီကို ဆေးလိပ်ဖြတ်ဖို့ အကြံပေးတိုက်တွန်းပါတယ်။

“ပြောသလောက် မလွယ်ပါဘူးဒေါက်တာ” လို့ တိုနီက ဆင်ခြေတက်ပါတယ်။

“တိုနီက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားဖူးသလား”

“စမ်းကြည့်ဖူးပါတယ် ဒေါက်တာ။ ဆေးလိပ်ဖြတ်လိုက်ရင် စိတ်ဂနာမငြိမ်တာတွေ ပိုပြီးများလာတယ်။ ကျွန်တော့်စိတ်ရောဂါက ပိုပြီး ဆိုးရွားလာသလိုပဲ”

“ဆေးလိပ်ဖြတ်လိုက်လို့ စိတ္တဇရောဂါ ဆိုးရွားလာတာတော့ မဖြစ်နိုင်ပါဘူး။ ဆေးလိပ်ပြတ်လက္ခဏာ (Nicotine Withdrawal Symtom)နဲ့ စိတ်ရောဂါလက္ခဏာကို လွဲမှားထင်မှတ်နေတာ ဖြစ်ပါလိမ့်မယ်။”

“ဆေးလိပ်ဖြတ်ချင်စိတ် အားသန်လာအောင် (Motivation) ရှိလာအောင် လေ့ကျင့်နိုင်တယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အကြိမ်ကြိမ် စဉ်းစားရမယ်။ ဆင်ခြင်သုံးသပ်ရမယ်။ ဥပမာ-” . . .

“ဆေးလိပ်ပြတ် လက္ခဏာတွေက စိတ္တဇရောဂါ (Psychosis) လက္ခဏာနဲ့ ဆင်တူလို့လား”

“ဆေးလိပ်ပြတ်လက္ခဏာတွေက စိတ်ညစ်ညူးခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ အာရုံစူးစိုက်နိုင်မှု ချို့ယွင်းခြင်း စတာတွေဖြစ်တယ်။ ဒါကြောင့် စိတ်ရောဂါ ပြန် ‘ထ’ လာတယ်လို့ တိုနီအထင်မှားတာ ဖြစ်လိမ့်မယ်”

တိုနီက သူ့အတွေ့အကြုံကို ဆက်လက်ပြောပြတယ်။

“ဆေးလိပ်ဖြတ်လိုက်ပြီး ၆ နာရီလောက်ကြာတော့ ဒေါက်တာပြောတဲ့ လက္ခဏာတွေ ပေါ်လာပါတယ်။ နောက်တစ်နေ့မှာ ပိုပြီးဆိုးရွားလာတယ်။ ဒါကြောင့် ကျွန်တော်ဒဏ်မခံနိုင်ဘူး။ ဆေးလိပ်ပြန်သောက်လိုက်မှ သက်သာသွားပါတယ်”

“အဲဒါ ဆေးလိပ်တောင့်တစိတ် (Craving) ဖြစ်တယ်။ ဆေးလိပ်ဖြတ်ပြီး ရက်သတ္တပတ် ၃ ပတ်အထိ ဆေးလိပ်တောင့်တစိတ် ပြင်းထန်နေတတ်ပါတယ်။ ဆေးလိပ်ပြတ်လက္ခဏာနဲ့ ဆေးလိပ်တောင့်တစိတ်ကို လျော့နည်းစေတဲ့ ဆေးတွေရှိပါတယ်”

“ကျွန်တော် ကြိုးစားကြည့်မယ်လေ”

စာရေးသူက နီကိုတင်းအစားထိုးကုထုံး (Nicotine Replacement Therapy) အကြောင်းကို ရှင်းပြပါတယ်။

