Healthy Life Ad
Life Style

ကြက်ဖ မတွန်ပေမယ့်လည်း မိုးလင်းပါတယ် . . . (၁)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

နေ့စဉ် ကုနေရတဲ့ လူနာတွေတော်တော်များ များမေးနေကျ မေးခွန်းတစ်ခုရှိပါတယ်။

“ဆရာမ . . လူနာကို ငှက်သိုက် ကျွေးလို့ရလား” ဆိုတဲ့ မေးခွန်းလေးပါပဲ။

တခြားဆရာဝန်တွေကိုလည်း ဒီအတိုင်းပဲ မေးကြမှာပါ။ သူတို့တွေ ဘယ်လို ဖြေကြားကြသလဲတော့ မသိပါဘူး။ ကျွန်မတို့လည်း အတိအကျ အဖြေမပေးတတ်ပါ။ အားပေးသင့်၊ မပေးသင့် စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒီငှက်သိုက်ဗေဒပညာကို ဆေးကျောင်းတက်စဉ်ကလည်း မသင်ကြားခဲ့ရပါဘူး။ အခု Evidence based medicine လို့ ခေါ်တဲ့ အထောက်အထား ခိုင်မာတဲ့ဆေးကုထုံးတွေထဲမှာလည်း မပါသေးပါဘူး။ လေ့လာနေကြဆဲဖြစ်ပါတယ်။ မိမိ သေချာစွာမသိတဲ့ ဘာသာရပ် ဖြစ်နေပါသေးတယ်။ ဒါကြောင့် တိကျတဲ့အဖြေမပေးတတ်ပါဘူး။ တချို့က လည်း ငှက်သိုက်က သကြားပါလို့ ဆီးချိုသွေးချိုတက်မှာ စိုးရိမ်ပြီး မေးတာဖြစ်ပါတယ်။ ငှက်သိုက် လေးတစ်ဘူးမှာပါတဲ့ သကြားဓာတ်က မပြောပလောက်ပါဘူး။ ဒါပေမဲ့ အများကြီးသောက်ရင်တော့ တက်နိုင်ပါတယ်။ ဆီးချိုတက်မှာ စိုးရိမ်ပေမယ့် သောက်ကြတာပါပဲ။ ဆီးချိုရောဂါအတွက်ကော ဘာကောင်းတာရှိသလဲ၊ ဘာဆိုးကျိုးတွေ ဖြစ်နိုင်သလဲ။

လူနာတွေ ဆေးရုံတက်လာရင် ဆွေမျိုး မိတ်ဆွေတွေ လူနာမေးဖို့ ရောက်လာတိုင်း ငှက်သိုက်နဲ့ ကြက်ပေါင်းရည်က ပါစမြဲပါပဲ။ ဆေးကုမ္ပဏီတွေရဲ့ ပရိုမိုးရှင်းကပဲ သိပ်တော်လို့လားမသိ၊ ငှက်သိုက်က အရမ်း ခေတ်စားနေပါတယ်။

တခြားပေးစရာတွေဖြစ်တဲ့ မုန့်ပုံးနဲ့ ဖျော်ရည် တွေကလည်း နေမကောင်းတဲ့ လူနာက မတည့်တော့ မစားကြပါဘူး။ ဒါကြောင့်လည်း ခေတ်စားနေတဲ့ ငှက်သိုက်ကို လက်ဆောင်ပေးကြတာပါ။ လက်ဆောင် ရထားတော့ မဝယ်ရဘဲ လာပေးထားလို့ အလွယ်တကူ သောက်နေကြတာလည်း ပါပါတယ်။ ပုဂ္ဂလိက ဆေးရုံတစ်ခုက အတွင်းလူနာတွေကို လှည့်လည်ပြီးကြည့်တုန်း လူနာတစ်ဦးချင်းစီကို လိုက်မေးကြည့်တဲ့အခါ ငှက်သိုက်ကို သောက်နေကြတာ ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။
“ငှက်သိုက် သောက်နေလား”လို့ မေးကြည့်တဲ့ အခါ “ဟုတ်ကဲ့၊ သောက်နေပါတယ်”လို့ ဖြေတာ ရှိသလို “သောက်ရမလား ဆရာမ၊ ဝယ်လိုက်မယ် လေ”ဆိုပြီး သောက်ဖို့ ရည်မှန်းထားသူတွေလည်း ရှိကြပါတယ်။

ငှက်သိုက်ဗေဒပညာကို ဆေးကျောင်းတက်စဉ်ကလည်း မသင်ကြားခဲ့ရပါဘူး။ အခု Evidence based medicine လို့ ခေါ်တဲ့ အထောက်အထား ခိုင်မာတဲ့ ဆေးကုထုံးတွေထဲမှာလည်း မပါသေးပါဘူး။ လေ့လာ နေကြဆဲဖြစ်ပါတယ်။ မိမိ သေချာစွာမသိတဲ့ ဘာသာရပ် ဖြစ်နေပါသေးတယ်။ ဒါကြောင့် တိကျတဲ့အဖြေ မပေး တတ်ပါဘူး . . .

