Healthy Life Ad
Health Tips

ကင်ဆာရှိနေသူများ ရှောင်သင့်သည့် အပြုအမူ ၁၀

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကင်ဆာရောဂါရှိတယ်လို့ သိလိုက်ရတဲ့အခါမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက အများကြီးပါ။

ကင်ဆာရောဂါရှာဖွေတွေ့ရှိမှု၊ ကုသမှု၊ ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးစတာတွေကြောင့် စိတ်ဖိစီးမှုကို ခံစားရနိုင်သလို ဘဝနေထိုင်မှုဆိုင်ရာ အရည်အသွေးတွေလည်း လျော့ကျနိုင်ပါတယ်။

ဒီလို ခက်ခဲနေတဲ့အခြေအနေမှာ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကင်ဆာရောဂါရှိသူတွေ ရှောင်ရှားသင့်တဲ့ အပြုအမူတွေကို ရေးသားလိုက်ရပါတယ်။

(၁) တစ်ဦးတည်းဆိုသော ခံစားချက် ထားရှိခြင်း
ကင်ဆာရှိတယ်လို့ သိလိုက်ရတဲ့အခါ ကိုယ်တစ်ယောက်တည်း ရောဂါဖြစ်နေတယ်ဆိုတဲ့ ခံစား ချက်ကအရင်ဆုံးဝင်လာတတ်ပါတယ်။ အဲဒီအတွေး က စိတ်အားငယ်မှုကိုဖြစ်စေတဲ့အတွက် သင့်အနားမှာ အားပေးထောက်ကူနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေရဲ့ ခွန်အားကို ရယူလိုက်ပါ။ ကင်ဆာဖြစ်ပြီး ရောဂါပျောက်ကင်းသွားသူတွေနဲ့ တွေ့ဆုံပါ။ ဒါဆိုရင် ကိုယ်တစ်ယောက်တည်း ကင် ဆာဖြစ်နေတယ်ဆိုတဲ့ အားငယ်ဝမ်းနည်းတဲ့ ခံစားချက် လျော့ပါးသွားပါလိမ့်မယ်။

(၂) မိတ်ဆွေသူငယ်ချင်းများထံမှ အကြံပေးချက် မှန်သမျှ လက်ခံခြင်း
မိတ်ဆွေသူငယ်ချင်းဆိုတာ သင့်ကျန်းမာရေးအတွက် အထောက်အပံ့ကောင်း တစ်ခုပါ။ ဒါပေမဲ့ သူတို့ဆီက ကျန်းမာရေးအကြံပေးချက်တွေကို မလိုက်နာခင် နှစ်ကြိမ် ပြန်စဉ်းစားစေချင်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကျန်းမာရေးအကြံပေးချက်တွေက သူတို့ဆွေမျိုးမိတ်ဆွေတွေရဲ့ ကုသမှုဆိုင်ရာ ဆေးမြီးတိုတွေပေါ်မှာ အခြေခံတာများတတ်ပါတယ်။ စနစ်တကျ သုတေသနလုပ်ပြီး လေ့လာထားတဲ့ ကုသနည်းတွေ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါကြောင့် ချင့်ချိန်စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။

(၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်မှုကို ရပ်ပစ်ခြင်း
ကင်ဆာကုသမှုခံယူနေစဉ် အာဟာရကောင်းကောင်းစားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ အာဟာရ ပြည့်ဝတဲ့ အစားအသောက်စားတာဟာ ကင်ဆာကြောင့် နုန်းချိညောင်းညာပင်ပန်းမှုကို တွန်းလှန်ပေးကာ ခွဲစိတ်ကုသမှု ခံယူပြီးချိန်မှာလည်း အနာကျက်မြန်စေပါတယ်။ ကုသမှုကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုကိုလည်း တွန်းလှန်နိုင်သလို ကိုယ်အလေးချိန်ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ ကင်ဆာကုသမှုခံယူနေစဉ်အတွင်း အာဟာရကောင်းကောင်း မှီဝဲတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဖိစီးမှုကိုလည်း ခံနိုင်ရည်ရှိလာပါတယ်။ ဒါကြောင့် အဆင်သင့်အစာတွေမစားဘဲ မျှတတဲ့ အစားအသောက်တွေကိုစားပေးပါ။ ဒါ့အပြင် သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်တွေကိုလည်းများများစားပေးသင့်ပါတယ်။

(၄) ဘာကြောင့်ဖြစ်ရတာလဲဟု အကြိမ်ကြိမ်မေးခွန်းထုတ်ခြင်း
ကင်ဆာဖြစ်ကြောင်း သိလိုက်ရတဲ့အခါ “ငါ့ကျ မှ ဘာကြောင့် ဒီရောဂါဖြစ်ရတာလဲ”ဆိုတဲ့ မေးခွန်း တွေနဲ့ ကိုယ်ကိုယ်ကိုယ် မနှိပ်စက်ချင်ပါနဲ့။ သင့်မှာ ကင်ဆာမျိုးရိုးမရှိဘဲ၊ ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်နိုင်တဲ့ အကြောင်းရင်းမရှိဘဲ ဘာကြောင့်များ ကင်ဆာဖြစ်ရတာလဲလို့ ဝမ်းနည်းပက်လက်ဖြစ်နေရင် ပိုပြီး စိတ်အားငယ်ရတတ်ပါတယ်။ ဒါကြောင့် ကင်ဆာကို ဘယ်လိုအောင်အောင်မြင်မြင်ကုသပြီး ဘယ် လိုကျော်ဖြတ်ရမလဲဆိုတာကိုပဲ တွေးပါ။

