Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါ ကောင်းစွာ ထိန်းချုပ်ပါ

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ ဆိုတာ ဘာကို ခေါ်ပါသလဲ ဆရာ။
ဖြေ။ ။ ပန်ကရိယက ထွက်လာတဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်က အာနိသင်ပြည့်ဝစွာ အသုံးမပြု နိုင်တာကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါဖြစ်ပါတယ်။ အသက်အရွယ်ကြီးသူတွေမှာ အဖြစ်များပါတယ်။ ဆီးချိုသွေးချိုရောဂါရှင်တွေရဲ့ ၉၅ ရာခိုင်နှုန်းက အမျိုးအစား (၂) ဆီးချိုရောဂါ ခံစားနေရပါတယ်။

မေး။ ။ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်းကို သိပါရစေ ဆရာ။
ဖြေ။ ။ ဆီးချိုရောဂါက ကမ္ဘာနဲ့ အဝှမ်း ဖြစ်နှုန်းတွေ တိုးနေပါတယ်။ ဆရာတို့ မြန်မာနိုင်ငံမှာလည်း ဆီးချို ရောဂါဖြစ်နှုန်းတိုးပွားနေပါတယ်။ ၂၀ဝ၃-၂၀ဝ၄ စာရင်းဇယားအရ မြန်မာနိုင်ငံမှာ လူအယောက်တစ်ရာ မှာ ၆ ယောက်နှုန်း ဖြစ်ပွားနေပါတယ်။ အခုအခါ ကမ္ဘာပေါ်မှာ ဆီးချိုရောဂါရှိသူဦးရေ ၃၆၆ သန်းဝန်း ကျင်ရှိပါတယ်။ ၂၀၃၀ မှာ ၅၅၂ သန်းအထိ မြင့်တက်လာနိုင်ပါတယ်။ အသက် ၄၀ကနေ ၅၉ နှစ်အတွင်း ဆီးချိုရောဂါ ဖြစ်ပွားမှုက အများဆုံး ဖြစ်ပါတယ်။ ဆီးချိုရောဂါရှင်တွေရဲ့ ၅၀ ရာခိုင်နှုန်း (၁၈၃ သန်းခန့်)က သူတို့ မှာ ရောဂါရှိမှန်း မသိကြပါဘူး။ ၂၀၁၁ ခုနှစ်စာရင်း အရ ဆီးချိုရောဂါကြောင့် လူပေါင်း ၄ ဒသမ ၆ သန်း အသက်ဆုံးရှုံးခဲ့ပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါရှင်တွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ရောဂါရှိတယ်လို့ သိစကတည်းက နောက်ဆက်တွဲဆင့်ပွားရောဂါတွေ ရှိနေပြီး ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲ ဆင့်ပွားရောဂါတွေကို စော စောစီးစီးရှာဖွေ ကုသမှု ခံယူပေးမှသာ လူစဉ်မမီဖြစ် ရတာနဲ့ အချိန်မတိုင်ခင် သေဆုံးရတာတို့ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ် . . .

မေး။ ။ဘယ်သူတွေက ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ပါ သလဲ ဆရာ။
ဖြေ။ ။ ဆီးချိုသွေးချိုရောဂါဟာ မျိုးရိုးရှိသူတွေ၊ အဝလွန်ကဲသူတွေ၊ ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေ၊ သွေးတွင်း အဆီဓာတ်များသူတွေ၊ သွေးတိုးရောဂါ ရှိသူတွေနဲ့ အသက် ၄၀ ကျော်လာသူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတဲ့ ဘဝနေထိုင်မှု ပုံစံရှိတာ၊ အရင် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုသွေးချိုရောဂါ ရှိခဲ့ဖူးတာ၊ အရင်က ဆီးချိုသွေးချိုရောဂါ ကနဦးအဆင့်တွေ ရှိတယ်လို့ သတ်မှတ်ခံ ထားခဲ့ရတာတွေကြောင့်လည်း ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေမရှိတဲ့သူတွေကလည်း ဆီးချိုရောဂါ ဖြစ်နိုင်တာကို သတိပြုသင့်ပါတယ်။

မေး။ ။ ဆီးချိုသွေးချိုရောဂါ လက္ခဏာတွေကို သိပါရစေ ဆရာ။
ဖြေ။ ။ မကြာခဏ ဆီးသွားတာ၊ အာခြောက်ပြီး ရေငတ်လွန်းတာ၊ ခွန်အားမရှိသလို ဖြစ်ပြီး နုံးနယ်နေတာ၊ အမြဲ ဗိုက်ဆာနေတာ၊ ကိုယ်အလေးချိန် ရုတ်တရက် ကျသွားတာ၊ အမြင်အာရုံ ဝေ၀ါးတာ၊ ရောဂါပိုး မကြာခဏ ဝင်တာတို့ ဖြစ်ကြပါတယ်။

