Healthy Life Ad
Life Style

ဆွိဝတ်ရည်သောင်း(ချစ်ပိုး)၏ ကျန်းမာလှပ လူမှုဘဝ

– အသားအရေလှပအောင် ဘယ်လိုထိန်းသိမ်းဖြစ်သလဲ။
ညီမကအသားအရေကို လှပအောင် Lotion တွေအများကြီးလိမ်းတာထက်စာရင် ကိုယ့်အသားအရေပျက်စီးမယ့် ထိခိုက်မှုတွေကို ကာကွယ်လိုက်တယ်။ နေပူထဲထွက်ရင် လက်ရှည်ဝတ်တာတို့၊ နောက်ပြီးတော့ ကမ်းခြေသွားရင် UV ကာကွယ်တဲ့ ခရင်မ်လိမ်းတာတို ့မိတ်ကပ်တွေကို Remover နဲ့ ဖျက်တာတို့၊ အဓိက ကတော့ Skin Care ပိုပြီး လုပ်ဖြစ်တာများတယ်။ ဆိုင်မှာသွားပြီး ပေါင်းတင်တာတို့ဘာတို့ တကူးတက သိပ်မလုပ်ဖြစ်ဘူး။

– အလှကုန်တွေကို ဘယ်လိုရွေးချယ်သုံးဖြစ်လဲ။
အဓိကအားဖြင့် ညီမအသားအရေက အသားခြောက်တယ်။ အသားခြောက်တဲ့အတွက်ကြောင့် အစိုဓာတ်ပါတဲ့ ရေဓာတ်ပါတဲ့ အလှကုန်တွေကို ပိုပြီးသုံးဖြစ်တယ်။ အဆီပြန်တတ်တာကိုတော့ ရှောင်ဖြစ်တယ်။ ကျန်တဲ့ဟာတွေတော့ အဆင်ပြေသလိုသုံးဖြစ်တယ်။ SK II တို့ Lanocare တို့ သုံးဖြစ်တယ်။

– ညီမအသားအရေအတွက်ရော သဘာဝနည်းလမ်းလေးတွေနဲ့ ထိန်းသိမ်းဖြစ်တာမျိုးရှိလား။
လုပ်ဖြစ်ပါတယ်။ အိမ်မှာ နွားနို့နဲ့ ပေါင်းတင်တာ၊ သခွားသီးကပ်တာ၊ ဂျုံ၊ ကြက်ဥ၊ သခွားသီးတို့နဲ့ ပေါင်းတင်ဖြစ်တာလေးတွေ ရှိပါတယ်။

– ဆံပင်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုးထိန်းသိမ်းဖြစ်လဲ။
အရင်တုန်းက ဆံပင်ဆိုးရတာအရမ်းကြိုက်တယ်။ ဆံပင်ကို အမျိုးမျိုးလုပ်ရတာ အရမ်းကြိုက်တယ်။ အရင်တုန်းကတော့ အရှည်ကြီး။ ကလေးတုန်းက ကျောင်းတက်ကတည်းက ဆံပင်ဆိုးရတာ ကြိုက်တယ်။ ခဏခဏ ဆံပင်အရောင်ပြောင်းတဲ့ အခါကျတော့ နောက်ပိုင်းဆံပင်တွေက ကျွတ်လာတယ်။ အခု ဆံပင်ကိုညှပ်ပစ်ရတယ်၊ နှမြောလည်း နှမြောတယ်။ အခုဆိုရင် ဆံပင်မဆိုးဖြစ်တော့ဘူး။ ဘာမှမလုပ်ဖြစ်တော့ဘဲ ဒီအတိုင်းပဲထားထားတယ်။ အခုတော့ ရှားစောင်းလက်ပပ်အနှစ်ကို ခေါင်းမလျှော်ခင်လိမ်းတယ်။ နောက်မှ ခေါင်းလျှော်တယ်။ အဲဒီလိုလုပ်တာ တကယ်လည်းအကျိုးရှိတယ်။ ဆံပင်ပြန်မွေးနေတာပေါ့။

– သီချင်းဆိုဖြစ်နေတော့ အသံနဲ့ပတ်သက်ပြီး ဘယ်လိုထိန်းသိမ်းဖြစ်လဲ။
အသံအတွက်ကတော့ ပွဲရှိမယ့်နေ့ဆိုရင် အိပ်ရေးဝအောင်အိပ်တယ်။ အိပ်ရေးမဝရင် ဘယ်လိုမှ ဆိုလို့မရဘူး။ အဓိကကတော့ အသံနာစေမယ့်အရာတွေကို ရှောင်တယ်။ ရေခဲရေတို့၊ အအေးတို့ဆိုလည်းကြိုက်တယ်။ ပွဲနားနီးရင်တော့ ရှောင်ရတာပေါ့နော်။ အဓိကကတော့ နှာစေး၊ ချောင်းဆိုး မဖြစ်အောင် ဂရုစိုက်တယ်။