(၅) အခြားသူထံမှ အကူအညီကို ရှောင်လွှဲခြင်း
ကင်ဆာကုသနေတဲ့အခါ တစ်နေ့တာဘဝမှာ တစ်ဦးတည်းရပ်တည်နိုင်ဖို့တော့ ခက်ခဲသွားပါတယ်။ အလုပ်၊ မိသားစုနဲ့ အိမ်မှုကိစ္စတွေကို ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ဖို့ခက်ခဲလာတာကြောင့် အကူအညီ တောင်းဖို့လိုအပ်လာပါတယ်။ ကင်ဆာလူနာ အများစုက တခြားသူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ် စေလိုတာကြောင့် တခြားသူတွေကို အကူအညီတောင်းဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ တခြားသူတွေရဲ့ ကူညီမှုကြောင့် သင့်တစ်နေ့တာဘဝက ပိုမိုအဆင်ပြေလာပါလိမ့်မယ်။

(၆) ဆေးလိပ်ကို ဆက်သောက်ခြင်း
သင်က ဆေးလိပ်သောက်နေတဲ့ ကင်ဆာဝေဒနာရှင်ဖြစ်ရင် ဆေးလိပ်ဖြတ်ဖို့ နောက်မကျသေးပါဘူး။ ၂၀၁၂ လေ့လာမှုတစ်ရပ်အရ ကင်ဆာရှိမှန်းသိတာတောင် ကင်ဆာလူနာအများစုက ဆေးလိပ်ဆက်သောက်နေကြတယ်လို့ သိရပါတယ်။ ကုသမှုအတွင်းဆေးလိပ်သောက်တဲ့အတွက် ကုသမှုရဲ့ဆေးစွမ်းကို လျော့ကျစေပြီး ခွဲစိတ်ပြီး အနာကျက်နှုန်းနှေးစေကာ ဗိုက်အောင့်တာလို ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေနိုင်ပါတယ်။

(၇) ကုသမှုနှင့်ပတ်သက်ပြီး မေးခွန်းမေးရန်ကြောက်ရွံ့ခြင်း
မေးခွန်းတွေမေးတာ၊ သင့်ထင်မြင်ချက်ကို ပြောပြတာတွေက သင့်ရောဂါနဲ့ ကုသမှုနဲ့ပတ်သက်ပြီး ပိုမိုနားလည်မှု ရှိစေတဲ့ နည်းပါ။ ကင်ဆာရှိတဲ့ တချို့လူနာတွေဟာ မေးခွန်းမေးရမှာကို ကြောက်ရွံ့နေတတ်ကြပါတယ်။ တကယ်တော့ သင့်မှာ ကင်ဆာရောဂါရှိနေရင် ဆရာဝန်နဲ့ မိတ်ဆွေလို ဆွေးနွေးပြောဆိုရပါမယ်။

(၈) အိမ်ထောင်ဖက်နှင့် ချစ်ခင်စွာနေထိုင်မှုမရှိခြင်း
အိမ်ထောင်ဖက်ရဲ့ယုယနှစ်သိမ့်မှုနဲ့ စောင့်ရှောက်မှုတွေကြောင့် ကုသမှုမှာ တိုးတက်မှုများစွာရှိနိုင်ပါတယ်။ ဒီလို မေတ္တာတရားရရှိတာကြောင့် လူနာအနေနဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားစိတ်ပိုရှိလာပြီး ရောဂါဝေဒနာကို ရင်ဆိုင်ကျော်လွှားနိုင်စိတ်ပိုများစေပါတယ်။

(၉) ဒုတိယအကြံဉာဏ်ကို မရယူခြင်း
ဘယ်ကျန်းမာရေးအခြေအနေပဲဖြစ်ဖြစ် ဒုတိယအကြံဉာဏ်ကို ရယူသင့်ပါတယ်။ ဒီလိုရယူတာကြောင့် ကုသမှုရလဒ်ကို သိသိသာသာ ပြောင်းလဲတိုးတက်သွားစေနိုင်လို့ပါ။

(၁၀) မျှော်လင့်ချက်မရှိတော့ ဆိုသည့် အတွေးတွေးခြင်း
ကင်ဆာရောဂါကို ရင်ဆိုင်နေရချိန်မှာ တစ်ခါတစ်ရံ မျှော်လင့်ချက်ကို စွန့်ပစ်လိုက်မိတာမျိုး ဖြစ်တတ်ပါတယ်။ ဒီနေရာမှာ အကောင်းမြင်တဲ့ သဘောထားရှိတာက အရေးကြီးပါတယ်။ အကောင်းမြင်စိတ်ကြောင့် ကုသမှုရဲ့ရလဒ်ကို ပိုကောင်းမွန်လာစေပြီး ကင်ဆာကို ရင်ဆိုင်ကျော်လွှားနေခိုက်မှာ စိတ်ဖိစီးမှုကို ကောင်းကောင်းထိန်းချုပ်နိုင်သွားပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top