ဒါနဲ့ ငှက်သိုက်တစ်ဘူး ဘယ်လောက် ပေးရသလဲလို့ မေးကြည့်တော့ ၄၀ဝ၀ ကျပ်မှ ၅၀ဝ၀ ကျပ်လောက် ကုန်ကျတယ်လို့ အကြမ်းဖျင်း သိရပါတယ်။ တချို့ ပိုစစ်တာမျိုးဆိုရင် တစ်သောင်းကျပ်အထိပေး ရတယ်လို့လည်း ပြောကြပါတယ်။

ကုန်ကျမှုနဲ့ အကျိုးရှိမှု ကိုက်ညီရဲ့လား။ cost-benefit ဖြစ်ရဲ့လား။ ငွေကြေးချမ်းသာသူတွေအဖို့ ပိုကုန်တာ အရေးမကြီးပေမယ့် မလုံလောက်သူတွေ အဖို့ကုန်ကျမှုဝန်ထုပ်က ပိုပြီးကြီးလေးလာမှာ ဖြစ်ပါတယ်။ သောက်သင့်၊ မသောက်သင့်ဆိုတဲ့ အဖြေကို ဘယ်လို ပေးသင့်လဲဆိုတာ ဆက်ပြီး ဆွေးနွေးလိုပါတယ်။

ငှက်သိုက်ဆိုတာ ဘာလဲ၊ ဆေးလား၊ ဖြည့်စွက်စာလား၊ ဓာတ်စာလား၊ ဆေးဖက်ဝင်ရင်လည်း ဘယ် လိုဆေးအာနိသင်တွေရှိသလဲ၊ ဘယ်လို အာဟာရ တွေပါဝင်နေသလဲ၊ တကယ် ဆေးစွမ်းတစ်လက်ဖြစ် ကြောင်း အထောက်အထား ခိုင်မာစွာ ပြုလုပ်ထားတဲ့ သုတေသနတွေကော ရှိရဲ့လား။

ဘယ်ဆေးကိုပဲဖြစ်ဖြစ်၊ ဆေးဖက်ဝင်ဓာတ်စာကိုပဲဖြစ်ဖြစ် အကျိုးရှိစွာ အသုံးပြုမယ်ဆိုရင် စဉ်းစားရမယ့် အရေးကြီးဆုံးအချက်တွေကတော့ သတ် မှတ်ထားတဲ့ ရောဂါဝေဒနာတွေအတွက်-

(၁) effectiveness – ထိရောက်မှု ရှိရမယ်၊ ထိရောက်မှုရှိကြောင်းကိုလည်း ခိုင်မာတဲ့ အထောက်အထားတွေ ရှိရမယ်။

(၂) safety – လုံခြုံစိတ်ချရမယ်၊ ဒါမှမဟုတ် ဘေး ထွက်ဆိုးကျိုး နည်းရမယ်။
(၃) cost-benefit – ကုန်ကျတာနဲ့ ရရှိမယ့် အကျိုးကျေးဇူး ထိုက်တန်ရမယ်။

ဒီလို အချက်တွေ ပြည့်စုံမယ်ဆိုရင် သုံးဖို့သင့်ပါတယ်။

ဆေးတစ်ခုကို ကောင်းတယ်၊ ထိရောက်တယ်၊ ဘာဆိုးကျိုးမှ မရှိဘူးလို့ ပြောနိုင်ဖို့ ခိုင်မာပြီး စနစ်ကျတဲ့ သုတေသန ပြုလုပ်ထားတာ ဖြစ်ရပါမယ်။ Level of evidence လို့ ခေါ်တဲ့ သုတေသနရဲ့ အထောက်အထား အဆင့်အတန်းကိုကြည့်ရင် ခိုင်မာတယ်၊ မခိုင်မာဘူးဆိုတာ သိရှိနိုင်ပါတယ်။ သုတေသနပြုလုပ် ရာမှာ ဘယ်လို နည်းစနစ်တွေ သုံးထားသလဲ ဆိုတဲ့ အချက်ကလည်း အရေးကြီးပါတယ်။ Sampling ဆိုတဲ့ သုတေသနမှာ ပါဝင်မယ့်သူတွေကို မှန်ကန် အောင်ရွေးချယ်ကာ အနှောင့်အယှက်ပေးနိုင်ပြီး မှားယွင်းသွားနိုင်တဲ့ အရာ (Confounding factors)ေတွကိုပြန်ပယ်ထုတ်ပြီးစစ်မှသာ မှန်ကန်တဲ့အဖြေကိုရပါမယ်။ တကယ်လို့ နေကောင်းပြီးသား လူအများစုကိုပဲ ရွေးချယ်ပြီး ဒီဆေးသောက်လို့ ပိုကျန်းမာကြောင်း၊ အသက်ရှည်ကြောင်း အထောက် အထားရှာမယ်ဆိုရင် ဒီဆေးမသောက်ဘဲနေတဲ့ လူအများကြီးကိုလည်း နှိုင်းယှဉ်ပြီးလေ့လာရပါမယ်။ အချိန်အကြာကြီးပေးပြီး စောင့်ကြည့်ရမယ်၊ လေ့လာရမယ်၊ အသက်ရှည်တာ/တိုတာ၊ ရောဂါတွေ ဖြစ်တာ/မဖြစ်တာကလည်း တခြားအကြောင်း အမျိုးမျိုးရှိကြပါတယ်။ ငှက်သိုက်ကိုလည်း ဒီလောက် အကြာကြီးနှိုင်းယှဉ်ပြီး မလေ့လာထားပါဘူး။

– ဆက်လက်ဖော်ပြပါမည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top