မေး။ ။ ဆီးချိုသွေးချိုရောဂါနဲ့ ပတ်သက်ပြီး သတိထားစရာ အချက်တွေ ရှိပါသလား ဆရာ။
ဖြေ။ ။ ဆီးချိုသွေးချိုရောဂါနဲ့ ပတ်သက်ပြီး သတိထားစရာ အချက် လေးချက် ရှိပါတယ်။

(၁) ဖြစ်နှုန်းများတာ၊

(၂) ကောင်းကောင်း မထိန်းချုပ်နိုင်ရင် ခန္ဓာကိုယ်ရဲ့ ကိုယ်အင်္ဂါအားလုံးနီးပါးကို ထိခိုက်ပျက်စီးစေတဲ့ အတွက် ရောဂါဝေဒနာ ခံစားရတာ၊

(၃) ဆီးချို ထိန်းချုပ်မှု မကောင်းရင် သေဆုံးမှုနှုန်း မြင့်မားတာနဲ့

(၄) ဆေးကုသစရိတ်စက ကြီးမားတာတို့ပဲ ဖြစ်ပါတယ်။

မေး။ ။ ဘယ်အခြေအနေဆိုရင် ဆီးချိုသွေးချို ရောဂါရှိတယ်လို့ သတ်မှတ်နိုင်ပါသလဲ ဆရာ။
ဖြေ။ ။ ည ၁၀ နာရီနောက်ပိုင်းကစပြီး အစာဖြတ်ပြီး မနက်စောစော စစ်တဲ့ သွေးတွင်း သကြားဓာတ်က 126 mg/dl နဲ့ အထက် ဒါမှမဟုတ် ကြုံကြိုက်သလို စစ်တဲ့ သွေးတွင်း သကြားဓာတ်က 200 mg/dl နဲ့ အထက်ဖြစ်ရင် ရောဂါရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။

မေး။ ။ ဆီးချိုသွေးချိုရောဂါကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်ပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုသွေးချိုရောဂါကို အစာအာဟာရနဲ့ ကုသတာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်တဲ့ နည်းနဲ့ ကုသတာ၊ သွေးချိုထိန်းတဲ့ သောက်ဆေးတွေနဲ့ ကုသတာနဲ့ အင်ဆူလင်ဟော်မုန်းဆေးထိုးပြီး ကုသတာ ဆိုပြီး နည်းလမ်းလေးသွယ်နဲ့ ကုသနိုင်ပါတယ်။

မေး။ ။ အစာအာဟာရနဲ့ ကုသတဲ့ နည်းကို ဖော်ပြပေးပါ ဆရာ။
ဖြေ။ ။ အချို၊ အဆီအအိမ့်တွေကို လျှော့စားရပါမယ်။ ပြည့်ဝဆီ (Saturated Fat) စားတာကို ရှောင်ကြဉ်ရ ပါမယ်။ ရေများများ သောက်ရပါမယ်။ အချိုရည်တွေ သောက်ပြီး ရေငတ်တာကိုမဖြေပါနဲ့။ အရက် အလွန် အကျွံသောက်တာကို ရှောင်ကြဉ်ရပါမယ်။ ကိုယ်အလေးချိန်ကို ရှိသင့်တာထက် မပိုလာအောင် ဂရုတ စိုက်ထိန်းသိမ်းပေးရပါမယ်။ ခန္ဓာကိုယ် အဝမလွန် အောင်ထိန်းရပါမယ်။ အဝလွန်ရင် လက်ရှိခန္ဓာကိုယ် အလေးချိန်ရဲ့ ၅-၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင် အောင်ကြိုးစားသင့်ပါတယ်။

မေး။ ။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တဲ့နည်းနဲ့ကုသနည်းကို သိပါရစေ ဆရာ။
ဖြေ။ ။ တစ်နေ့ကို မိနစ် ၃၀၊ တစ်ပတ်မှာ မိနစ် ၁၅၀ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးတာကြောင့် ဆီးချိုသွေးချို ရောဂါကို ၃၅-၄၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတိုင်းကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ကုထုံးတစ်ခုလို လုပ်သင့်ပါတယ်။ အဲဒီအခါ သွေးချိုထိန်းသိမ်းမှု ပိုကောင်းလာပါတယ်။ နှလုံး သွေးကြောရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။ ကိုယ်အလေးချိန်ကျစေပါတယ်။ ခန္ဓာကိုယ် ပေါ့ပါး လန်းဆန်းပြီး နေထိုင်လို့ကောင်းစေပါတယ်။အထိုင်များတာ၊ လှုပ်ရှားမှုနည်းတာကို ရှောင်ပါ။ မဝေးလွန်းတဲ့ ခရီးကို လမ်းလျှောက်သွားပါ။ မမြင့်လွန်းတဲ့ အထပ်တွေကို ခြေထောက်နဲ့ပဲ အတက် အဆင်းပြုလုပ်ပါ။အိမ်ရှင်မတွေအနေနဲ့ အိမ်အလုပ်ကိုတက်တက် ကြွကြွ လုပ်ကိုင်တာ၊ ခြံထဲမှာ ပေါင်းမြက်သုတ်သင် ရှင်းလင်းတာတို့ကို လုပ်ဆောင်ရင်း လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။သတိထားသင့်တဲ့ တခြားအချက်တစ်ခုက စိတ်ဖိစီးမှုများရင်လည်း ဆီးချိုတက်တတ်တဲ့အတွက် ပြုံးပြီး စိတ်ဖိစီးမှုလျော့နည်းအောင် ကြိုးစားပေးဖို့ ဖြစ်ပါတယ်။