“နီကိုတင်းအစားထိုးကုထုံး (NRT)ကို အသုံးပြုရင် ဆေးလိပ်ပြတ်လက္ခဏာနဲ့ ဆေးလိပ်သောက်ချင်စိတ် (Craving)ကို လျော့နည်းစေပါတယ်။ နီကိုတင်းဓာတ်ပါရှိတဲ့ အရေပြားကပ်ပလာစတာ (Patch)၊ ချွင်းဂမ်း(ပီကေ)(Gum)၊ အာခေါင်မှုတ်ဖြန်းဆေး (Spray)၊ ပူရှိန်းပြား (Lozenge)နဲ့ နီကိုတင်းဆေးလုံးတွေကို အသုံးပြုနိုင်တယ်။ ဆေးလိပ်ဖြတ်တဲ့ နေ့ကစပြီး နေ့စဉ်သုံးစွဲရမယ်။ (၂) လမှ (၃) လအထိ သုံးစွဲရတယ်။ NRT ကုထုံးက ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ အာနိသင် ထိရောက်ပါတယ်။

နီကိုတင်းဓာတ် မပါရှိတဲ့ ဆေးလိပ်ဖြတ်ဆေးလည်း ရှိတယ်။ Bupropion (Zyban) နဲ့ Varenicline တို့ ဖြစ်ပါတယ်။ အဲဒီဆေးတွေက (က) ဆေးဖြတ်လက္ခဏာတွေကို လျော့နည်းစေတယ်။ (ခ) ဆေးလိပ်သောက်လိုက်ရင်လည်း အရင်ကလို ဆေးလိပ်သောက်ရတဲ့ အရသာမျိုး မခံစားရဘူး။ ဒါကြောင့် ဆေးလိပ်ပြန်လည်သောက်ချင်စိတ်ကို ထိန်းချုပ်ပေးတယ်။ ဒီဆေးလုံးတွေကို အသုံးပြုမယ်ဆိုရင် ဆေးလိပ်မဖြတ်ခင် တစ်ပတ်ကြိုတင်ပြီး စတင်ဆေးသောက်ထားရတယ်။ ၃ လအထိ ဆက်တိုက်သောက်သုံးဖို့ လိုအပ်ပါတယ်”

တိုနီက ဆေးလိပ်ဖြတ်ဆေး သောက်ရမှာကို ဝန်လေးနေပုံရတယ်။

“ဒေါက်တာပေးတဲ့ စိတ္တဇရောဂါကုသဆေးလည်း သောက်နေရတယ်။ စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ နည်းမရှိဘူးလား”

“ရှိပါတယ်။ ဆေးလိပ်ဖြတ်နိုင်ဖို့ အသုံးပြုတဲ့ စိတ်ကုထုံးနည်းပရိယာယ်တချို့ကို ရှင်းပြပါမယ်။

(၁) ဆေးလိပ်ဖြတ်ချင်စိတ် အားသန်လာအောင် (Motivation) ရှိလာအောင် လေ့ကျင့်နိုင်တယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အကြိမ်ကြိမ် စဉ်းစားရမယ်။ ဆင်ခြင်သုံးသပ်ရမယ်။ ဥပမာ-ဆေးလိပ်သောက်လို့ အကုန်အကျများတာ၊ ရောဂါအမျိုးမျိုး ရရှိလာနိုင်တာ၊ အသက်တိုနိုင်တာ စတဲ့ ဆိုးကျိုးတွေကို နေ့စဉ်ရေရွတ်ပြီး သတိပေးရမယ်။ အဲဒီလိုလေ့ကျင့်ရင် ဆေးလိပ်သောက်ရမှာကို ကြောက်စိတ်ဝင်လာနိုင်တယ်။ နောက်ပြီး ဆေးလိပ်ဖြတ်လိုက်ရင် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။