– အရင်က ညီမယောဂကျင့်တယ်လို့ သိရတယ်။ ယောဂကျင့်တာရဲ့ အကျိုးကျေးဇူးလေးတွေကိုလည်း ပြောပြပေးပါလား။
ယောဂကျင့်တာက တကယ်အကျိုးရှိပါတယ်။ အခုလတ်တလောတော့ မလုပ်ဖြစ်ဘူး။ ပြန်လုပ်ဖို့တော့ ကြိုးစားနေပါတယ်။ ကြည့်ရတာတော့ ဖြည်းဖြည်းသက်သာလုပ်သလို ထင်ရပေမယ့် အားအင်စိုက်ထုတ်ပြီး တကယ်ပင်ပန်းပါတယ်။ လုပ်ပြီးရင် အသက်ရှူချောင်သွားတယ်။ နေလို့ထိုင်လို့ ကောင်းသွားတယ်။ အသားအရေကလည်း ဘာမှလုပ်စရာမလိုအောင် စိုစိုပြည်ပြည်ဖြစ်နေတယ်။ လုပ်တဲ့အချိန်လေးပဲ ပင်ပန်းပြီး ကျန်တဲ့အချိန်ကျတော့ တကယ်ကို လန်းဆန်းသွားတယ်။ နေလို့လည်း အရမ်းကောင်းတယ်။

– ညီမက သီချင်းလည်းဆိုတယ်။ သရုပ်ဆောင်လည်းလုပ်တယ်၊ နောက်ပြီး စီးပွားရေးလည်း လုပ်နေတာဆိုတော့ ဖြစ်လာတဲ့ စိတ်ဖိစီးမှုကို ဘယ်လိုထိန်းချုပ်ဖြစ်သလဲ။
အဓိကကတော့ စိတ်ဖိစီးမှုတစ်ခုခုရှိရင် သီချင်းနားထောင်လိုက်တယ်။ တစ်ယောက်တည်း အေးအေးဆေးဆေး နေလိုက်တယ်။ စာအုပ်ဖတ်နေလိုက်တယ်ဆိုရင် စိတ်ညစ်ပြေသွားတာများပါတယ်။ လူအများကြီးရှိတဲ့နေရာ တွေမသွားဘူး။ အဓိကကတော့ ကိုယ်စိတ်ချမ်းသာတာလေးတွေ လုပ်လိုက်တယ်။

– မိသားစုထဲမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာတွေဖြစ်ဖူးသလဲ။ အဲ့ဒီအပေါ်မှာ ကိုယ့်ကျ ဘယ်လိုဆင်ခြင် နေထိုင်မယ်ဆိုတဲ့ စိတ်ကူးမျိုး ရှိသလား။
အဘိုးရဲ ့အစ်ကိုမှာတော့ ဆီးချိုရောဂါရှိတယ်။ ညီမတို့ငယ်ငယ်ကတည်းက သူက အချိုတွေအရမ်းစားတယ်။ ရေခဲချောင်းတို့၊ ရေခဲမုန့်တို့ဆိုရင် ရေခဲသေတ္တာထဲမှာ အပြည့်ထည့်စားတာ။ ခြေထောက်ဖြတ်လိုက်ရတယ်။ အဖေ့မှာလည်း ဆီးချိုရှိတယ်။ အဖေက အချိုကြိုက်တော့ အရမ်းဂရုစိုက်ရတယ်။ ညီမလည်း ဆီးချိုဖြစ်မှာ အရမ်းကြောက်တယ်။ နဂိုကတည်းက အချိုတော့ မကြိုက်ဘူး။ ဒါပေမဲ့လည်း ကိုယ့်ဘာကိုယ်လည်း ရှောင်ဖြစ်တာ များတယ်။

– Medical check-up တွေ ဘာတွေရော လုပ်ဖြစ်သေးလား။
Medical check-up တော့ လုပ်ဖြစ်တယ်။ ဒါပေမဲ့ ခဏခဏတော့ မလုပ်ဖြစ်ဘူး။ အမေတို့ဆေးခန်းသွားပြတဲ့ အခါမျိုးဆိုရင်တော့ စစ်ဖြစ်ပါတယ်။

– ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေထိုးဖြစ်လဲ။
ကာကွယ်ဆေးအစုံတော့ မထိုးဖြစ်ဘူး။ အသည်းရောင် ဘီပိုးကာကွယ်ဆေးတော့ ထိုးဖြစ်တယ်။

– ခရီးတွေသွားဖြစ်တဲ့အခါကျ ကျန်းမာရေးအတွက် ဘယ်လိုဆေးဝါးတွေ ယူဆောင်သွားဖြစ်လဲ။
အဓိကကတော့ တစ်နေရာသွားရင် နှာစေးတတ်၊ ကိုက်ခဲတတ်တဲ့အတွက် ပါရာစီတမော၊ Decogen နဲ့ Air-X ဆိုတဲ့ ဆေးလေးတွေ ဆောင်သွားဖြစ်တယ်။

– ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်လေး ပေးပေးပါဦး ညီမ။
ကျန်းမာရေးကတော့ တကယ်ကိုအရေးကြီးပါတယ်။ မကျန်းမာရင် လူတစ်ယောက်ဟာ ဘယ်လောက်ပဲတော်နေတော်နေ၊ ဘယ်လောက်ပဲ လုပ်ချင်တဲ့စိတ်ရှိနေပါစေ ဘာမှလုပ်လို့မရပါဘူး။ အဲဒါကြောင့် ကျန်းမာနေတုန်းမှာ ကျန်းမာရေးကိုဂရုစိုက်ကြပါ။ ကိုယ့်နားမှာရှိတဲ့သူတွေကိုလည်း ဂရုစိုက်ပါလို့ ပြောချင်ပါတယ်။ ပရိသတ်ကြီး ကျန်းမာချမ်းသာပါစေလို့လည်း ဆုတောင်းပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top