မေး။ ။ ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်မှု မကောင်းခဲ့ရင် ဘယ်လိုနောက်ဆက်တွဲ ဆင့်ပွားရောဂါတွေ ဖြစ် တတ်ပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုသွေးချိုရောဂါထိန်းချုပ်မှု မကောင်းတာကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးတဲ့ ရောဂါ၊ မျက်စိ အာရုံခံလွှာရောဂါ၊ အာရုံကြောထိခိုက်တဲ့ ရောဂါ၊ ဦးနှောက် သွေးကြောပိတ်ပြီး လေဖြတ်တာ၊ နှလုံးသွေး ကြောရောဂါနဲ့ ရောဂါပိုး ဝင်လွယ်ပြီး အနာကျက်ခဲတာ စတဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်တတ်ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဆီးချိုရောဂါဟာမျက်မမြင်ဖြစ်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်နေပါတယ်။ ဆီးချိုရောဂါရှိသူဟာ ရောဂါမရှိသူထက် ၂၅ ဆ ပိုပြီး မျက်စိအမြင် ဆုံးရှုံးနိုင်ပါတယ်။ ဆီးချိုရောဂါဟာ ထိခိုက်ဒဏ်ရာရလို့ မဟုတ်ဘဲ ခြေထောက်ဖြတ်ရတဲ့ အဓိက အကြောင်းလည်း ဖြစ်နေပါတယ်။ ဆီးချိုရောဂါရှိသူက ရောဂါမရှိသူ ထက် ၁၅ ဆမှ အဆ ၄၀ ခြေထောက်ဖြတ်ခံရနိုင် ဖွယ်ရာ ရှိနေပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ နှလုံးသွေးကြော ရောဂါတွေကြောင့် သေဆုံးကြရသူတွေရဲ့ အဓိက အကြောင်းရင်းဟာ ဆီးချိုရောဂါပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ အဲဒီနိုင်ငံတွေမှာ သေဆုံးရတဲ့ အကြောင်းရင်းတွေအနက် စတုတ္ထအဆင့်မှာ ရှိနေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကို ကောင်းစွာ ထိန်းချုပ်ဖို့ အရေးကြီးပါတယ်။

မေး။ ။ ဆီးချိုသွေးချိုရောဂါရှိခဲ့ရင် နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်စေဖို့ ဘယ်လို အချက်တွေကိုလိုက် နာသင့်ပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုသွေးချိုရောဂါကို စောစောစီးစီး ရှာဖွေ ဖော်ထုတ်ဖို့ လိုပါတယ်။ ဆီးချိုသွေးချိုရောဂါ ရှိခဲ့ရင် အဆင့်အတန်းမီပြီး ထိရောက်တဲ့ ကုထုံးတွေနဲ့ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆင့်ပွားရောဂါတွေကို စောစောစီးစီး ရှာဖွေဖော်ထုတ်ဖို့လည်း အထူးလိုအပ်ပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါရှင်တွေ ရဲ့ ၅၀ ရာခိုင်နှုန်းမှာ ရောဂါရှိတယ်လို့ သိစကတည်းကနောက် ဆက်တွဲဆင့်ပွားရောဂါတွေ ရှိနေပြီး ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲ ဆင့်ပွားရောဂါတွေကို စောစောစီးစီး ရှာဖွေကုသမှု ခံယူပေးမှသာ လူစဉ်မမီ ဖြစ်ရတာနဲ့ အချိန်မတိုင်ခင် သေဆုံးရတာတို့ မဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နောက် ဆက်တွဲ ဆင့်ပွားရောဂါတွေကို ဆီးချိုသွေးချိုအထူး ကု ဆရာဝန်တွေနဲ့ပဲ ဖြစ်ဖြစ်၊ တတ်ကျွမ်းနားလည်သူ ဆရာဝန်တွေနဲ့ပဲ ဖြစ်ဖြစ် ပုံမှန်စမ်းသပ်စစ်ဆေးခံပြီး ကုသမှု ခံယူကြဖို့ အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top