(၂) ဆေးလိပ်သောက်ချင်စိတ် ပြင်းပြလာစေတဲ့ ပတ်ဝန်းကျင်လှုံ့ဆော်မှု (Triggers) တွေကို သတိပြုလေ့လာရမယ်။ ဥပမာ-မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့စကားပြောတဲ့အခါ ညစာစားပြီး အနားယူတဲ့အခါ၊ စိတ်ဖိစီးမှု ခံစားလာရတဲ့အခါ၊ ကော်ဖီ လက်ဖက်ရည် သောက်ပြီးတဲ့အခါ စတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရရင် ဆေးလိပ်သောက်ချင်စိတ် များပြားလာတတ်တယ်။ အဲဒီလို အချိန်အခါမှာ ဆေးလိပ်ဘက်ကို ဦးတည်မသွားအောင် လေ့ကျင့်ရမယ်။ ဆေးလိပ်ဘူးကို အိတ်ထဲမှာ ဆောင်မထားနဲ့၊ အိမ်ထဲမှာ ဆေးလိပ်သိုလှောင်မထားနဲ့။ ဆေးလိပ်သောက်တဲ့ အပြုအမူအစား တခြားအပြုအမူ တစ်ခုခုနဲ့ အစားထိုး လေ့ကျင့်နိုင်ပါတယ်။

(၃) ဆေးလိပ်သောက်ချင်စိတ် ဖြစ်ပေါ်လာတဲ့အခါ လေ့ကျင့်နိုင်တဲ့ နည်းတစ်မျိုးကတော့ “သတိ ပဋ္ဌာန်လေ့ကျင့်ခန်း”( Mindfullness Exercise) ဖြစ်ပါတယ်။ ဆေးလိပ်သောက်ချင်စိတ် ဖြစ်ပေါ်လာရင် ဆေးလိပ်သောက်တဲ့ အပြုအမူကို မလုပ်ဘဲ ဆေးလိပ်သောက်ချင်နေတဲ့ စိတ်ကိုသာ အာရုံပြုထား၊ ဆေးလိပ်တောင့်တနေတဲ့ ဆန္ဒဇောကို အရှိအတိုင်း သိတယ်လို့ သတ်မှတ်လိုက်။ ဆေးလိပ်တောင့်တလို့ ဖြစ်ပေါ်လာတဲ့ “ခံစားရမှု”(ခန္ဓာကိုယ်လက္ခဏာ)တွေကို သုံးသပ်ကြည့်၊ အာရုံစိုက်ပြီး ခံစားကြည့်၊ အဲဒီလိုလေ့ကျင့်ရင် ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်သောက်ချင်တဲ့ စိတ်ဆန္ဒက အလိုအလျောက် အရှိန်ကျသွားလိမ့်မယ်”

တိုနီက ဇဝေဇဝါအမူအရာနဲ့ မေးမြန်းတယ်။

“အဲဒီလိုလေ့ကျင့်နိုင်ဖို့ ဒေါက်တာတို့က သင်ကြားပြသပေးမှာလား”

“အခုပြောခဲ့တဲ့ နည်းတွေက စိတ်ကုထုံးမှာ အသုံးပြုတဲ့ နည်းပရိယာယ်တွေ ဖြစ်ပါတယ်။ အစပိုင်းမှာ လေ့ကျင့်ဖို့ အခက်အခဲရှိရင် ကျွန်တော်တို့ ကူညီနိုင်ပါတယ်။ ပညာပေးစာအုပ်ကလေး (Pamphlet) ကိုလည်း ပေးလိုက်မယ်။ နားလည်အောင်ဖတ်ပြီး ကိုယ်တိုင်လေ့ကျင့်ကြည့်ပေါ့။ တိုနီ ဆေးလိပ်ဖြတ်ဖို့ သဘောတူရင် NRT ကို စတင်အသုံးပြုနိုင်တယ်။ စိတ်ကုထုံးနဲ့ တွဲဖက်ပြီး ကြိုးစားကုရင် ဆေးလိပ်ပြတ်ဖို့ အလားအလာ များပါတယ်”

“တစ်ကြိမ်ထပ်ပြီး ကြိုးစားကြည့်မယ်လေ”

“ဆေးလိပ်ဖြတ်နိုင်ဖို့ တိုနီခံစားနေရတဲ့ စိတ်ကစဉ့်ကလျားစိတ္တဇရောဂါကို ကုသဖို့ ပိုမိုလွယ်ကူလာလိမ့်မယ်”

Most Popular

Healthy Life Ad
To Top